ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ရေမြှုပ်အကျဉ်းသား

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၁၂၊ ၂၀၁၂


နံနက် (၆း ဝဝ) နာရီအချိန်တွင် ခရီးစတင်ထွက်ခွာခဲ့ကြသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး အစရှိသည့် ကိစ္စအဝဝ တို့အား လုပ်အားဒါန အတူတူ လက်တွဲဖြတ်သန်းသော်လည်း ဘဝခရီးလျှောက်လှမ်းကြပုံ မတူညီကြ။ ထို့အတူ လောကတွင် နေထိုင်မှုပုံစံ၊ ပိုင်ဆိုင်မှုအနေအထား၊ နေရာအဆင့်အတန်း၊ ခံယူချက်များသည်လည်း ကွဲပြားကြပေသည်။ ထိုကဲ့သို့ကွဲပြားသော ဘဝခရီးများ ကိုယ်စီ လျှောက်လှမ်းကြပေမယ့် တကယ့်တကယ် အရေးကြုံလာသည့်အခါ ဦးတည်ချက်များ တစ်စုတစ်စည်း၊ တညီတညွှတ်တည်း ဖြစ်လာကြတော့ သည်။


တူညီသော ရည်ရွယ်ချက်တစ်တည်းဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အလုပ်အမှုဆောင်များ၊ အသင်းသားများတို့သည် ၁ဝ.၉.၂ဝ၁၂ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်မှ တစ်ဆက်တည်း မနေမနား (အဝတ်အထည်၊ လက်ဖက်၊ ဖိနပ် အစရှိသည့် ပစ္စည်းများအား (၁၄-ပေ) မော်တော်ယာဉ်ကြီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မော် တော်ယာဉ် (၂) စီးဖြင့် ခရီးနှင်လာခဲ့သည်။ ပန်းတနော်မြို့သို့ နံနက် (၈းဝဝ) နာရီတွင် စတင်ရောက်ရှိခဲ့သည်။ ဦးအောင်မြင့်(ဘိုကလေး)၊ ဦးသိန်းဝင်း၊ ဦးကျော်သိန်းတို့နှင့်ဆက်သွယ်၍ ပန်းတနော်မြို့နယ်ရှိ နေနတ်သားဆန်စက်နှင့် ချိတ်ဆက်ကာ ဆန်အိတ်များ ဝယ်ယူထားရှိခဲ့ သည်။ ဒေသခံလူမှုရေးသမားများ၊ ရပ်မိ/ဖများနှင့် တွေ့ဆုံကာ တစ်နေ့တာချင်းသည် တိုတောင်းလွန်းလှသည့်အတွက် ရေဘေးသင့်ကျေးရွာ အုပ်စုပေါင်း (၈ဝ) ခန့်၊ အိမ်ထောင်စု (၅ဝဝဝ) ခန့်တို့အား နေ့ချင်းပြီးကူညီမှုများပြုလုပ်နိုင်ရန် အဖွဲ့ (၄) ဖွဲ့ ခွဲခြမ်း၍ တာဝန်ကိုယ်စီဖြင့် ခရီး ဆက်ခဲ့ကြသည်။

အဖွဲ့ (၁) အား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် ပန်းတနော်မြို့ရှိ ကညင်ကုန်း၊ နတ်ဆည်၊ ရွှေလှေ၊ မင်းတစုကျေးရွာများရှိ အိမ်ထောင်စု (၁၃ဝဝ) အတွက် ဆန် (၂ဝ၆) အိတ်၊ လက်ဖက် (၅၂ဝဝ) ထုတ်၊ အဝတ်အထည် (၁) ထုတ်တို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဖွဲ့ (၂) အား ဦးဇော်စိုင်း၊ ဦးကျော်ကျော်မြင့်၊ ဦးအာကာ တို့သည် ပန်းတနော်မြို့ရှိ အင်းမကျေးရွာ၊ ပသွယ်၊ ထနော်ဆင်ကျောင်း၊ ကြုံတုန်း လေး၊ ကညင်ငူ၊ မက်၊ တော်တရ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၂ဝ၆၃) စုအတွက် ဆန်အိတ် (၃၁၉) အိတ်၊ လက်ဖက် (၄၄၅ဝ) ထုတ်၊ အဝတ် အထည် (၂) ထုတ်၊ ဖိနပ် (၁၂ဝ) ရန်တို့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဖွဲ့ (၃) အား ဦးထွန်းထွန်းဝင်း၊ ဦးအကိုတို့သည် ပန်းတနော်မြို့ရှိ ဒေါဝါးနှင့် အိုင်ကနူးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၇၈၃) စုအတွက် ဆန် အိတ် (၁၄ဝ)အိတ်၊ လက်ဖက် (၃၅ဝဝ) ထုတ်၊ အဝတ်အထည် (၃) ထုတ်တို့အားကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဖွဲ့ (၄) အား ဦးဝေယျာအောင်မြင့်၊ ဦးအောင်သူရတို့သည် ဥတို၊ အကယ်ချောင်း၊ ပျဉ်းမချောင်း၊ ဇွတ်ချီ၊ ပိတွန်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၄၇၇) စုအတွက် ဆန်အိတ် (၆၆) အိတ်၊ လက်ဖက် (၁၁၈၄) ထုတ်တို့အား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြသည်။

စက်လှေ ကမ်းသို့ကပ်ပြီဆိုတာနဲ့ တဲအိမ်ကလေးများထဲက ခေါင်းတစ်ချို့ ပြူလာကြသည်။ စက်လှေပေါ်မှ ကျွန်တော်တို့အဖွဲ့သားများဆင်းပြီး ဒေသခံရွာသူ/သားများထံသို့ ထဲထဲရောက်ရောက် နွေးထွေးစွာဖြင့် စားစရာများ၊ အသုံးအဆောင်များ၊ ပေးကမ်းနေသည့်အချိန်များတွင် သူတို့၏ မျက်လုံးများ သည် အရောင်များ လက်လာကြသည်။ ကြည်နူးလာကြသည်။ ပျော်ရွှင်လာကြသည်။ မကြာတော့သည့် အချိန်များတွင် သူတို့ လက်ရှိနေထိုင်နေရသည့် ရေမြှုပ်အကျဉ်းသား ဘဝများမှ လွတ်မြောက်နိုင်မည့်နေ့ရက်အား မျှော်လင့်နေကြတော့သည်။ ရေဘေး သင့်ပြည်သူများ၏ မျှော်လင့်မှုလက်ကလေးများထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးနေရသည့် ကျွန်တော်တို့သည် လက်များတုန်ယင်နေ သည်အထိ ရင်ထဲတွင် ဝမ်းသာပီတိ ရိုက်ခတ်ပြည့်လျှံလာခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ပေးလှူလိုက်ကြသော အလှူ ရှင် များအား ၄င်းမြင်ကွင်းမျိုးကို တွေ့စေချင်မိသည်။ မိမိတို့အတွက် ဘာမှမဟုတ်သည့် ပစ္စည်းလေးများသည် ရေဘေးသင့်ပြည်သူများအတွက် အတိုင်းမသိ ဖြည့်ဆည်းပေးလျှက်ရှိနေခဲ့ပါပြီ။

စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြသည့်ကြားမှ ဆွမ်းခံနေရသည့် ရဟန်းသံဃာများ၊ အနာဂတ်နိုင်ငံတော်အား ဦး ဆောင်ထမ်းရွက်ကြမည့် ကျောင်းသား/သူများ၊ ကလေးများတို့၏ ဒုက္ခသည် မသေးလှ။ သူတို့အတွက် လိုအပ်နေသည်မှာ အလှူရှင်များ၏ တိုက်ရိုက်ပေးကမ်းမှုအပြင် အလှူရှင်များဖက်မှ သူတို့အား ဂရုစိုက်ပါတယ်ဆိုသည့် နွေးထွေးမှု အားပေးစကားများပင်။ ရိုးသားကြသည့် ကျေးရွာနေပြည်သူများသည် ငြင်းဆန်မှုမရှိသည့် အမူအယာ၊ ကျေနပ်ကြည်နူးသည့် မျက်ဝန်းများ၊ ယုံကြည်အားကိုးမှု မျက်နှာလေးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပန်းတနော်မြို့ ရေဘေးသင့်ပြည်သူများအတွက် စည်တော်ကြီးလက်ဖက် ဆိုင်မှ ငွေကျပ် (၁ဝ) သိန်း တန်ဖိုးရှိ လက်ဖက်ထုပ်များ၊ ပြည်တွင်း/ပ အလှူရှင်များနှင့် ခရီးစဉ်အတွက် ကူညီပေးခဲ့ကြသော ဦးအောင်မြင့် (ဘိုကလေး)နှင့်အဖွဲ့၊ ကိုနေမျိုးဇင်နှင့်အဖွဲ့၊ ဒေသခံလူမှုရေးသမားများ၊ ရပ်မိ/ဖများနှင့် အထုပ်ကြီး/ငယ်များအား မော်တော်ယာဉ်၊ ထော်လာ ဂျီနှင့် စက်လှေများပေါ်သို့ သယ်ယူပေးခဲ့ကြသူများ၏ ရင်းနှီးပေးဆပ်ရသော လုပ်အားဒါနအတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း မှတ် တမ်းတင်အပ်ပါတော့သည်။

အချိန်တန်တော့လည်း အပြန်ခရီးအတွက် ပြင်ဆင်ကြရပြီ။

ကူညီမှုခရီးစဉ် ပြီးဆုံးလို့ အပြန်ခရီးလမ်းတစ်လျှောက် ဒေသခံရပ်မိ/ဖများတို့သည် “ဦးကျော်သူနှင့် အဖွဲ့ ကျန်းမာပါစေ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အကို၊ အမတွေ ကျန်းမာပါစေ၊ အလှူရှင်တွေ ကျန်းမာပါစေ၊ လူမှုရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ပါစေ” အစရှိသည့် ရေမြှုပ်အကျဉ်းသားတို့မှ မေတ္တာပို့ ဆုတောင်းသံများ ကြားယောင်ရင်း အပြန်လမ်းတစ်လျှောက် ဆိတ်ငြိမ်တိတ်ဆိတ်လို့ နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ ည (၇းဝဝ) နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့တော့သည်။

ဒီကမ္ဘာမြေပြင်ပေါ်တွင် နေရာတစ်နေရာတော့ ရှိရမည်။ သူတို့ ရှင်သန်နေထိုင်နိုင်ပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts