News Features

အသောကမင်းကြီး Ashoka (304-232 BCE) နှင့် မြန်မာနိုင်ငံ (၂၀၁၃) (Zaw Aung (Monywa))


 

အသောကမင်းကြီး Ashoka (304-232 BCE) နှင့် မြန်မာနိုင်ငံ (၂၀၁၃)
ဇော်အောင် (မုံရွာ) ဒီဇင်ဘာ ၁၅၊ ၂၀၁၃
 
လွန်ခဲ့တဲ့ ၅ နှစ်က စင်ကာပူမှာ

စက်တင်ဘာ၂၀၀၇ သံဃာအရေးခင်းနှင့် မြန်မာပြည်စစ်အစိုးရ အကျပ်အတည်းဖြစ်ချိန် စင်ကာပူက တက်ကြွလှုပ်ရှားသူများ မြန်မာဘုန်တော်ကြီးကျောင်း အားလုံးကို ဖိတ်ကြားပြီး အခမ်းနားတစ်ခုလုပ်ပါသည်။

စင်ကာပူ Excelsior Hotel ခမ်းမကြီးမှာ လူ ၇၀၀ ခန့် သံဃာ ၈ပါး (အတိကျ မမှတ်မိ) နှင့် သီလရှင်တစ်ပါး တက်ရောက်တရားဟောကြပါသည်။ မြန်မာပြည်က နိုင်ငံခြားရောက်လာခါစ သံဃာတစ်ပါးအလှည့် ရောက်လာပါသည်။ …ဘုန်းကြီးကပြန်ရမှာနော်… ဆိုသည့်စကား၊ မကြာခဏပြောရင်း အလွန်ရက်စက်၊ ကြမ်းကြုတ်လှသည့် အသောကမင်းကြီး  အကျွတ်တရားရအောင် သံဃာတစ်ပါးက ဟောပြောနိုင်ခဲ့သည်လို့ ဆိုပါသည်။ ထိုကြောင်းကို ကျနော်သေချာသိဖို့ လေ့လာရပါဦးမည်)။ ရက်စက်၊ ကြမ်းကြုတ်သည့် မင်းအဖြစ်ကနေ ဗုဒ္ဓဘာသာ၊ သာသနာပြုသည့်မင်းကြီးတစ်ပါးအဖြစ် သမိုင်းဝင်ဖြစ်သွားရကြောင်း။ ဘုန်းကြီးလဲ မြန်မာပြည်ပြန်ရင် အာသောကမင်းကြီးကို အကျွတ်တရားရစေသည့် သံဃာတော်လိုပဲ နိုင်ငံခေါင်းဆောင်များကို တရားဟောခွင့်ရလိုကြောင်း၊ …ဘုန်းကြီးက ဗမာပြည်ပြန်ရမှာနော်…ဟု ရယ်မောစရာ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုလိုကြောင်းကို ပြောသွားခဲ့ပါသည်။ ထိုအချိန်က ဗမာပြည်ပြန်မဲ့လူများ စင်ပေါ်တက်ပြီး မပြောရဲပါဘူး။ စစ်အာဏာရှင်လို့တောင် မပြောရဲ၊ မရေးရဲခဲ့ကြပါဘူး၊ မြန်မာပြည်ပြန်ရောက်ရင် ဒုက္ခရောက်သွားနိုင်ပါသည်။

လွန်ခဲ့သည့် ၅နှစ်ကြာက အဖြစ်ပျက်တစ်ခုပါ။  အခုဆို မြန်မာပြည် ပြုပြင်ပြောင်းလဲမှုများဟာ ၂နှစ်ကျော်လာပြီဖြစ်ပါသည်။

ဟိုးတုန်းက အာဏာရှင်ကြီးတဦး

အသောကမင်းကြီးဟာ အိန္နိယအင်ပါယာ Maurya Dynasty ကိုစတင်တည်ထောင်ခဲ့သူ ဖြစ်ပြီး အိန္နိယတိုက်ကြီးတစ်ခုလုံးနီးပါး အုပ်ချုပ်မင်းလုပ်ခဲ့ပါသည်။ ငယ်စဉ်က ဘုရင့်မိဘုရားငယ်တစ်ဦး၏ သားတော်ဖြစ်ပြီး၊ တိုက်ခိုက်၊သတ်ဖြတ်ရာမှာ အလွန်ထူးချွန်တဲ့၊ မင်းသားငယ်တစ်ဦးဖြစ်ပါသည်။ ငယ်စဉ်က ခြင်္သေ့ကိုတောင် ဝါးရင်းတုတ်နှင့် အသေသတ်နိုင်ခဲ့သူလို့ ပြောဆိုကြပါသည်။ မင်းသားအငယ်ဖြစ်လို့ နန်းတော်က အလွန်ဝေးတဲ့ပြည်နယ်မှာ ပုန်ကုန်မှုများကို သွားရောက်နှိမ်နင်းနေခဲ့ရပါသည်။ သူ့ဖခင် မင်းကြီး Bindusara သေဆုံးချိန် ဘုရင်အသစ်ကို မကြိုက်တဲ့ မူမတ်များက အသောကမင်းသားကို ထောက်ခံပြီး၊ နန်းတော်ကိုပြန်ခေါ်ပါသည်။ စစ်ပွဲများစွာ ရက်စက်စွာ၊ တိုက်ခိုက်ပြီး အာဏာသိမ်းခဲ့ပါသည်။ မင်းကြီးဖြစ်ပြီး ညီအစ်ကို ၉၉ဦးကို သုတ်သင်ပစ်လိုက်ပါသည်။ တစ်ယောက်ပဲ လွတ်ခဲ့သည်လို့ ဆိုပါသည်။ ဘုရင်အိန္နိယ ရာဇဝင်မှာ အကြီးကျယ်ဆုံး မင်းကြီးစာရင်းဝင် ဖြစ်ပါသည်။ 

မင်းကြီးဖြစ်ကာစမှ ကြမ်းတမ်း၊စရိုက်ဆိုးတဲ့ အသောကမင်းကြီးဟာ သူ့ကိုသစ္စာခံမှုစမ်းသပ်ပါသည်။ ထိုပွဲတွင် မူမတ်ပေါင်း ၅၀၀ကျော် သုတ်သင်ခံလိုက်ရပါသည်။ အင်ပါယာကြီး၏ မင်းကြီးဖြစ်လာချိန် ဆက်လက်ရက်စက်စွာ အင်ပါယာချဲ့ထွင်တိုက်ပွဲများစွာ ၈နှစ်ကြာတိုက်ခိုက်ပါသည်။ တိုက်ပွဲများစွာအောင်နိုင်ပြီး မဏိပူရ၊ အာသံ၊ ဘင်္ဂလားဒေ့ခ်ျ၊ သီဟိုကျွန်း၊ တမီးနာဒူး၊ အင်ဒရာပရာဒက်ခ်ျ၊ အာဖဂန်နစ္စတန်၊ အီရန်၊အီရတ် အထိအင်ပါယာ သြဇာကြီးခဲ့ပါသည်။

အသောကမင်းကြီး သက်တော် ၃၆နှစ် 260 BCE Kalinga ပြည်နယ် ပုန်ကုန်မှုကို တိုက်ခိုက် နှိမ်နင်းစဉ် လူပေါင်း တစ်သိန်းသေဆုံးပြီး တစ်သိန်းခွဲကို Kalinga ပြည်နယ်ကနေ မောင်းထုတ်ပစ်ခဲ့ပါသည်။ စစ်မြေပြင်မှာ သုတ်သင်ခံသွားသူ ရန်သူများ၏ အလောင်းပုံကြီးပေါ်မှာ လမ်းလျှောက်ပြီး အောင်ပွဲခံခဲ့ပါသည်။ အလွန်များပြားလှတဲ့ သေဆုံးသူများကို မြင်တွေ့ပြီး စိတ်ထိခိုက်ခဲ့ပါသည်။ စစ်အောင်နိုင်သူတောင် ဒါလောက်စိတ်ထိခိုက်ရတာ စစ်ရှုံးသူ၊သေဆုံးသူများ၏ ဆွေမျိုးများဟာ ဘယ်လောက် စိတ်ဆင်းရဲမလဲ လို့ တရားရခဲ့ပါသည်။ စစ်နိုင်ပြီး နောက်တစ်နေ့ မြို့တော်ကို လှည့်လည်ကြည့်ရှုတဲ့အခါ မီးလောင်အိမ်များ၊ လောင်ကျွမ်းနေတဲ့ လူသေကောင်များစွာကို ထပ်မံ မြင်တွေ့တဲ့အချိန်မှာ မိမိလုပ်တဲ့အပြစ်တွေလား၊ ရှုံးနိုမ့်မှုနဲ့အောင်နိုင်မှု၊ တရားမှုနှင့်မတရားမှု၊ မစဉ်းစားနိုင်အောင်ဖြစ်ပြီး စစ်မြေပြင်မှာပဲ စစ်နိုင်တဲ့၊ အသောကမင်းကြီး ငိုကြွေးမိခဲ့ပါသည်။

ဗုဒ္ဓတရားကို စတင်လေ့လာခဲ့ပါသည်။  (၃)နှစ်အကြာ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ပါသည်။ 

ဗုဒ္ဓဘာသာ သာသနာပြုခြင်း
 
မိမိကိုယ်တိုင် ငြိမ်းချမ်းတဲ့ဘဝကို ရရှိပြီးတဲ့နောက် သူအုပ်ချုပ်တဲ့ အိန္နိယအင်ပါယာကြီးမှာလည်း ဗုဒ္ဓဘာသာထွန်းကားဖို့ ကြိုးစားပါသည်။ အာဏာနဲ့မဟုတ်ပဲ မေတ္တာတရားကို အခြေခံပြီး ဂေါတမမြတ်စွာဘုရား၏ သံဃာတော်များ၊ တရားတော်များကို မြှင့်တင်ပါသည်။ လူများသာမက အသက်ရှိတဲ့ သစ်ပင်၊ တိရိစ္ဆာန်များကိုလည်း ဗြဟ္မစိုရ်တရားနှင့်အညီ ကြည့်ရှုပါသည်။  ဘုန်တော်ကြီးကျောင်းများ၊ သံဃာကျောင်းများ၊ ဘုရားပုထိုးများ၊ တည်ထောင်ပေးခဲ့ပါသည်။ အသောကခေတ်မှာပဲ ဗုဒ္ဓဘာသာကျမ်းဂန်များကို လေ့လာ၊ ကျမ်းပြုစေပြီး သံဃာများနှင့် လူအများကို နှစ်စဉ် သာသနာရေးဆိုင်ရာ ညီလာခံကြီးများပြုလုပ်ပေးပါသည်။ တတိယမြောက်သင်္ဂါယနာ ကိုလည်း တင်ပေးခဲ့ပါသည်။ သာသနာပြုများစွာ ဓမ္မတက္ကသိုလ်များမှ သင်ကြားတတ်မြောက်စေပြီး၊  ပြည်ပရပ်ခြားများကို စေလွှတ် သာသနာပြုခြင်းများစွာ အားပေးလုပ်ဆောင်ခဲ့သူဖြစ်သည်။ အထူးသဖြင့် တစ်ဦးတည်းသော သမီးတော်နှင့် သားတော်တစ်ပါးကို သီရိလင်္ကာကျွန်း (သီဟိုဋ်ကျွန်း) ကို ပို့ဆောင်ပြီး ဗုဒ္ဓဘာသာထွန်းကားစေခဲ့ပါသည်။ အခုအခါ သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကနိုင်ငံတစ်ခုအဖြစ် ရှိနေပါသည်။ အသောကမင်းကြီး စေလွှတ်တဲ့ သာသနာပြုများဟာ အိန္နိယအင်ပါယာကြီး တစ်ခုလုံးသာမက အရှေ့အနောက်၊ တောင်မြောက် နိုင်ငံအားလုံးကို သာသနာပြုခြင်းဖြင့် ဥရောပတိုက် အီဂျစ်၊ ဂရိ၊ တူရကီ၊ အီတလီ တိုင်အောင် သာသနာပြုခဲ့ပြီး၊ အရှေ့တောင်အာရှဘက်မှာလည်း မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အာရှအလယ်ပိုင်းမှာလည်း တိဘက်၊ တရုပ်တို့မှတဆင့် နောက်ပိုင်း ကိုးရီးယား၊ ဂျပန်၊ ရုရှားတို့အထိ သာသနာပြန့်ပွားခဲ့ပါသည်။

(စကားချပ်။   ။ ဂေါတမမြတ်စွာဘုရား ဗုဒ္ဓတရားတော်ကို ဟောကြားပြီးနောက် အ နှစ်၂၅၀လောက်မှာ အိန္နိယအင်ပါယာကြီး အသောကမင်းကြီးစုစည်းနိုင်ခဲ့ပါသည်။ အိန္နယအင်ပါယာကတဆင့် ဗုဒ္ဓဘာသာ တကမ္ဘာလုံးကို ပြန့်ပွားခဲ့ပါသည်။ အလားတူပဲ ယေရှု ခရစ်ယာန်တရား ဟောပြီး နှစ်၂၅၀ လောက်ကျမှ ရောမဘုရင်ကွန်စတင်တန်နိုဘယ် လက်ထက်မှာ ရောမအင်ပါယာကြီးကို စုစည်းနိုင်ခဲ့ပါသည်။ ဘုရင်ကိုယ်တိုင် ခရစ်ယာန်ဖြစ်လာပြီး ခရစ်ယာန်ဘာသာဟာ ရောမအင်ပါယာတစ်ခုလုံးကနေ တကမ္ဘာလုံးကို ပြန်ပွားခဲ့ပါသည်။ ဘုရင်ကြီးများ ကွယ်လွန်ပြီးနောက် ထိုအင်ပါယာ၂ခုစလုံး ပြိုကွဲသွားပါသည်။ သို့သော် ခရစ်ယာန်ကျမ်းစာမှာ ရောမဘုရင်များဟာ နှိပ်ကွပ်သူများဖြစ်ပါသည်။ ဒါဝိတ်မင်း Kind David ကိုပဲ အကြီးကျယ်ဆုံးဘုရင်အဖြစ် သတ်မှတ်ပါသည်။)
 

အသောကမင်းကြီး၏ ကျောက်စာပိုဒ် ၁ခု နှင့် မော်ကွန်းကျန်ရစ်သည်များ
 
“ဘာသာတရားဟူသမျှသည် တစ်မျိုးမဟုတ် တစ်မျိုးသော အကြောင်းများကြောင့် ကြည်ညိုလေးစား ထိုက်သည်ချည်းဖြစ်၏။သို့ရာတွင် ဘာသာဝင်တစ်ဦးတစ်ယောက်သည် မိမိ၏ဘာသာတရားကို အ ထွတ်အထိပ်သို့ရောက်အောင် ဆောင်ရွက်စဉ် အခြားဘာသာဝင်များ၏ ဘာသာတရားများကိုလည်း မြင့်မားအောင်ဆောင်ရွက်ခွင့်ပြုရ၏။” 
(အသောကမင်းကြီး၏ ကျောက်စာပိုဒ်၁ခုကို အိန္ဒိယဝန်ကြီးချုပ် နေရူးဘာသာပြန်သည်)
 
“အမှန်အားဖြင့် အားလုံးသော ဘာသာအယူဝါဒတို့သည် မကောင်းမှုကို မပြုမိစေရန် စောင့်စည်ခြင်း၊ စိတ်၏စင်ကြယ်ခြင်းကို အလိုရှိကြ၊ညွှန်ပြကြသည်သာဖြစ်၏။” (အသောကမင်းကြီး၏ ကျောက်စာပိုဒ် ၁ခုကို အရှင်အာဒိစ္စသံဝ ဘာသာပြန်သည်

၂၄ချက်ပါသည့် မင်းကျင့်တရား၊ ဥပဒေနှင့်အညီ အုပ်ချုပ်ခဲ့သည့်အတွက် အင်ပါယာတခုလုံး သာယာဝပြောခဲ့ပါသည်။ အုပ်ချုပ်ရေးဆိုင်ရာ Ashoka Chakra အပြင်၊ Pillars of Ashoka , Lion Capital of Asoka စသည့် အုပ်ချုပ်မှုပညာရပ်များဟာ ယခုတိုင် အိန္နိယနိုင်ငံကြီးက အသုံးချနေရပါသည်။ မင်းကြီးဟာ ဗုဒ္ဓတရာတော်ကို ရရှိပြီး တရားတော်နှင့်အညီ အုပ်ချုပ်နိုင်ခဲ့သည့်အတွက် ရက်စက်၊ကြမ်းကြုတ်သည့် အင်ပါယာဘုရင်မင်းအဖြစ် သမိုင်းမဝင်တော့ပဲ မင်းကောင်း၊မင်းမြတ်အဖြစ် သမိုင်းဝင်သွားပါသည်။ မင်းကြီးတိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်သလဲဆိုတာ မြန်မာ့ကျမ်းဂန်တွေမှာ မှတ်တမ်းအသေချာရှိပါသည်။

အသောကမင်းကြီး သက်တော်၇၂နှစ်တိုင် အသက်ရှည်ခဲ့ပါသည်။

ကမ္ဘာသြဇာအကြီးဆုံးစာရင်းဝင် အသောကမင်းကြီးနဲ့ မင်းဆိုးများ
 
မြန်မာ့သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ Michael H. Hart ရဲ့ သြဇာအလွှမ်းမိုးနိုင်ဆုံး လူ၁၀၀ စာအုပ်ကို လေးစားမိပါသည်။ လူစာရင်းကိုကြည့်ရင် သူဌေးတစ်ယောက်မှ မပါတာကို တွေ့ရပါသည်။ သူဌေးကြီး အင်ဒရူးကာနေဂီ စာအုပ်မှ ရေးသားချက်မှာ “သူဌေးဆိုတာ ငွေကလွဲရင် သူ့မှာဘာမှမရှိဘူး” ..ဟူသတည်း။ 

သူဌေးများ ထိုစာရင်းတွင်မပါသောကြောင့် ဇောတိကသူဌေးလို သူကြွယ်များသည် လူများအပေါ် သြဇာမလွှမ်းမိုးပါ။ လွှမ်းမိုးလျှင်လဲ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုပင်ဖြစ်မည်။ 

 ထိုစာရင်းဝင် လူ ၁၀၀ မှာ ၂၅ယောက်လောက် ဘုရင်၊ အင်ပါယာ၊ နိုင်ငံခေါင်းဆောင်တွေဖြစ်နေပါသည်။  အုပ်ချုပ်မှုအရည်အချင်းတွေထက် တိုက်ခိုက်မှုအရည်အချင်းက ပိုအရေးပါတဲ့အတွက် စစ်နိုင်သူအများစုဖြစ်ပါတယ်။ စစ်ရေးကြွမ်းကျင်သူများသည် အရေးပါစမြဲဖြစ်ကြောင်း သမိုင်းသက်သေဖြစ်သည်။ 

သို့သော် ဝမ်းနည်းစရာမှာ ဟစ်တလာ၊ စတာလင်၊ နပိုလီယံ၊ ဂျင်ဂျစ်ခန်တို့လို စစ်ရေးကြွမ်းကျင် ရက်စက်တဲ့သူများလည်း ပါဝင်နေတာကိုတွေ့ရပါသည်။ လူ၁၀ယောက်မှ တစ်ယောက်တော့ ဗီလိန်ဖြစ်သင့်တဲ့အတွက်၊ လူဆိုးကြီးများလည်း ကမ္ဘာကြီးကိုမင်းမူခဲ့ကြောင်း သမိုင်းမှတ်တမ်းဖြစ်ပါသည်။

ဟိုးလွန်ခဲ့သော ၅၀နှစ်ကတည်း ဘာကြောင့်မြန်မာပြည်ကြီး မှောင်မိုက်လွမ်းမိုးနေရပါသလဲ .. အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပါသည်။ စစ်အာဏာရှင်ဦးနေဝင်းကြောင့်ဖြစ်မှာလို့ ထင်မိသည်။ နောက်ပိုင်းမှာ  “စစ်အာဏာရှင်/စစ်ဝါဒီ စိတ်ရှိသူများက အုပ်ချုပ်လို့ပါလား”..ဟု  စဉ်းစားမိလာပါသည်။ 

အစ္စလာမ်စစ်ဝါဒီများ အကြမ်းဖက်သမားများ ကမ္ဘာကိုခြိမ်းချောက်လာသောအခါ စဉ်းစားစရာတစ်ခုရပါသည်။ လူတွေကို နူးညံ့သိမ်မွေ့အောင်လုပ်ပေးသော (အမိန့်နာခံလာအောင်လုပ်သော) အယူဝါဒတွေမှာ၊ မင်းဆိုးမင်းညစ်၊ ခေါင်းဆောင်ဆိုးများ အောက် တမဟုတ်ချင်း ရောက်သွားနိုင်ကြောင်း သိလိုက်ရပါသည်။

ဥပမာ …
– အမေရိကန်မှာ ခရစ်ယာန်ဂျင်ဂျုန်းဆိုသူနောက်လိုက် ရာနဲ့ချီပြီး၊ မိမိကိုယ်ကိုသတ်သေသွားခြင်း၊
– ဂျာမဏီမှာ ဟစ်တလာဆိုသူက အာရိယာန်လူမျိုးရေးဝါဒ မှိုင်းတိုက်ပြီး၊ နာဇီစနစ်တည်ထောင်ခဲ့ခြင်း
– အမေရိကန်မှာ အိုစမာဘင်လာဒင်ဆိုသူရဲ့ မူဆလင်အကြမ်းဖက်ဝါလိုက်နာသူများရဲ့ 9/11 ဖေါက်ခွဲမှုကြီး
– ဘင်္ဂလားဒေ့ခ်ျမှာ လူမွဲ သန်း ၁၀၀ကျော်ကို မူဆလင်ဘာသာရေးမှိုင်းအောက်မှာ အာဏာပိုင်/သူဌေးများက ခိုင်းစားနေခြင်း
– မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရိုသေ၊ကိုင်းရှိုင်းတဲ့ လူ သန်း၆၀ ကို ဘာသာရေးဗန်းပြတဲ့ စစ်ဝါဒီများက အနိုင်ကျင့် ခိုင်းစားနေခြင်း
– လူဆင်းရဲများ တန်တူညီမျှကို ကြွေးကြော်ပြီး ကွန်မြူနစ်၊ဆိုရှယ်လစ်စနစ်များက တရုတ်၊ ရုရှားမှာ အာဏာရှင်စနစ်တည်ထောင်ခြင်း

Michael H. Hart ကမ္ဘာ့လူကျော်စာရင်းတွင် ဥရောပတိုက်သား၊ အရှေ့လယ်ပိုင်းဒေသ လူများ ၉၀% ပါဝင်နေပါသည်။ တရုတ်နဲ့ သက်ဆိုင်သူများ (၇) ဦးပါဝင်နေပြီး၊ မြန်မာနဲ့သက်ဆိုင်သူကတော့ အိန္နိယနိုင်ငံက (ဗုဒ္ဓ) နှင့် (အသောကမင်း) (၂)ဦးပဲ တွေ့ရပါသည်။ အာရှတိုက်တွင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင်ပြီးရင် ဒုတိယသြဇာကြီးသူအဖြစ် သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံ နဲ့ ၂၀၁၃ ကို ပြန်ကြည့်ကြစို့
 
မြန်မာပြည်က ၂၀၁၁မှာ အနားယူသွားသည့် နံပါတ်(၁) စစ်ခေါင်းဆောင်ကြီး မြန်မာ့သမိုင်းမှာနေရာပေးဖို့ရန် နောက်သမိုင်းပညာရှင်များ၏ တာဝန်ဖြစ်သည်။  ယခုချိန်ထိတော့ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုဟာ အသောကဘုရင်ကြီးလုပ်ခဲ့သည့် ပုံစံကို ခေတ်ကာလနှင့်အညီ လက်တွေ့လုပ်နိုင်ဖို့လိုပါသည်။ လွတ်လပ်ရေးရပြီး ဒီမိုကရေစီအစိုးရ ၁၃နှစ်ကြာခဲ့ပါသည်။ အသောကမင်းကြီးပုံစံ အမဲပေါ်ခွင့်ပိတ်ပင်ခြင်း၊ ဆဋ္ဌသံဃာယနာတင်ခြင်း၊ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကြေငြာခြင်း စသည့်အလုပ်များကို လုပ်ဆောင်ခဲ့သော်လည်း အသောကမင်းကြီး လို တိုင်းပြည်ကို ငြိမ်းချမ်း၊ တိုးတက်အောင် မအုပ်ချုပ်နိုင်ခဲ့ရှာပါ။ အဓ္ဓမ၀ါဒီများဖြစ်သည့် အတုအယောင်များကို မရှင်းလင်းနိုင်ခဲ့ပါ။ အထူးသဖြင့် စစ်တပ်ကို မအုပ်ချုပ်နိုင်ခဲ့ပါ။ အေးအေးပဲ စာရေးအငြိမ်းစားယူမည် ကြေညာပြီးနောက်၊ ဦးကျော်ငြိမ်း အာဏာရမည်ကို စိုးရိမ်ပြီး၊ အငြိမ်းစားယူနေရာမှ ပြန်လာပြီးအုပ်ချုပ်သည်။ 

ဦးကျော်ငြိမ်းကို နှိပ်ကွပ်မိလိုက်ရာမှ ဖဆဖလနှစ်ခြမ်းကွဲသည်။ မြန်မာပြည်ကို ဗုဒ္ဓဘာသာနိုင်ငံကျေငြာပြီး ကချင် (ခရစ်ယာန်များ) KIA သူပုန်ထရာမှ စစ်ဝါဒီများအကြိုက်ဖြစ်သွားခဲ့သည်။ စစ်တပ်ဆိုသည်မှာ စည်းကမ်းအကောင်းဆုံး နိုင်ငံအဖွဲ့စည်းဖြစ်ပြီး၊ အစိုးရက ဖြောင့်မတ်သူ များရင်၊ စစ်သားတွေလည်း ပိုပြီးဖြောင့်မတ်ကြတာများပါသည်။  

ထို အဓ္ဓမ၀ါဒီ၊ အကျင့်ပျက်သည့် စစ်ဝါဒီဗိုလ်ချုပ် ဦးနေဝင်း၏ တဖြေးဖြေးနှင့် နိုင်ငံတော်အာဏာ သိမ်းခြင်းကို ၁၉ ၆၂  မှာခံလိုက်ရပါသည်။ ထို့နောက် အနှစ်၅၀ စစ်အာဏာရှင်များ ဆက်လက်အုပ်ချုပ်ခဲ့ပုံကတော့ အခုလက်ရှိ အခြေအနေအတိုင်းပါ။ ၁၉ ၆၂- ၁၉ ၈၈ ဖြစ်သမျှအားလုံးကို စစ်ဗိုလ်ချုပ်ဦးနေဝင်းထံ ပုံချလို့ရပါသည်။ သူက နံပါတ်(၁) ဖြစ်သည့်အတွက်ဖြစ်သည်။ ၁၉ ၈၈ နောက်ပိုင်းကိုလဲ စစ်ဗိုလ်ချုပ်ဦးနေဝင်းစိုးမိုးမှုကို လက်ခံရပါမည်။ စစ်ဗိုလ်ချုပ်ဦးသန်းရွှေ စိုးမိုးသည့် ၁၉ ၉၈ နောက်ပိုင်းကတော့ မြန်မာ့ရာဇဝင်မှာ အဆိုးဝါးဆုံး နိုင်ငံရေးအကျဉ်းသားနှင့်၊ လူအားလုံးအကျင့်ပျက်မှုများဖြစ်ပေါ်လာခဲ့ပြီး၊ ခရိုနီစနစ်ပေါ်ထွန်းခဲ့ပါသည်။ 

စစ်ဗိုလ်ချုပ်ဦးခင်ညွန့်ကို ပုံချနိုင်သော်လည်း နံပါတ်(၁) စစ်ဗိုလ်ချုပ်ဦးသန်းရွှေ တရားခံဖြစ်ပါသည်။ သို့သော် ဆန့်ကျင်ဘက်ဗိုလ်ချုပ်များကို နည်းမျိုးစုံဖြင့်၊ ထောင်ချ၊ ပျက်စီးစေပြီး အာဏာရှင်ဖြစ်လာသည့် စစ်ဗိုလ်ချုပ်ဦးသန်းရွှေမိသားစု မြန်မာသမိုင်းနာမည်ကောင်းရဖို့ အာဏာလွှဲနိုင်ခဲ့သည်မှာ လေးစားပါသည်။ အပြစ်ဝဋ်ကြွးတွေကို ဘယ်လိုပြန်ဆပ်ဦးမလဲ ဆိုသည်ကို စောင့်ကြည့်ရပါမည်။ အသောကမင်းကြီးကဲ့သို့ နာမည်ကောင်းရဖို့ လုပ်သင့်တာတွေများစွာရှိပါသည်။ အပြစ်တွေကို ဝန်ခံ၊ တရားစွဲခံနိုင်ရပါမည်။

လက်ရှိမြန်မာပြည်အုပ်ချုပ်သူများ စံနမူနာယူပြီး၊ လက်တွေ့မှာ အသောကမင်းကြီးလို သံဝေဂ ရဖို့လိုပါမည်။ အာဏာနဲ့ငွေဟာ ရစ်မူးစေလွန်းသည့်အတွက် အကျင့်ကောင်းသည့်လူများကို အစိုးရအဖွဲ့ထဲ များများပါဝင်လာဖို့ လုပ်ဆောင်ခြင်းအတွက် ကြိုဆိုရပါသည်။ အမေရိကန်၊ တရုတ်ဒီမိုကရေစီမျိုး မဖြစ်နိုင်သော်လည်း ထိုင်းဒီမိုကရေစီအဆင့်ဆိုလျှင်ပင် မဆိုးလှပါ။ ထိုင်းလူမျိုးများ၏ ယဉ်ကျေးမှု၊ စီးပွားရေးများ မည်သို့ပိတ်ပင်ပါစေ၊ ဧကန်မုချ မြန်မာပြည်ကို လွှမ်းမိုးမည်ဖြစ်သည်။

 ငြိမ်းချမ်းရေးအတွက် တောင်ကိုးရီးယား၏ မြောက်ပိုင်းမှ ၂၀၁၃ မြောက်ကိုးရီးယား အားဏာရှင်စနစ်၏ ခြိမ်းချောက်မှုကဲ့သို့ မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်းတွင် လက်နက်ကိုင်အရေးခင်းများရှိနေပါသည်။ 

 အစိုးရအဖွဲ့နှင့် ဝန်ထမ်းများတွင် အကျင့်ပျက်သူများကို ဖယ်ထုတ်ရုံမက ဒဏ်ပေးမဲ့ အချိန်ကာလ မဝေးတော့ပါ လို့ ယုံကြည်ပါသည်။ ရှေးခေတ်က တိုင်းပြည်အုပ်ချုပ်ရာမှာ အဓ္ဓမ၀ါဒီများကို နောက်ချန်ထားရစ်ခြင်းနည်းကတော့ သေဒါဏ်ဖြစ်ပါသည်။ အခုခေတ်မှာတော့ သင့်လျှော်သည့်နည်းများသုံးရပါသည်။ အဓ္ဓမ၀ါဒ၊ လောဘသမားများ၏ ပစ္စည်းဥစ္စာပြန်သိမ်းသည့်နည်းလောက်ဆိုလဲ မဆိုးပါ။  

အသောကမင်းကြီး အုပ်ချုပ်ပုံကို လေ့လာဖို့ အနည်းငယ်ဘာသာပြန် လေ့လာမှုကို ပြန်လည်ဝေငှခြင်းဖြစ်ပါသည်။   မီဒီယာကို စတုထ္ထမဏ္ဍိုင်အဖြစ် ဖွင့်ပေးသဖြင့် မြန်မာနိုင်ငံတိုးတက်လာသဖြင့် လူကောင်း၊လူတော်များ ရေးသား၊ပြောကြားမှုများသည် အလွန်အရေးပါလှသည်။ 

All that is necessary for the triumph of evil is that good men do nothing. Edmund Burke . အဓမ္မဆိုးသွမ်းသူများ ကြီးစိုးနေရခြင်းသည် လူတော်၊ လူကောင်းများငြိမ်ခံနေခြင်းကြောင့် ဖြစ်သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts