ဖိုးထက်

သခင်ကိုယ်တော်မှိုင်းကြီးအား ငှားရမ်းခြင်း

ဖိုးထက်
စက်တင်ဘာ ၁၊ ၂၀၁၂

ကျနော့်ကို ယခု ပစ္စပန်တည့်တည့်အချိန်မှာ အဖြစ်ချင်ဆုံးအရာအား ပြောစေ၊ ပြည့်စေဟု တစ်စုံတစ်ဦးသော ဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးတစ်ဦးက အခွင့်အရေးပေးလာသည်ဟု ဆိုပါစို့။ “သားရွှေအိုးထမ်းလာတာ မြင်လိုပါတယ်” ဟု လူလည်ကျဆုတောင်းသလိုမျိုး ဆုတောင်းလိုက်ချင် သည်။ ကျနော်တောင်းမည့်ဆုက ဒုတိယဘီလ်ဂိတ်ဖြစ်ရပါလို၏မဟုတ်။ နတ်သမီးတဖက်ငါးရာနှင့် ဖြစ်ရပါလို၏ဆိုသည့် ဖတ်ဖတ်မောမည့် ဆုတောင်းလဲမဟုတ်။ ကျနော်တောင်းမည့်ဆုက နည်းနည်းထူးဆန်းပါလိမ့်မည်။ “သခင်ကိုယ်တော်မှိုင်းကြီး အသက် ငါးမိနစ်ခန့်ပြန်ရှင် လာပြီး ကျနော်ပြောစေချင်သော စကားတစ်ခွန်းပြောပါစေ” ဆိုသည့်ဆုတောင်းဖြစ်သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်ပတ်သက်လျှင် ဆရာကြီး၏လေးချိုးကြီးတွေ၊ စာကြီး စာခန့်ကြီးတွေကို ကျနော်က သိပ်မခံစားနိုင်။ အဲဒီ လောက် ဉာဏ်ပညာ မရင့်သန်။ သို့ပေသည့် ဆရာကြီး၏သမိုင်းကြောင်းကိုပြန်ကြည့်လျှင် သြချယူရလောက်အောင် လူစုံ၊ နယ်စုံမှ လူများ လေးစားချစ်ခင်ကြတာကို သတိထားမိသည်။ ထိပ်ထိပ်ကြဲ နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်၊ သိန်းဖေမြင့်၊ ဦးနုတို့မှ အစ စာပေနယ်မှ ဆရာ့ ဆရာကြီးများဖြစ်သည့် ရွှေဥဒေါင်း၊ မြသန်းတင့် စသည့် စာရေးဆရာကြီးတို့အဆုံး ဆရာကြီးကို အဖေကဲ့သို့ လေးလေး စားစား ဆည်းကပ်ကြသည်။ ဆရာကြီး၏ ကိုယ်ကျင့်တရားကောင်းမွန်မှုကြောင့် ဆရာကြီးကို သိပ်ပြီးသဘောမကျခင်သည့်လူများပင် ဆရာကြီးကို လေးစားကြရသည်ဆို၏။

အင်္ဂလိပ်စာမတတ်ဘူးဟု ပြောလျှင်ရမည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အင်္ဂလိပ်စာ ဂရုကြီးများမှအစ အထင်မသေးရဲသေးသည်မှာ ဆရာကြီး၏ ပညာဉာဏ်ကြီးမားမှုကြောင့် ဖြစ်သည်။ စိတ်သဘောဖြူစင်မှုနှင့် ရိုးရှင်းသောစေတနာ ထပ်ပေါင်းထည့်လိုက်သောအခါ ဆရာ ကြီးသည် လွတ်လပ်ရေးတိုက်ပွဲဝင်သူများ၊ ငြိမ်းချမ်းရေးလိုလားသူများအတွက် လမ်းပြမီးရှူးတိုင်ကြီးဖြစ်ခဲ့သည်။

ဒီလိုဉာဏ်ပညာနှင့်ပြည့်စုံသော ဆရာကြီးကို မင်းလိုအကောင်က ပြန်ရှင်စေချင်ပြီး မင်းပြောချင်သလိုတောင် ပြောပေးရအုံးမယ်ဆိုတော့ မလွန်လွန်းဘူးလားဟု ထင်မြင်စရာရှိသည်။ ထင်ချင်သလိုသာ ထင်ကြပါစေ။ ကျနော့်မှာလဲ ကျနော့်ခံစားချက်နဲ့ ကျနော်မို့လား။ ကျနော် ပြောချင်သော စကားတွေရှိသည်။ မျက်နှာကြီးနီအောင် အော်ပြောချင်သောစကားတွေရှိသည်။ သို့သော် ကျနော်အော်လျှင် ခွေးပိန် ထကန် သလို ကန်ကြမည့်လူများ ရှိသည်။ ထို့ကြောင့် ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား။ ဆရာကြီးကို ကျနော့်အစား အငှားပြော (အော်) စေချင် သည်။

တစ်နေ့က ကာတွန်းဆရာအောင်မော်ရေးသည့် ကာတွန်းလေးတကွက် သွားတွေ့သည်။ နောက်ခံမှာ ရေတွေကြီးနေသည့် အိမ်ကွပ်ပျစ်လေး ပေါ်မှာ ဆင်းရဲသားလင်မယားနှစ်ယောက်ထိုင်နေသည်။ ယောင်္ကျားဖြစ်သူက ရေဒီယိုလေးနားထောင်နေသည်။ မိန်းမဖြစ်သူက ယော င်္ကျားဖြစ်သူကိုလှည့်ပြီး “ဟိုအထဲမှာ ကျုပ်တို့အရေး ဘာဆွေးနွေးကြသေးလဲ” ဟု မေးသည်။ ယောင်္ကျားဖြစ်သူက မျက်နှာငယ်လေးဖြင့် “သူတို့အရေးတောင် မပြီးသေးတာကွာ” ဟု အဖြေပေးသည်။

ကာတွန်းတစ်ကွက်နှင့် ဆရာအောင်မောင်ပြောချင်သောစကားသည် ကျနော်တို့စကားသံတွေ ဖြစ်သည်။ ကျနော်တို့က စကားလုံးတွေ အ များကြီးပြောနေရမည့်အကြောင်းအရာများကို ဆရာက ကာတွန်းတစ်ကွက်ဖြင့် ပုံဖော်သွားပါ၏။ လေးစားကြည်ညိုရပါ၏။

ဆရာအောင်မော်ပြောသလို သူတို့အရေးဘယ်တော့များမှ ပြီးကြမှာလဲ။ ပျင်းဖို့၊ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ လေးစားလိုက်နာ၊ လိုက်နာ လေးစား ရန်တွေဖြစ်ကြ။ ဆယ်တန်းမှမအောင်ဘဲ အမတ်ဖြစ်နေတာကိုး ဟိုး ဟိုး .. လို့ ပြောလို ပြောကြ။ ဇာတ်ကြီးဆယ်ဖွဲ့ပြဇာတ် တွေ ခင်းလိုခင်းကြ။ တကယ်ကြီးကို စိတ်ပျက်ဖို့အလွန်ကောင်းပါသည်။ နောက်ဆုံး အပ်တူဒိတ်အဖြစ်ဆုံးက နိုင်ငံတော်အဆင့်မဟုတ်ဘူး၊ ဟုတ်တယ်။ တောင်းပန်ပါ။ ကန့်ကွက်ပါတယ်ဆိုသည့် အဆိုများ။ အော်သံများ။ ကျနော် မသိဘူး။ ဒါပေမယ့် လက်မှတ်ထိုးပေးလိုက်တယ် ဆိုသည့်အပြုအမူများ။ ဘာတွေလဲမသိ။ မသောက်ဘဲနှင့် မူးချင်လာသည်။

လွှတ်တော်ကြီး သတင်းတွေကျနော်ကြည့်သည်။ ဖတ်သည်။ ဥပဒေပုဒ်မခွဲ (က) အရ၊ ပုဒ်ကလေး (ခ)၊ ပုဒ်ခွဲ (ဂ)၊ ပုဒ်ပိစိကွေး (ဃ) တွင် ပါသည့်အတိုင်း၊ ပုဒ်မခွဲကြီး (င) ကိုကိုးကား၍ အဆိုတင်သွင်းရလျှင် ဘာဖြစ်ပါသည်။ ညာဖြစ်ပါသည်။ မပြီးနိုင်တော့။ ခေါင်းတွေမူး၊ လေချဉ် တွေတက်လာ၏။ စားပြီးသား ထမင်းတွေ အစေ့လိုက်ပြန်ထွက်လာချင်သည်။

ကျနော်လို့ သာမန်ပြည်သူအတွက် ပုဒ်ထီးတွေ၊ ပုဒ်မတွေ၊ ပုဒ်အခြောက်တွေ အရေးကြီးသည်ဆိုအုံးတော့ သိပ်ပြီးမလေ့လာဖြစ်။ ပုဒ်လိင် တွေထက် အရေးကြီးတာတွေ၊ ဖတ်နေ ပြောနေရသည့်အချိန်တွေထက် အရေးကြီးတာတွေ မရှိတော့ဘူးလား။ ပြီးပြည့်စုံသောနိုင်ငံကြီးတွေ လွှတ်တော်ထဲမှာ ရန်ဖြစ် စကားများကြ၊ ငြင်းကြ၊ ခုံကြရတာ မဆန်းဘူးလို့ မြင်သည်။ ကျနော်တို့လို ဟိုက ရေကြီး၊ ဒီက ရေမြှုပ်၊ ဟိုနားက လယ်သိမ်း၊ ဒီနားက ဆန္ဒပြ၊ ဟိုဘက်မှာ လူမျိုးခြားရန်၊ ဒီနားမှာ လူမျိုးခြားရန် ပြဿနာတွေတထောကြီးနှင့် ဖွတ်ဖွတ်ကျ နိုင်ငံစုတ်ကြီးမှာ အချိန်တွေ အတော်အားနေကြသလားမသိ။

ပြုပြင်ပြောင်းလဲရေး လုပ်ကြမယ်၊ သန့်ရှင်းတာတွေ၊ ရေချိုးတာတွေ၊ ဆပ်ပြာတိုက်တာတွေလုပ်မယ်ဟု သူတို့ဘဲစပြော၏။ အားလုံးကလဲ သာဓု အနုမောဓနာ ခေါ်ကြ၏။ ကောင်းချီးမင်္ဂလာ ပြုကြသည်။ ကောင်းလေစွတကားဟု မြည်တမ်းတမိသည်။ ပါးစပ်က သာဓုခေါ်သံမှ မဆုံးခင် အသံတွေ ထွက်လာသည်။ စိတ်ပျက်ဖွယ်ရာကြီးပါတကားဟု အကျယ်ကြီးအော်မိတော့သည်။

လွှတ်တော်သတင်းတွေဖတ်၊ အပြန်အလှန် အားအားယားယား သတင်းစာရှင်းလင်းပွဲတွေလုပ်ကြရင်း ပုဒ်လိင်တွေ ကိုးကားပြီးရန်ဖြစ်သံ များကို ကျနော် ကြည့်ကာ စိတ်အချဉ်ပေါက်လာသည်။ စိတ်အချဉ်ပေါက်သာမှ စားမဖြစ်လောက်အောင် အချဉ်ပေါက်လာပါသည်။ ချဉ်နံ့တွေ စူးစူးထလောက်အောင် အချဉ်ပေါက်သည်။ အချဉ်ပေါက်သူတို့ ထုံးစံအတိုင်း ဖရုဿဝါစာစကားများက ပါးစပ်ဖျားတွင် လာစုနေသည်။ ဆဲမိ၊ ပြောမိတော့မည်။ ကိုယ့်ထက် အသက်ကြီး၊ လူချီး၊ ပညာကြီးများကို ဆဲမိလျှင် ငရဲဇောက်ထိုးဆင်းသွားနိုင်၏။ ဒီတော့ အငှားဆဲပေး မည့်သူ ရှာမိသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို တွေ့မိသည်။

လတ်တလောဆန္ဒအရ အဖြစ်ချင်ဆုံးမှာ ဆရာကြီးကို ကျနော့်အစား ထပြီးဆဲပေးစေချင်သည်။ ကျနော်ကတော့ ဆရာကြီးရယ် ကျနော်ပြော ချင်တာကတော့ ဒါလေးပါ။ ဆရာကြီးက ဉာဏ်ပညာရှင်ကြီးဆိုတော့ နားဝင်အောင် လေးချိုးကြီးတွေ၊ သဖျန်ကြီးတွေ လုပ်ချင်လုပ်နေနိုင်၏။ ကျနော့်ကို ဆရာကြီး ထကန်ခါမှ ကန်ပေရော့။ ကျနော်ပြောချင်တာလေး အရင်ပြောပေး။ ပြီးမှ ဆရာကြီးပြောချင်တာပြော၊ ရေးချင်တာရေးလို့ အဘိုးကို မြေးက နွဲ့ဆိုးသည့်ဟန်ဖြင့် ဆိုးလိုက်မည်။ ကျနော့်အစား ဆရာကြီးမှ သူတို့ကိုပြောစေချင်သည့်စကားမှာ “ရီးတဲ့မှဘဲ မပြီး နိုင်တော့ဘူး။ ခွေးဖြစ်မယ့် အမျိုးတွေ” လို့ ဆဲစေချင်သည်။ မကျေနပ်ကြလို့ပြန်ဆဲကြလျှင် ဆရာကြီးနှင့်ရှင်း။ ကျနော်ပြောတာမဟုတ်။ ဆရာကြီးပြောတာဗျလို့ အကာအကွယ်ယူနိုင်သည်မဟုတ်ပါလား။ ဒါမှမဟုတ် ဆရာကြီးက “ဟဲ့ ငါ့မြေး နင်ပြောတာပျော့တယ်။ ပါးစပ်နဲ့ ပြောလို့ရတဲ့ကောင်တွေ မဟုတ်ဘူး။ ဖနှောင့်နဲ့ လိုက်ပေါက်ကွ။ လိုက်ပေါက်” ဆိုပြီး လိုက်ပေါက်နေရင်ဖြင့် ကျနော်ကတော့ နည်းနည်းမှ ၀င်ရောက်ဆွဲလိမ့်မည် မဟုတ်ပါခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts