ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

အနိစ္စဆရာတော်ကြီးပြခဲ့သော အနိစ္စတရား
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၁၁၊ ၂၀၁၃

ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စ ဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါသည် ၁.၁၂.၂ဝ၁၃ ရက်နေ့ ည (၁၁း၎ဝ) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူခဲ့သည်။ ကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာဒ်တော်အား ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အမှတ် (၇၁-စီ)၊ အင်းယားမြိုင်လမ်း၊ ငွေဝတ်မှုံရပ်ကွက်၊ ရွှေတောင်ကြားရိပ်သာ (၁) လမ်း၊ ဗဟန်းမြို့နယ်ရှိ “ရွှေဂန္ထဝင်စံကျောင်းတော်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ၂.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် လေအေးပေးစနစ်ဖြင့် ကြာရှည်ထားနိုင်သော (CooL Box) ဖြင့် ဆရာတော်ဘုရားကြီးအား ပူဇော်ခံ ထားရှိခဲ့ပါသည်။

 

အန္တိမအဂ္ဂိဈာပန အခမ်းအနားပြုလုပ်မည့် ၉.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ အားရည်စူး၍ ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၉၂) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်နှင့် အသင်းသူ/သားများတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။
ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအား ၉.၁၂.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်၌ ပြုလုပ်ကျင်းပမည်ဖြစ်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်နိဗ္ဗာန်ယာဉ် မောင်းနှင်ခဲ့ပြီး “ရွှေဂန္ထဝင်စံကျောင်းတော်”မှ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများတို့မှ ဆရာတော်ကြီး၏ ရုပ်ကလာဒ်တော်အား မှန်ခေါင်းအတွင်းသို့ စနစ်တကျ ပြောင်းရွှေ့၍ သံဃာတော်များ၊ တပည့်ဒါယကာများတို့မှ လက်ဆင့်ကမ်းပင့်ဆောင်၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသားများထံသို့ ပေးအပ်ခဲ့ပြီး နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် ခဲ့သည်။ ညနေ (၄းဝဝ) နာရီတွင် ရေဝေးသုဿန် မီးသင်္ဂြိုဟ်စက် အရှေ့မော်တော်ယာဉ်ရပ်နားသည့် နေရာတွင် ပြုလုပ်ထားသောလောင်တိုက်ဖြင့် အန္တိမအဂ္ဂိဈာပနအား အစီအစဉ်တကျ ကျင်းပခဲ့ပြီး ၁ဝ.၁၂. ၂ဝ၁၃ ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင် ဆရာတော်ကြီး၏ အရိုးပြာများတို့အား မော်တော်ယာဉ်ဖြင့် “ရွှေဂန္ထဝင်စံကျောင်းတော်” သို့ အပူဇော်ခံထားရှိရန် ပြန်လည်ပင့်ဆောင်ခဲ့သည်။
ဆရာတော်ကြီးသည် ဓမ္မာနုပဿနာတရားတော်များကို တရားချစ်ခင်ကြသော တပည့်ဒါကာ၊ ဒါယိ ကာမများအား နေ့စဉ် ဟောကြားတော်မူခဲ့သည့် မြန်မာနိုင်ငံ ရပ်ဝေးရပ်နီးနှင့် နိုင်ငံခြားတိုင်းပြည်များမှ လာ ရောက်ဖူးမြော်ကြသူများကို ကန့်သတ်ချိန်မရှိ အပူဇော်ခံ တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မြတ်စွာဘုရားရှင်၏ တရားဒေသနာများကို ပေးဝေငှလျက် သီတင်းသုံး တော်မူခဲ့သည်။ ပျံလွန်တော်မှုမည့်နေ့ နံနက်အချိန်ထိ ဆရာတော်ကြီးသည် တရားဒေသနာများအား ဟောကြားသွားခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။

ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မှုခဲ့သော ဓမ္မာနုပဿနာ တရားတော်စာအုပ်တွင် တရားအမှတ်စဉ် (၄၇) တွင် “ခြင်းရာ ၁၂ – ပါး ဆိုဆိုပွားတရားတော်” ၏ နိဂုံးချုပ်တရားစာပိုဒ်တွင် – “နာ ဟံ – ငါမရှိတော့ဘူး။ ငါ မရှိဘူးဆိုပြီး အိပ်ချလိုက်တယ်။ ပျော်သွားတာပဲ။ ငါမရှိဘူးဆိုရင် အဲလိုဖြစ်သွား တယ်။ နိဗ္ဗာန်ရောက်သွားတယ်။ အဟံ – ငါရှိတယ်ဆိုရင် လုပ်စရာတွေ ကိုင်စရာတွေအများကြီးပဲ။ အဟံ – ငါသေသွားတယ်ဆိုတော့ ငါသေတယ်လို့ဆိုတော့၊ နာဟံ – ငါမရှိဘူးဆိုတော့ ငါသေတာလည်း မရှိ တော့ဘူး။ အဲဒါ အပ္ပမာဒတရားနဲ့ နိဗ္ဗာန်ရောက်သွားတယ်လို့ဆိုတယ်။” ဟု ဟောကြားသွားသည်နှင့် အညီ ဆရာတော်ကြီးသည်လည်း အပမာဓတရားတော်နှင့်အညီ မြတ်နိဗ္ဗာန်သို့ ကူးပြောင်းရောက်ရှိ သွားလိမ့် မည်ဟု ယုံကြည်လျှက် မိမိတို့ပြုခဲ့သော အနိစ္စဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက် ကောင်းမှုကုသိုလ် အစုစုတို့အား အမျှပေးဝေ သာဓုခေါ်ဆိုနိုင်တော့မည် ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts