ဆောင်းယွန်းလ

ဆောင်းယွန်းလ – မပြီးတာတွေလည်း မပြီးသေးဘူး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မပြီးတာတွေလည်း မပြီးသေးဘူး
ဆောင်းယွန်းလ
ဒီဇင်ဘာ ၁၁၊ ၂၀၁၃


ပြီးတာတွေလည်း ပြီးပါစေတော့လို့
သားပြော မယားပြောမပြောပါနဲ့
ပြီးပါပြီဆိုတာတောင်မှ မပြီးတာတွေ မပြီးခဲ့သေးဘူး
မပြီးတာတွေက ပိုပြီးတော့တောင် မပြီးနိုင်သေးဘူး….
နေ့တဓူဝဖြီးလိမ်းသုတ်သင်ထားရတဲ့ သက်ရှိခန္ဒာပေါ်မှာ
ဘာကို ဘယ်လို ဒီဇိုင်းအဆန်းထွင်ပြီး ဆင်ယင်ထားခဲ့ကြပါသလဲ
တီရှပ်ရင်ဘတ်က စတစ်ကာပေါ်မှာလည်း
စာလုံးခပ်ကြီးကြီးနဲ့ အရောင်အသွေးစုံတယ်
ရှပ်အင်္ကျီနောက်ကျောကို ခပ်နှိပ်ထားတဲ့ အမှတ်တံဆိပ်မှာလည်း
စာလုံးဒီဇိုင်းခပ်ဆန်းဆန်းတွေနဲ့ အရောင်အသွေးစုံတယ်
နေပူလို့ဆောင်းထားတဲ့ ဦးထုပ်အဟောင်းလေးပေါ်မှာလည်း
ငါးလုံးသောအက္ခရာနဲ့ မချိပြုံးပြုံးနေတာကို တွေ့ရတတ်တယ်…..
မိုးရွာလို့ဆောင်းထားတဲ့ ထီးတချောင်းရဲ့ မိုးကာသားတွေပေါ်မှာ
ဆောင်းတွင်းဝတ် အနွေးထည်တွေရဲ့ ရင်ဘတ်နဲ့ နောက်ကျောပေါ်မှာ
အပျော်စီးပြိုင်ကားတွေရဲ့ နောက်ကျောမှန်ချပ်တွေပေါ်မှာ
အပမ်းဖြေစီး စပိဒ်ဘုတ်တွေရဲ့ ဘေးဗိုက်သား နံရံတွေပေါ်မှာ
လက်ဖျံရိုးကောင်းကောင်း လက်မောင်းသားတွေရဲ့
အဖြူ အ၀ါ အနီ အမဲ ထူထူပါးပါး အရေပြားတွေပေါ်မှာ
ဧည့်ခန်းနံရံတွေပေါ်က ပန်းချီကားချပ်တွေထဲမှာ
စားပွဲပေါ်က အလှထိုးပန်းအိုးလေးရဲ့ မျက်နှာပြင်ထက်မှာ
ဘောင်းဘီခါးပတ်ကွင်းလှလှလေးတွေရဲ့အပေါ်မှာ
အရောင်အသွေးအစုံအလင် ဒီဇိုင်းအစုံအလင်နဲ့….
လူတကာပါးစပ်ဖျား ရေပမ်းစားတတ်တဲ့ သီချင်းစာသားတွေထဲမှာ
ကျောင်းသုံးစာအုပ်တွေထဲက သင်ခန်းစာတချို့တွေထဲမှာ
ကမ္ဘာ့နိုင်ငံအတော်များများရဲ့ နိုင်ငံတော်အလံတွေပေါ်မှာ
အသံမစဲ ကမဌာန်းပွဲတွေမှာ
လက်ဖက်ရည်ဆိုင်ထဲက စကားဝိုင်းတွေထဲမှာ
ကဗျာဆရာတွေတဖွဲ့တနွဲ့တင်စားထားတတ်တဲ့ ကဗျာတွေထဲမှာ
အချိန်နာရီမရွေးတဲ့ နေရာအနှံ့အပြားမှာ ရာနှုန်းပြည့်မိုးလိုရွာတယ်….
ငါတို့နေထိုင်ရာ ကမ္ဘာမှာ
ကွက်ကျားမိုးတောင် ရွာရန်ရာနှုန်းအစိတ်မပြည့်နိုင်ဘူး
ပြီးတာတွေ ပြီးပါစေတော့လို့ ဘယ်သူတွေ ဘယ်လိုပဲ
သားပြောမယားပြော ပြောချင်သလို ပြောချင်သလောက်ပြောပြော

မပြီးသေးတာတွေက မပြီးကို မပြီးနိုင်ခဲ့သေးဘူး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts