ဖိုးထက် ရသဆောင်းပါးစုံ သရော်စာ

ဖိုးထက် – ကိုသောင်းမြင့် စောင့်ရှောက်သော သာသနာ


ကိုသောင်းမြင့် စောင့်ရှောက်သော သာသနာ

ဖိုးထက်၊ မေ ၁၃၊ ၂၀၁၄

ကိုသောင်းမြင့်ကို သူ့မိန်းမဖြစ်သူ မသူဇာက “ရှင်ဟာ မိန်းမလုပ်စာ ထိုင်စားနေတဲ့သူ။ တကယ့်ကို ၁၀၉၊ ၁၁၀” လို့ လင်မယားရန်ဖြစ်တိုင်း ပြစ်ပြစ်နှစ်နှစ် နစ်နစ်နာနာ ပြောတတ်သည်။ ကိုသောင်းမြင့်အတွက်ကတော့ ၁၀၉၊ ၁၁၀ မကလို့ နှစ်ခုပေါင်းပြီး ၂၁၉ ဘဲ ဖြစ်ဖြစ် ဘာအရေးလဲ။ “မင်းတို့ မိန်းမတွေ တစ်ထွာဘဲကြည့်တယ်။ အရှည်မမြင်တတ်ပါဘူး။ အသာနေစမ်းပါ။” လို့  ပြန်ပြောတော့ “တော့်…ကိုသောင်းမြင့်..ကျုပ်ပြောလိုက်ရ အရပ်က ကြားရတာ မသင့်တော် ဖြစ်တော့မယ်။ ဟုတ်တယ်တော်ရေ့..အဲဒီ တစ်ထွာနဲ့ ရှင်တို့က လူပါးဝနေတာ တော်ရေ့…တော်..တော်..အခု ထွက်သွား။ ကျွန်မ စိတ်ဆိုးမိမယ်။ ရှင် တစ်နေရာရာထွက်သွား။ ညနေမှ ပြန်လာခဲ့။” လို့ နှင်လွှတ်တာကို ခံရတာများသည်။

သူကတော့ မသူဇာနှင်လွှတ်တိုင်း အပေါ် အကျီ င်္လေး ကောက်စွပ်၊ တယ်လီဖုန်းလေးယူပြီး ထထွက်ခဲ့တာချည်းပါဘဲ။ အနည်းဆုံးတော့ နားပူသက်သာသည်။ နောက်ပြီး လမ်းထိပ်က လ္ဘက်ရည်ဆိုင်မှာ ဂျာနယ်တွေ ဖတ်ရင်း အာဘောင်အာရင်း သန်သန် ငြင်းလို့ရသည်။ အဲဒီ လ္ဘက်ရည်ဆိုင်မှာက သူလိုမျိုး အလုပ်မရှိ၊ အကိုင်မရှိ ယောင်တောင်တောင် ပေါင်တောင်တောင်လူတွေ။ အဲလေ…ဦးပဇ္ဇင်းတစ်ပါးတောင် ပါသေးသည်။

ကိုသောင်းမြင့်က တကယ်ဆိုရင် ဘွဲ့ရ ပညာတတ်။ သူကျောင်းပြီးကာစက အလုပ်တစ်ခုခု လုပ်ဖို့ ကြိုးစားသည်။ ကြိုးစားတယ်ဆိုကတည်းက သူ့စိတ်မှာလဲ တကယ်ကြီးလဲ အလုပ်တစ်ခုခု လုပ်ချင်သည်။ ဒါပေမယ့် သူလုပ်ချင်တာက သူများ အလုပ်မဟုတ်။ ကိုယ်ပိုင်စီးပွားရေး။ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ သူငယ်ငယ်ကတည်းက ဖတ်လာခဲ့သော တက်ကျမ်းတွေအားကိုးနဲ့ ဇွတ်တိုးသည်။ “အောင်မြင်မှုသင်္ဘောကြီး လာနေစဉ်မှာ သင်က ကမ်းပေါ်မှ ရပ်စောင့်နေလို့ မရ။ ရေထဲသို့ ဒိုင်ဗင်ပြစ်ချပြီး သင်္ဘောကြီးဆီသို့ ကူးခပ်ပါလေ။” ဆိုသည့် သူ့လက်စွဲ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး အောင်မြင်မှုတွေဆီသို့ ၀ုန်းခနဲ့ ဒိုင်ဗင်ပြစ် ကူးခပ်သည်။ ခက်တာက သူရေမကူးတတ်တာ သူမေ့နေခြင်းဖြစ်သည်။ သူ့အမေထုတ်ပေးသော အရင်းအနှီးလေး ပြုတ်ပြီး နစ်လုဆဲဆဲမှာ မေခလာနတ်သမီး မသူဇာနဲ့ တွေ့သည်။ မသူဇာက သူ့ကိုတော့ ချစ်ရှာသည်။

မသူဇာတို့ မိသားစုက ချမ်းသာသည်။ ဈေးချိုထဲမှာ ရွှေဆိုင် နှစ်ဆိုင်ရှိသည်။ အထည်ဆိုင်က သုံးဆိုင်။ နောက်ပြီး မသူဇာတို့က ငယ်ငယ်ကတည်းက ခါးချိုးပြီး အလုပ် လုပ်လာခဲ့သောသူ။ စည်းစနစ်ကျသည်။ ခေတ် အမြင်ရှိသည်။ မိဘလက်ငုပ်လက်ရင်း စီပွားရေးကို မတိမ်ကောအောင်သာ မက တိုးပွားကြီးထွားလာအောင် နည်းစနစ်ကျကျ အလုပ်လုပ်သည်။ သူ့မိဘတွေ လက်ထက်က လယ်ဂျာစာအုပ်ကြီးတွေနဲ့ စာရင်းတွေ သွင်း၊ မှတ်လုပ်တာကို ကွန်ပြူတာ စနစ် ပရိုဂရမ်တစ်ခု အထူးရေးဆွဲခိုင်းပြီး စာရင်းအင်း စနစ်ကျစေသည်။ ၀န်ထမ်းတွေကို စနစ်တကျ စီမံခန့်ခွဲသည်။ အမျိုးတွေမို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အားနာပြီးတော့များ စီးပွားရေးလုပ်တာထဲမှာ ထည့်မခိုင်း။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူ့ယောင်္ကျားဖြစ်သူ ကိုသောင်းမြင့်ကိုတောင်မှ စီးပွားရေး လုပ်တာမှာ လုံးဝသဘောမကျလို့ မခိုင်း။ “ချစ်တာက ချစ်တာ။ သုံးစားမရတာက သုံးစားမရတာဘဲ။ ကျွန်မက ရှင်အသုံးမကျကြောင်း အရပ်ထဲ လည်မပြောဘူး စိတ်ချ။ ဒါပေမယ့် ကျွန်မစီးပွားရေးနဲ့ ရှင် ဝေးဝေးနေ။ ပျော်သလိုနေ။ အဲ…ရုတ်ရုတ် ရုတ်ရုတ် ရှုပ်ရှုပ် ရှုပ်ရှုပ် လုပ်လို့ကတော့ ရှင့်တစ်ထွာ ပြတ်ပြီသာမှတ်” ဆိုလို့ ကိုသောင်းမြင့်ဘ၀က အလုပ်မလုပ်ပေမယ့် လတ်လျား၊ လတ်လျား လုပ်နိုင်သည်။ ငွေလိုသလောက် သူ့မိန်းမက သူ့ကို ထုတ်ပေးသည်။ နည်းနည်း မေးတာ မြန်းတာတော့ ရှိတာပေါ့လေ။

ကိုသောင်းမြင့်အတွက် ငွေကုန်တယ်ဆိုတာလဲ ဘီယာဖိုး၊ အရက်ဖိုးက အဓိက မဟုတ်။ သူက အရက်၊ ဘီယာလဲ သိပ်ကြိုက်လှတာ မဟုတ်။ အ၀တ်အစားကလဲ သူ့မိန်းမဆင်တာ သူဝတ်သည်။ သူကုန်တာက တယ်လီဖုန်းခ။ တယ်လီဖုန်းခတော့ အတော်ကုန်သည်။ “တယ်လီဖုန်း ငွေဖြည့်ကဒ်တွေများ ရှင်ဝါးစားနေသလား ကိုသောင်းရယ်” လို့ သူ့မိန်းမက မေးယူရလောက်အောင် ကုန်သည်။ ကုန်မှာပေါ့။ တစ်ချိန်လုံး သူ့ဖုန်းနဲ့ အင်တာနက်သုံးသည်ကိုး။ ၂၄ နာရီ နီးပါး အင်တာနက်ကို တယ်လီဖုန်းက သုံးသည်။ အင်တာနက်သုံးတယ်ဆိုတာလဲ Facebook သုံးသည် ဆိုလျှင် ပိုမှန်မည်။ ကျန်တဲ့ ကိစ္စ မိန်းမ ဆူ၊ ငေါက်သမျှ သွားဖြဲကြီးနဲ့ ကိုသောင်းမြင့်က ခေါင်းငုံ့ခံပေမယ့် ဒီတယ်လီဖုန်းကဒ်အတွက် ငြူစူတာကိုတော့ နည်းနည်းမှ သီးမခံ။ “အေး…မင်းကို ငါရှင်းရှင်းပြောထားမယ်။ ကျန်တဲ့ ကိစ္စ မင်း ငါ့အပေါ် နိုင်ချင်သလိုနိုင်၊ နှိမ်ချင်သလိုနှိမ်။ ဒီတယ်လီဖုန်း ငွေဖြည့်ကဒ်ကိစ္စနဲ့ ပါတ်သက်ပြီး ငါ့ကိုတားဟယ်၊ ဆီးဟယ်လုပ်ရင်တော့ မင်းနဲ့ ငါ အချိန်မရွေး လမ်းခွဲနိုင်တယ်” လို့ ခပ်မာမာထန်ထန်ပြောတော့ မသူဇာကလဲ အလျှော့ပေးရှာပါသည်။

ဟုတ်သည်။ ကိုသောင်းမြင့်အတွက် အင်တာနက်..အဲလေ Facebook အရေးကြီးသည်။ အထူးသဖြင့် Facebook ပေါ်က တိုက်ပွဲတွေမှာ ကိုသောင်းမြင့်က အဓိက နေရာကနေ ပါဝင်ပါတ်သက်နေတတ်သည်။ သူ့ Facebook အကောင့်မှာကို သူ့ရဲ့ နောက်လိုက် followers တွေ နည်းတာ မဟုတ်။ သူ့နောက်လိုက်တွေဆိုတော့ သူလိုဘဲပေါ့။ ၉၆၉ တို့၊ မဘသ တို့ ဆိုသည့် သစ္စာဖောက် လောက်ကောင် ပိုးလောက်လန်း ပေါက်ဖတ်တွေ ပြောပြောနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့။ လမ်းထိပ်က သူထိုင်နေကြ လ္ဘက်ရည်ဆိုင်က သူ့ရဲ့ ဌာနချုပ်။ ဌာနချုပ်မှာက သူလိုလူ လတ်လျား လတ်လျား အမျိုးဘာသာ သာသနာ စောင့်ရှောက်ရမည်လို့ ခံယူထားသော သူက လူဝတ် သုံးယောက်။ ဦးပဇ္ဇင်း တစ်ပါး။

အဲဒီ ဦးပဇ္ဇင်းကလဲ အရင်က ကိုသောင်းမြင့်နဲ့ သိပ်တည့်တာ မဟုတ်။ ဒီဦပဇ္ဇင်းက ငယ်ဖြူ။ အခု သက်တော် ၃၅ ကျော်လာတော့ လူဝတ်မြင်ရင်ကိုဘဲ သူ့ထက် နိမ့်တယ်လို့ချည်း ထင်မြင်တတ်သော ကိုယ်တော်။ လူတွေက သူ့ရဲ့ ငယ်ဖြူဘ၀နဲ့ သင်္ကန်းကို လေးစားပြီး လမ်းတွေ့ရင်တောင် အရိပ်နင်းမိမှာ စိုးတာကိုဘဲ ဘ၀င်လေဟပ်ပြီး ရှင်ကြီး ဂေါတမတောင် မေ့ချင်ချင် ဖြစ်နေသလား မသိ။ ညနေခင်းဆိုလျှင် သင်္ကန်းကြီး ခေါင်းမြီးခြုံပြီး ဈေးထောင့်ချောင်ကျကျက ထမင်းဆိုင်မှာ ညနေဆွမ်းဘုန်းပေးနေတာက ပိုသေးသည်။ ဘောလုံးပွဲကျတော့ ကိုသောင်းမြင့်ကမှ သူ့မိန်းမ လုံးဝမကြိုက်လို့ သူ့မုန့်ဖိုးထဲက အပျော်လောက်ဘဲ လောင်းနိုင်တာ။ ဒီကိုယ်တော်ကတော့ “ဆန်းဒါလင်း အောက်ကြေးလေး တစ်ပုလင်း လုပ်လိုက်။ အာကြီး နှစ်ပုလင်း။ ဂိုးပေါင်း အပေါ်နော်။ မန်ချက် သုံးပုလင်း။ ဘော်ဒီ အပေါ်ဘဲ။  ရီးရဲလ် ဘယ်ဈေးပေါက်တုံး ဒကာကြီး” ဆိုပြီး တယ်လီဖုန်းထဲက လောင်းကြေးထပ်နေတာက မမြင်ချင့်အဆုံး။

ကိုသောင်းမြင့်က ဒါတွေမြင်တော့ သိပ်တော့ မျက်နှာကြောမတည့်။ ဒါပေသိ ဘုရားသားတော်ဆိုသည့် ဂုဏ်ပုဒ်နှင့် နေ့လည်နေ့ခင်း ဘုန်းကြီးကျောင်းကြီးပေါ်မှာ အာ နံ နံ…အာ နံ နံ ဆိုပြီး စာပြန်နေတာနှင့်တင် မကြိုက်တာကို ပါးစပ်က ထုတ်မပြောရဲ။ ဒါပေသိ…ကိုသောင်းမြင့်နဲ့ ဒီကိုယ်တော် စိတ်တူ ကိုယ်တူ တစ်ထပ်တည်း၊ တစ်သဘောတည်း၊ ၀မ်းတွင်းအူလှိုက် သဲသဲလှုပ်လှုပ် စိတ်သဘောညီတာ တစ်ခုရှိသည်။ ဘာရှိရမလဲ။ အထက်က ပြောခဲ့သလို အမျိုးဘာသာ သာသနာ စောင့်ရှောက်အံ့။

အမျိုးဘာသာ သာသနာ အတွက်ဆိုလျှင်တော့ ဘယ်သူ့ ဘယ်သူ့ မျက်နှာမှ မကြည့်နိုင်။ ဘယ်သူ့ ဘယ်သူ့ကို သဘောကျခဲ့ ကျခဲ့ သူတို့ ယုံကြည်သော မျိုးစောင့် ဥပဒေသကြီးကို ဆန့်ကျင်တာဘဲ ဖြစ်ဖြစ်၊ ဆန့်ကျင်ချင်ယောင် ပြတာဘဲ ဖြစ်ဖြစ် လုံးဝ (လုံးဝ) သီးမခံ။ နောက်ဆုံး ကုန်ကုန် ပြောရလျှင် မထောက်ခံလျှင် ကိုသောင်းမြင့် ရန်သူ ဖြစ်လာလောက်အောင် ကိုသောင်းမြင့်က စိတ်ကြီးသည်။

“ဒီမှာ ကိုယ်တော့်နှယ်…ဒီ မျိုးစာင့် ဥပဒေနဲ့ ပါတ်သက်လို့ကတော့ တပည့်တော်က ဘယ်သူ့ကိုမှ အလျှော့မပေးနိုင်ဘူး ဘုရာ့။ သူ့ဘာသာ နိုင်ငံတကာက ဆန့်ကျင်ယုံမကလို့ တာဝတိံသာက သိကြားမင်းကြီး ဆင်းပြီး တားတောင် တပည့်တော်က လုပ်မှာဘဲ ဘုရာ့။ သိလား။ ဒီအချိန်ဟာ တပည့်တော်တို့အတွက် အခွင့်အရေးဘုရာ့။ တပည့်တော်က နာမည်သာ “သ” နဲ့စတာ။ စနေသား ဘုရာ့။ နေတက် ရေတက်မွေးတာ ကိုယ်တော့်နှယ်။ ရှင်းရှင်း ပြောရရင် စိတ်ကြီးလွန်းလို့ အီးတောင် တစ်တုံးပါမယ်ဆိုရင် တစ်တုံးဘဲ ပါတာဘုရာ့။ နှစ်တုံး ပါရင် တစ်တုံး ကောက်ပြီး ခွေးကျွေးပြစ်တာ ဘုရာ့..ဟဲ ဟဲ” လို့ ပြောသဖြင့် သူ့ရှေ့က တယ်လီဖုန်းပွတ်ပြီး Facebook သုံးနေသော ဦးပဇ္ဇင်းခမြာ သောက်လက်စ ရေနွေးတွေတောင် သီးကုန်သည်။

ကိုသောင်းမြင့်က ခေတ်ပညာတတ် စာအနည်းငယ် ဖတ်သူပီပီး နှိုက်နှိုက်ချွတ်ချွတ် ရှာရှာဖွေဖွေ ရှာပြီး သူ့ Facebook မှာ Staus တွေ တင်သည်။ ဘယ်ခေတ် ဘယ်ကာလက ဘယ်နိုင်ငံမှာ ဘယ်သူတွေ ဘယ်လို လုပ်လို့ ဗုဒ္ဓဘာသာ သာသနာ နိမ့်ကျ လျောကျခဲ့ရကြောင်း။ ဘယ်နိုင်ငံ ဘယ်နေရာမှာ ဘယ်သူတွေုလုပ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လောက်တောင် ဆင်းရဲကျပ်တည်းကြောင်း စတာတွေ ရေးတင်သည်။ အကိုးအကားအစုံအလင်နှင့် ရေးတော့ သူ့ Post တွေမှာ like တွေက မြင်မကောင်းလောက်အောင် များသည်။ အဲဒီ like တွေက ကိုသောင်းမြင့်အတွက် “ပြည်သူတွေ ပေးသော လက်ခုပ်သံသည်..ကိုသောင်းမြင့်ကြီး တုန်ဟီးသွားလိမ့်မည်” လို့ ဆိုရလောက်အောင် သူ့ခမျာ တစ်ရေးနိုးရင်တောင် ထထကြည့်လွန်းလို့ မိန်းမဖြစ်သူကတောင် သင်္ကာမကင်း ဖြစ်ယူရသည်။

အောင်မြင်သူ၊ လမ်းသစ်ထွင်သူတွေမှာ အတိုက်အခိုက်၊ အပွန်းအပဲ့ရှိစမြဲ။ ဒေးလ်ကာနယ်ဂျီ၊ ငါ့ဒိန်ခဲ ဘယ်သူရွှေ့သလဲ၊ ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်စသည့် တက်ကျမ်းတွေကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန် အလှန်လှန်ဖတ်ထားသော ကိုသောင်းမြင့်အတွက် သူ့ပို့စ်တွေအတွက် တိုက်တာ၊ ခိုက်တာ ခံရသည်။ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ အကိုးအကားတွေကို ထုတ်ပြကြပြီး သူတို့ မျိုးစောင့်အဖွဲ့ကို တိုက်ခိုက်ကြသည်။

“ဘုရားရှင်ခေတ်က ဒီလို အခြေအနေမျိုးမှ မကြုံခဲ့ရတာဘဲ ဒကာကြီးရ။ ဒီတော့ အခု ကိုယ်တော်တို့ ဒကာကြီးတို့ လုပ်နေတဲ့ သာသနာ ပြန့်ပွား အဓွန့်ရှည်ရေးဟာ ဘုရားရှင် ရှိရင်လဲ သာဓု မောဒနာ ခေါ်ဆိုမယ့် အလုပ်တွေဘဲ ဒကာကြီးရဲ့။” ဆိုသည့် ဦးပဇ္ဇင်းကြောင့် ကိုသောင်းမြင့် အားတက်ရသည်။

အဆိုးဆုံးက မြန်မာနိုင်ငံတစ်ငံတည်းလောက်သာ ရှိနိုင်သည့် အပြန်အလှန် အပုပ်အစပ် ငယ်ကျိုး ငယ်နာဖော်ပြီး Facebook ပေါ်မှာ တိုက်ခိုက်ကြခြင်း။ နေပြည်တော်မှာ စာဖတ်နေသူကြီး၏ အပုပ်အစပ်တွေ ကို ခဏခဏ လက်ညှိုးထိုးပြပြီး like ချူနေသည့် Facebook ရဲရဲတောက်များကို ကိုသောင်းမြင့်က မမုန်း။ သမိုင်းဆိုတာ ဒီလို အပုပ်အစပ်ပြောဖို့ လို့ သူထောက်ခံသည်။ ဒါပေမယ့် သူရဲ့ အပုပ်အစပ်၊  ငယ်ကျိုးငယ်နာတွေ ဖော်ပြီး ပြောလာတာကျတော့ ကိုသောင်းမြင့် နာသည်။ စိတ်ဆိုးသည်။ ဒါလဲ ထားအုံး။ လူဆိုတဲ့ အမျိုးက အထူးသဖြင့် မြန်မာလူမျိုးဆိုတာ ကိုယ့်ရဲ့ ယုံကြည်ရာ သူများ မယုံရင် စုတ်ပြတ်သတ်အောင် ပြောတတ်တာ ကိုသောင်းမြင့်လို Facebook ကဝေကြီးအတွက် နောကြေအောင် သိပြီးသား။

အခုတော့ ဘာမှ မဆိုင်တဲ့ သူမိန်းမကိုပါ ထည့်ပြီး တိုက်ခိုက်လာသည်။ ဘယ်ကနေ ဘယ်လို သူ့မိန်းမနဲ့ သူ့ရဲ့ Facebook မျိုးစောင့်ဥပဒေ ရေးဆွဲရေး ထောက်ခံတဲ့ အကောင့် ပါတ်သက်တယ်ဆိုတာ သိသွားကြသည် မသိ။ သူ့မိန်းမနှင့် စီးပွားဖက် ဘာသာခြား မိသားစုတွေကို ထုတ်ပြသည်။ ဟုတ်တာတွေရော။ မဟုတ်တာတွေပါ ပြောလာသည်။ လွန်လွန်းမက လွန်လာတော့ကိုသောင်းမြင့် သူ့မိန်းမကို ဆူဖို့ ကြိုးစားကြည့်သည်။

“မသူ မင်း စီးပွားရေး လုပ်တာလဲ လုပ်ပေါ့။ ဒါပေမယ့် ငါ့မျက်နှာကို အိုးမဲမသုတ်နဲ့။”

“အမယ်..လာလာချည်သေး။ ရှင်က ဘာပြောချင်တာလဲ။”

“မင်း မွတ်ဆလင် ဟိုမိသားစုနဲ့ တွဲဖက်ပြီး အလုပ် လုပ်နေတာ ရပ်ရင် ကောင်းမယ်။ အမျိုးဘာသာ သာသာနာကို မင်းလို ပညာတတ်၊ ထက်ထက်မြက်မြက် မိန်းမက ပိုပြီး ထိန်းသင့်တယ် မဟုတ်လား”

ကိုသောင်းမြင့်၏ မြှောက်လုံးလေးက သူ့မိန်းမ မသူဇာကို အရှိုက်ထိသွားစေဟန်တူသည်။ မသူဇာက လေပြေလေးနှင့်..

“အို …ကိုရယ်…အဲဒီမိသားစုနဲ့ ကျွန်မတို့ မိသားစုဆိုတာ ဟိုး…ကျွန်မ မမွေးခင်..ကျွန်မ အဖေနဲ့ အမေ စီးပွားရေး စကတည်းက အတူတူစီပွားဖက် အလုပ် လုပ်လာကြတာ။ သူတို့ကလဲ ကျွန်မတို့ အလှူအတန်းရှိရင် လာတယ်။ ကူပံ့တယ်။ ကျွန်မတို့ကလဲ သူတို့ အစ်နေ့တွေ ဘာတွေဆိုရင်လဲ သွားပြီး စားသောက်နေတာဘဲ မို့လား။ ရှင်ပြောတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးနေတာ ရပ်လိုက်လို့ ဖြစ်မလား။ မဖြစ်နိုင်တာ မပြောပါနဲ့ ကိုရယ်။” ဟု ပြောသည်။

ကိုသောင်းမြင့် သူ့မိန်းမ စိတ်ကို သိသည်။ ဒီလို လေပြေလေးနှင့် နားလည်အောင် ရှင်းပြလို့မှ မရဘဲ ထပ်ပြီး အထွန့်တက်နေရင် သူဘဲ လမ်းထိပ်ထွက်ရမှာမို့လား။ အခုတော့ ပြန်ပြီး စောဒက တက်မနေတော့ဘဲ အပေါ်အင်္ကျီလေး ကောက်စွပ်၊ တယ်လီဖုန်းကောက်စွဲပြီး ထွက်လာခဲ့တော့သည်။

သူလမ်းထိပ်ရောက်တော့ ဦးပဇ္ဇင်းလဲ ရောက်နေပြီ။ ဆွမ်းစားအပြီး အချိုတည်းဖို့ လ္ဘက်ရည်ဆိုင်သို့ ထွက်လာ ဟန်တူသည်။ သူဆိုင်ထဲ လှမ်းအ၀င်မှာ…

“လာလာ ဒကာကြီး။ ဒီမှာ ပွဲကောင်းနေကြပြီဗျ။ ကျုပ်တို့ မျိုးစောင့်ဥပဒေကို ဆန့်ကျင်တဲ့ အဖွဲ့ တွေ ၉၀ တောင် ကျော်သတဲ့။ တစ်ချို့အဖွဲ့တွေ ဦးပဇ္ဖင်းတောင် မကြားဘူး ဘူး။ ဒကာကြီး ကြားဘူးလား မသိဘူး။ ၀ိုင်း စီစစ်ပေးပါအုံး။ ဦးပဇ္ဇင်းကတော့ ဒီကိစ္စအတွက် statement တစ်ခုခု ထုတ်ဖို့ မျိုးစောင့် ဆရာတော်တွေကို သွားပြီး တိုက်တွန်းအုံးမယ်။ ဒကာကြီးလဲ ဦးပဇ္ဇင်းတို့ Page ကနေ လက်မခံကြောင်း တစ်ခုခုရေးပေးထား စမ်းပါအုံး။ ဦးပဇ္ဇင်း ခဏကြွလိုက်အုံးမယ်” ဟုဆိုတာ နေပူပူထဲမှာ သင်္ကန်းခေါင်းမြီးခြုံပြီးထွက်သွားရှာသည်။

ဒီကိုယ်တော် ထွက်သွားစဉ်မှာ ကိုသောင်းမြင့် Status တစ်ခု ရေးဖို့ စာရွက်ပေါ်မှာ အရင်ဆုံး ချရေးနေသည်။

အမျိုးဘာသာ သာသနာကို ကိုယ့်လူမျိုးက စောင့်ရှောက်ရမှာဘဲ ဖြစ်ကြောင်း။ အမျိုးဘာသာ သာသနာထက် အရေးကြီးတာ ဘာမှ မရှိကြောင်း။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလဲ မဟုတ်ကြောင်း။ ဒီမိုကရေစီလဲ မဟုတ်ကြောင်း။ စစ်တပ်အုပ်ချုပ်လို့ အမျိုးဘာသာ သာသနာ ထွန်းကားမည်ဆိုလျှင်လဲ အားပေးရမှာဘဲ ဖြစ်ကြောင်း စီကာပါတ်ကုံး လှည့်ပါတ်ရေးသည်။ နောက်ပြီး အင်တာနက်ကဖေးဆိုင်သို့ သွားပြီး သူစာစီထားသမျှကို ပြန်တင်သည်။ နောက်ပြီး သူရေးထားသော စာကို သူပြန်ဖတ်သည်။ သူ့ရေးထားသော စာကို သူပြန်ဖတ်ရင်း အတွေးတွေ ပွားစီးလာသည်။

သြော်…အခုမှ သူသိရတော့သည်။ စစ်တပ်ကြီး အုပ်ချုပ်သော နိုင်ငံလောက် ဘယ်သူကမှ အမျိုးဘာသာ သာသနာကို မစောင့်ရှောက်မကာကွယ်နိုင်ပါတကား။ ငါ ညံ့လေစွ။ ညံ့လေစွ တကား။ ဟို ဒေါ်စုပြောပြောနေတဲ့ ဖွဲ့စည်းပုံပြင်ဖို့ နောက်ဆုတ်။ စစ်တပ်မကလို့ ဘုန်းကြီးတွေကပါ နိုင်ငံအာဏာသိမ်းသိမ်း။ ကိုသောင်းမြင့်အတွက် အမျိုးဘာသာ သာသာကို စောင့်ရှောက်ဖို့ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားရမည်။ မိန်းမကိုပြောမရလို့ အဲဒီမွတ်ဆလင် မိသားစုနဲ့ ချစ်ခင်ခြင်းတွေ ရပ်တန့်လို့ မရချင် နေပါစေ။ Facebook ပေါ်မှာတော့ ကိုသောင်းမြင့်တို့ Page မှာ like ပေါင်း ထောင်ချီနေမှာ သေချာသေးတော့သည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာစည်ပင် ဖွံ့ဖြိုးတော့မှာဟု တွေးပြီး အိမ်ကို ပြုံးဖြီးဖြီးကြီး ပြန်လာသော သူ့ကို မသူဇာက မျက်စောင်းထိုးသဖြင့် မျက်နှာပိုး အမြတ်သတ်လိုက်ရတော့သည်။

(ပိုးလောက်လန်း ဖိုးထက်)

(သရုပ်ဖော် စောငို)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ကိုသောင်းမြင့် စောင့်ရှောက်သော သာသနာ

Comments are closed.