ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဖြတ်ခနဲဖြစ် ဆတ်ခနဲ ကယ်မည့်အဖွဲ့
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၁၅၊ ၂၀၁၃

 

အရေးပေါ်ကယ်ဆယ်ရေး (Emergency Rescue) ဟုဆိုရာ၌ လူတစ်ဦးတစ်ယောက် ဒုက္ခရောက် နေသည့်အချိန်၊ ဒဏ်ရာရရှိသည့်အချိန်တို့တွင် အချိန်နှင့် တပြေးညီ လျှင်မြန်ဖျတ်လတ်စွာဖြင့် အသက် အန္တရာယ်မှ ကယ်တင်နိုင်ရန်၎င်း၊ ဒဏ်ရာရရှိသည့် လူနာများတို့အား အရေးပေါ် အသက်ကယ်တင်နိုင်ရန် သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လျှင်မြန်စွာ ပို့ဆောင်ပေးသည့် လုပ်ငန်းရပ်ဖြစ်သည်ဟု ကျွန်တော်လက်ခံ ယုံကြည်ထားသည်။ ပြည်ပနိုင်ငံများ၏ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ်များတို့အား ဘေးဒုက္ခ၊ ဘေးအန္တရာယ်မှ ကယ်တင်ကူညီသည့် အဖွဲ့အစည်းများစွာရှိသည်။ သို့သော် များသောအားဖြင့် အခကြေးငွေပေးဆောင်ရသော အဖွဲ့အစည်းများဖြစ်ကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူသားချင်းစာနာသော စိတ်ထားဖြင့် ဖွဲ့စည်းတည်ထောင်ထားကြသော ဗြဟ္မစိုရ်တရား (၄) ပါးအား လက်ကိုင်ပြုကျင့်သုံးနေကြသော ပရဟိတအဖွဲ့များ များစွာပေါ်ထွန်းလာသည့်အတွက် မြန်မာ ပြည်သူလူထုတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လည်း နာရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် ဒုက္ခ၊ အပူမီးများအား အခမဲ့ ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသလို အရေးပေါ်ကယ်ဆယ်ရေး၌ ပါဝင်ကြသော လူငယ်များအား ရန်ကုန် တိုင်းကြက်ခြေနီအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်နှင့် ပြည်ပနိုင်ငံမှ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် အရေးပေါ်အသက်နည်းလုပ်ငန်းများ၊ လူနာများအား စနစ်တကျပြုစုနည်း၊ ကိုင်တွယ်နည်း၊ လူနာတင်ယာဉ် ပေါ်တွင် အောက်ဆီဂျင်အိုးများ အသုံးပြုနည်း စသည့် ရှေးဦးသူနာပြုစုနည်း လုပ်ငန်းများအား သင်ကြား ပို့ချပေးခြင်းဖြင့် အဆင့်မြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းရပ်သို့ စတင်ခြေလှမ်းနေပြီဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် အချိန်နှင့်တပြေးညီ ကယ်တင်မှုများ ပြုလုပ် နိုင်ရန်အတွက် တယ်လီဖုန်းအမှတ် ဝ၉ – ၃၁ ၃၃၃ ၂၇၃ နှင့် ဝ၁ – ၅၈ဝ ၁၃၃ သို့ဆက်သွယ်၍ (အခမဲ့) အကူအညီ တောင်းခံနိုင်ရန်အတွက် စီစဉ်မှုပြုလုပ်ထားပြီး အရေးပေါ်လူနာတင်ယာဉ်များတွင် လိုက်ပါကြ မည့် ပရဟိတမောင်/မယ်များအားလည်း အချိန်နှင့်အမျှ ကူညီမှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာရဲဌာန၊ ယာဉ်ထိန်းဌာန၊ ကြက်ခြေနီဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံးများအား ဆက်သွယ် ချိတ်ဆတ် မှုများ ပြုလုပ်စီစဉ်ထားရှိသည်။

၇.၁၂.၂ဝ၁၃ ရက်နေ့တွင် ကျွန်တော်သည် မန္တလေးမြို့သို့ ပရဟိတလုပ်ငန်းကိစ္စရပ်ဖြင့် သွား ရောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိစဉ် ကျွန်တော်၏ တယ်လီဖုန်းထံ အရေးပေါ်အကူအညီတောင်းမှု တစ်ခုကြားသိခဲ့ရသည်။ မိကျောင်းကန်ရပ်ကွက်နေ ပြည်သူလူထုတို့နှင့် တပ်မြို့စည်ပင် (အနက်ရောင်ဝတ်စုံဝတ်သူ) တို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိခဲ့သော ပြည်သူလူထု (၁၂) ယောက်၊ စိုးရိမ်ရသူ (၆) ဦးတို့အား အရေးပေါ်စံပြဆေးရုံသို့ ပို့ဆောင်ကုသပေးမှုတို့အား ကူညီဖေးမ ပေးခဲ့သည်။ ထို့နောက် ၉.၁၂.၂ဝ၁၃ ရက်နေ့ ညတွင်လည်း ယင်းမိကျောင်းကန်ရပ်ကွက်အား စစ်တပ်မြေ ဖြစ်သည့်အတွက် ညနေ (၆) နာရီနောက်ဆုံးထား ရုပ်သိမ်းပေးရန် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ အပြီးအပိုင်ဖယ်ရှားမှု မပြုလုပ်ခဲ့သောကြောင့် မလိုလားအပ်သော ပဋိပက္ခများထပ်မံ၍ ဖြစ်ပေါ်လာပါက ကျွန်တော်တို့ ပရဟိတသမားများအနေဖြင့် အရေးပေါ်လူနာတင် ယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တို့အား မိကျောင်းကန်ရပ်ကွက် အနီးပတ်ဝန်းကျင်သို့ စေလွှတ်ပြီး အသင့် အနေအထား စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ည (၁၂းဝဝ) နာရီအချိန်ထိ  မည်သည့်ပြဿနာ တစ်စုံ တစ်ရာမှ မပေါ်ပေါက်ခဲ့သော်လည်း ၁ဝ.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၁းဝဝ) နာရီအချိန်တွင် ဆက်သွယ်ရေး စကားပြောစက်မှ သင်္ဃန်းကျွန်းမြို့နယ်ရှိ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Whole Sale တတိယထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကြားသိခဲ့ရသည့်အတွက် လျှင်မြန်စွာ သွားရောက်ခဲ့သည်။ မိနစ်ပိုင်းအတွင်း ကယ်တင်မှုပြုလုပ်နိုင်ရန်အတွက် ရောက်ရှိသွားသော် လည်း မီးလောင်ကျွမ်းမှုသည် အဆောက်အဦးပြင်ပတွင် လောင်ကျွမ်းခြင်းမဟုတ်ဘဲ အဆောက်အဦး အတွင်းပိုင်းတွင် လောင်ကျွမ်း၍ သေဆုံးနေသော ကျား/မခွဲခြား၍မရနိုင်သော ရုပ်အလောင်း (၇) လောင်း ကို ကြေကွဲစွာဖြင့်သာ တွေ့ရှိရတော့သည်။ ထို့ကြောင့် မီးသတ်ရဲဘော်များ၊ ကြက်ခြေနီရဲဘော်များနှင့် အတူပူးပေါင်း၍ သေဆုံးသွားသောအလောင်းများအား ကျွန်တော်တို့တွင်ပါရှိသော လူနာတင်ယာဉ်ဖြင့်သာ သယ်ဆောင်၍ မ/ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။


၉.၁၂.၂၀၁၃ ရက်နေ့တွင်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ရန်ကုန် သေနတ်ပစ်ကွင်းအတွက် လူနာတင်ယာဉ် အကူအညီတောင်းခံမှုကြောင့် ကျွန်တော်တို့ ပရဟိတသမား များအနေဖြင့် အချိန်၊ ငွေ၊ လုပ်အားများဖြင့် လူသားချင်းစာနာမှု စိတ်ဓါတ်ဖြင့် ကူညီမှုများပေးနိုင်ရန် တာဝန်ကျသည့် မြောက်ဒဂုံမြို့နယ်၊ သေနတ်ပစ်ကွင်းသို့ (၉.၁၂.၂ဝ၁၃ မှ ၁၇.၁၂.၂ဝ၁၃ ရက်နေ့အထိ) နံနက် (၉းဝဝ မှ ၁းဝဝ) နာရီအထိ တာဝန်ထမ်းဆောင်ပေးလျှက်ရှိကြောင်း အများပြည်သူတို့အား အသိ ပေးလိုက်အပ်ပါသည်။

ပြည်သူလူထုတို့အတွက် အချိန်နှင့်တပြေးညီ ကူညီဖေးမမည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး လူငယ်ပရဟိတသမားများအား ဤသတင်းဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ရသလို ပြည်သူလူထုတို့အပြင် သက်ဆိုင်ရာအစိုးရဌာနများအနေနှင့်လည်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက လျှင်မြန်ထိရောက်စွာ လူ့အသက်များအား ကယ်ဆင်နိုင်ရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တယ်လီဖုန်းသို့ ဆက်သွယ်အကြောင်းကြား ပေးကြပါရန် နှိုးဆော်လိုက် ရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts