စာပဒေသာ ရသဆောင်းပါးစုံ

အတွေးကမ္ဘာ ရေးစရာ


စိုးမင်း
ဇူလိုင် ၁၂၊ ၂၀၁၂

 

 

 

“လူတိုင်းကြိုက်အောင်ရေးဖို့ဆိုတာ သူတို့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ရေးတာ၊ ရှဲဒိုးနဲ့ ငှားရေးခိုင်းတာ မဟုတ်ဘူးဆိုတာတော့ ဖတ်ရင်းဖတ်ရင်း မငြင်းနိုင်အောင် သဘောပေါက်လာပါလိမ့်မယ်။ သူတို့ရေးတဲ့စာတွေမှာလည်း သူတို့ကိုယ်ပိုင်ဟန်တွေ ရှိတာကိုး”

 

တော်တော် အားအားယားယားရှိလို့သာ စာတွေ စက်နဲ့ လှည့်ထုတ်သလို ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးနိုင်ပါပေတယ်။ သူ့ခေါင်းကြီးကလည်း ပေါက်ပေါက်ရှာရှာ ၀ါစာကမ္မာ တွေးလည်း တွေးတတ်နိုင်ပါဘိသနဲ့။ သူများကို ပြောရမယ်ဆိုရင်လည်း တုတ်ထိုးအိုးပေါက်ရော စောင်းပါးရိပ်ခြေပါ အမြင်ကပ်စရာ ကောင်းလောက်အောင်ကို ထိထိမိမိရှိပါ့။ စသည်စသည်ဖြင့် အားပေးမြှောက်စားသူ အကိုအမများ အလိုကျစေဖို့ရာ သည်တခါတော့ ဧရာကြီး ကြော်ငြာထဲမှာ မေးခဲ့သလို ဘာကြောင့်ကွယ် ဒါလောက်တောင်များ ရေးနိုင်ရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကလေးကို အားကျနေသူများ သိရအောင် ကေသီပန်သွေးပုပ်ချဆေး ကျွေးလိုက်ပါရစေ။

အခုရေးပြီးသလောက်အထိကို ဘာပြောမှန်းမသိသေးသူတွေအတွက်တော့ စာမရေးတာက ကောင်းပါလိမ့်မယ်။ စာထပ်ဖတ်လိုက်ပါဦး။ သူများရေးတဲ့စာကို ဆိုလိုရင်းသဘောပေါက်အောင် ဖတ်နိုင်မှ ကိုယ်ရေးတဲ့အခါမှာလည်း သူများနားလည်အောင် စကားပြေရေးတတ်ပါလိမ့်မယ်။ လောလောလတ်လတ်ကိုပဲ ကိုယ်ရေးသမျှစာတွေကို အဓိပ္ပါယ်တွေ လိုသလို ကောက်ချက်ဆွဲကုန်ကြလို့ ၀ိရောဓိတွေဖြစ်ကုန်ပေါင်းလည်း မနည်းတော့ဘူး မဟုတ်လား။ ငါ့စာဖတ်ပြီး နားမလည်ရကောင်းလား လို့ သူများကို အပြစ်တင်တဲ့သဘော မဆိုလိုပါဘူး။ ကိုယ်လိုပဲ စာတွေရေးတော့မဟဲ့လို့ အားခဲထားတဲ့သူတွေ၊ အားကျနေတဲ့သူတွေ၊ ရေးလည်းရေးဆဲသူတွေအားလုံး ကိုယ့်ကို သင်ခန်းစာယူနိုင်အောင် ပြောရတာပါ။

လူတစ်ယောက်နဲ့တစ်ယောက် ရင့်ကျက်မှုချင်း၊ အတွေ့အကြုံချင်းမတူနိုင်တဲ့အတွက် ကိုယ်ရေးသမျှ အကုန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အိပ်မက်ပါ။ ဆေးကြော်ငြာထဲကလို အရွယ်သုံးပါး ကျားမမရွေး နှစ်ခြိုက်လက်ခံ သုံးစွဲနိုင်တယ်ဆိုတဲ့ စာအုပ်မျိုး မြန်မာပြည်မှာ မပေါ်သေးပါဘူး။ ဒီအခါမှာ ကိုယ်ရေးတဲ့စာကို ဖတ်မယ့်သူတွေဟာ ဘယ်လိုလူတန်းစား အမျိုးအစားလဲဆိုတာကို အရင်သိထားသင့်ပါတယ်။ ဘယ်လိုစာမျိုးပဲရေးရေး ဖတ်မယ့်သူ မရှိမှာတော့ မပူပါနဲ့။

ကျောက်ခဲတွေအန်ပြတဲ့အခွေဟာ ရန်အောင် နေတိုး မိုးအောင်ရင် သူထူးစံ နဲ့ မင်းသမီးငယ်တစ်ဒါဇင်ပါတဲ့အခွေထက် ရောင်းကောင်းချင်ကောင်းပါတယ်။ တစက်ကလေးမှ ဖတ်လို့လည်းမကောင်း၊ ကြောက်စရာလည်း မကောင်းတဲ့ သရဲလိုလို စုန်းလိုလို ၀တ္ထုတွေဟာ လောလောဆယ် မြန်မာပြည်မှာ ရောင်းအားအကောင်းဆုံးပါ။ (ကိုယ်ရေးတဲ့စာတွေကမှ ဆင်ဆာတင်ထားတာ ခြောက်လတစ်နှစ်ကြာဦးမယ်)။

နံမယ်ကြီးချင်တာသက်သက်ဆိုရင်တော့ လူကြိုက်များမယ့်စာမျိုးကို လူပြိန်းနားလည်အောင်သာရေး။ မပေါက်မရှိပါဘူး။ လူပြိန်းနဲ့လူပါး ဘယ်သူကများသလဲမှ မသိရင် ကိုယ်လည်းပြိန်းနေပြီလို့သာမှတ်။ တစ်ခုတော့ သတိထားပါ။ စာဖတ်သူဆိုတာ စာရေးသူကို သူရေးတဲ့စာနဲ့တွဲပြီး မြင်တတ်တာမို့ ကိုယ်ဘယ်လိုလူလဲဆိုတဲ့ ပုံရိပ်ဟာ ကိုယ်ရေးတဲ့စာတွေပေါ်မှာ အရိပ်ထင်နေမှာ မလွဲပါဘူး။ နံမည်ဝှက်တွေသုံးပြီး လူတကာ လိုက်ဆဲတတ်တဲ့သူမျိုးတောင် လူသိလာရင် နံမယ်မြင်တာနဲ့ သူ့ဆီက ဘယ်လိုစကားမျိုးထွက်လာတော့မှာ သိပြီးသား ဖြစ်နေတတ်ပါတယ်။

ကလောင်ပုပ် ကလောင်ယုတ်ဆိုတာ ခေတ်အဆက်ဆက်ရှိမြဲရှိဆဲပါ။ အဲသည်လူတွေအားလုံး သူတို့ကိုယ်သူတို့ အဲဒါ ငါရေးတာလေ လို့ လူ့ရှေ့သူ့ရှေ့ ပြောရဲတာ မြင်ဖူးလို့လား။ ကိုယ့်ကလောင်ကလေး ပလူမွှေးပလူတောင်ကို ခြင်ပုန်းတောမှာ မနေသာဆိုပြီး ခြုံခိုတိုက်ခိုက်ဖို့ သက်သက် မွေးမထားပါနဲ့။ ရေးမယ့်ရေးရင်တော့ တင်ကျန်နေရစ်ခဲ့မယ့်စာမျိုးရေးတာ မကောင်းပါလား။ ရေးရင်းရေးရင်း အလုပ်ကသင်သွားပါလိမ့်မယ်။ မယုံရင် ဟိုးရှေးရှေ့က ပထမဆုံးရေးတဲ့နုတ်စ်နဲ့ နောက်ဆုံးရေးတဲ့နုတ်စ်နှစ်ခုကို ဆက်တိုက်ဖတ်ကြည့်လိုက်ပါ။ နှစ်နှစ်ကျော်ပဲရှိသေးတဲ့ စာရေးသက်အတွင်းမှာ ရေးပုံရော တွေးပုံပါ သိသိသာသာ ပြောင်းလဲသွားတာ တွေ့ရမှာပါ။ အရေးကြီးတာက မှန်မှန်ကလေး ရေးနေဖို့ပဲ လိုပါတယ်။

မြန်မာစာ ကောင်းကောင်းရေးတတ်ဖို့ အဓိကလိုအပ်ချက်ကတော့ စာများများဖတ်ဖို့ပါ။ ဘယ်လိုစာမျိုးပဲ ဖြစ်ဖြစ် ဖတ်ဖြစ်အောင်သာဖတ်ကြည့်ပါ။ ကိုယ်က ဘယ်လိုစာမျိုးကိုဖတ်ရတာ အရသာတွေ့သလဲဆိုတာကို အရင် သိအောင်လုပ်လိုက်ပါဦး။ ပြီးရင် သူငယ်ချင်းတွေနဲ့ နည်းနည်းဆွေးနွေးကြည့်ပါ။ သူရော ဘယ်လိုစာတွေဖတ်နေသလဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်ပါဦး။ ရွှေဥဒေါင်း ဖတ်ဖူးပြီလား။ သိပ္ပံမောင်ဝကို သိသလား။ ခင်နှင်းယု၊ ဂျာနယ်ကျော် မမလေး၊ သော်တာဆွေ။ သာဓု ဖတ်ကြည့်ဖူးသလား။ မဖတ်ရသေးဘူးဆိုရင် ရှာဖတ်လိုက်ပါဦး။ နောက်တော့ ကိုယ့်အသိဥာဏ်နဲ့ သဟဇာတဖြစ်တဲ့ စာပေအမျိုးအစားကို ကိုယ့်ဘာသာ ရှာဖွေတွေ့ရှိ သွားပါလိမ့်မယ်။ ဒီအခါမှာ ကိုယ်အဖတ်များတာ ဘယ်လိုစာအုပ်မျိုးဖြစ်နေသလဲ လို့ ပြန်သတိထားလိုက်ပါဦး။ သတိုးတေဇတို့၊ တြိစက္ကတို့၊ ဒဿကျော်စွာတို့၊ မင်းမြတ်သူရတို့ဖြစ်နေသလား။ စူးရှမြတ်မြတ်တို့၊ မနတ်သမီးတို့၊ ခင်ဦးခင်ခင်တို့ဖြစ်နေသလား။ နတ်ရွာမိုး၊ အကြည်တော်၊ ဗျူး၊ တို့ဖြစ်နေသလား။ လွန်းထားထားတို့၊ မီကိုဇူးဇင်တို့၊ ပုဏ္ဏမီတို့၊ လမင်းမိုမိုတို့ဖြစ်နေသလား။ ဂျူး၊ မင်းလူ၊ မြနှောင်းညို။ ၀င်းဝင်းမြင့်၊ ခင်ခင်ထူးဖြစ်နေသလား။ ဘယ်စာအုပ်မဆို အားလုံးကို ဖတ်ဖြစ်အောင်တော့ ဖတ်ပလိုက်စမ်းပါ။ ဖတ်ပြီးတဲ့အခါ တကယ်လို့များ အဲသည်စာအုပ်ကို ကိုယ့်စာအုပ်စင်မှာ သိမ်းမယ်ဆိုရင် ဘယ်လိုနေရာမျိုးမှာ ဘာခေါင်းစဉ်တပ်ပြီး သိမ်းထားမလဲ တွေးကြည့်လိုက်ပါ။ နောက်တစ်ခါ ပြန်ဖတ်ချင်တဲ့စာအုပ်လား။ လိုချင်ရင် ပြန်ဖတ်ဖို့ ရှာမယ့် စာအုပ်လား။ တစ်သက်လုံး မကြာမကြာပြန်ဖတ်ဖို့ သိမ်းထားမယ့် စာအုပ်လား။ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။

အခုပြောသွားတာတွေကတော့ စာပေလောကမှာ နံမယ်တစ်လုံးနဲ့ အင်မတန်ရောင်းကောင်းတဲ့ နိုင်ငံကျော် စာရေးဆရာကြီးတွေ ဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ စာတစ်အုပ်မှ မထွက်သေးတဲ့ ကိုယ့်ထက်တော့ လူကြိုက်များတာ ငြင်းလို့မရပါဘူး။ စဉ်းစားရမှာက ကိုယ်စာရေးတဲ့အခါမှာ သူတို့ထဲက ဘယ်လိုစာရေးဆရာတွေရေးတဲ့စာမျိုးကို ရေးချင်သလဲ ဆိုတာပါ။ ကြိုက်တော့ ကြိုက်တယ်။ သူ့လို မရေးတတ်ဘူးဆိုရင်လည်း မပူပါနဲ့။ ကိုယ်ကြိုက်တဲ့စာရေးဆရာရဲ့လက်ရာတွေကို သူ့ကလောင်ခေါ်တဲ့နောက်ကို လိုက်မသွားပဲ သူဘယ်လို စာရေးသွားသလဲ သိရအောင် အခေါက်ခေါက် အခါခါ ပြန်ဖတ်ကြည့်ပါ။ လိုက်ရေးကြည့်ပါ။ မတတ်စရာ မရှိပါဘူး။ ရေးပါများလာတဲ့အခါ ကိုယ်ရဲ့ ပင်ကိုယ်ဟန်က ကိုယ်ရေးတဲ့စာတွေထဲမှာ အရိပ်ထင်လာပါလိမ့်မယ်။ ဘယ်လိုကလောင်ပွားတွေနဲ့ ခွဲရေးဦးတော့ ဖတ်နေကျလူအဖို့ ဒီစာမျိုးဟာ ဘယ်သူရေးနေကျ စတိုင်ဆိုတာ အကဲခတ်လို့ရပါတယ်။ သူများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တစ်ခု ခွဲထုတ်တတ်ရင်တော့ ရေးသမျှစာမှာ လက်မှတ်ထိုးစရာ မလိုတော့ပဲ ရေစစ္စတြီပြုလုပ်ပြီး ဖြစ်သွားမှာပေါ့။

စာရေးတယ်ဆိုတာ ဘာသာစကားကျွမ်းကျင်မှုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကိုယ့်အတွေးအမြင် ခံစားချက်ကို စာဖတ်သူဆီ ကူးစက်လာအောင် ပုံဖော်ထုံကူးယူရတဲ့ အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ရှိသမျှကို စာရေးခြင်း အတတ်ပညာနဲ့ အက္ခရာစီတာ မတတ်ရင် အအ အိပ်မက်မက်သလို ဘယ်လိုပြောရမှန်းမသိပါဘူး နဲ့တင် အဆုံးသတ်သွားတတ်ပါတယ်။

စိတ်ကူးထဲရှိတာကို တဘက်လူ နားလည်အောင် စာလုံးနဲ့ပုံဖော်တတ်ပြီဆိုရင် အဲဒါ အရေးကိစ္စပဲ ပြီးပါတယ်။ ဘာတွေကို တွေးကြမလဲဆိုတဲ့ အတွေးကိစ္စကျန်ပါသေးတယ်။ အတွေးဆိုတာ အကြောင်းအရာတစ်ခု ဖြစ်ရပ်တစ်ခုအပေါ်မှာ ရှုမြင်သုံးသပ်တဲ့ ခံစားချက် ထင်မြင်ချက်တွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဥပမာ ဓါတ်ပုံတစ်ပုံ၊ ပန်းချီကားတစ်ချပ်ကို ကြည့်မြင်ခံစားသလိုမျိုးပေါ့။ ရုပ်ရှင်ဇာတ်လမ်းတစ်ခုကြည့်သလို ရှေ့ဖြစ်နောက်ကြောင်း အချိန်အပိုင်းအခြားတစ်ခုနဲ့ ရောက်တတ်ရာရာ ဖြစ်စဉ်ကို ကြည့်မြင် ခံစားတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ နောင်ကို ဘာဆက်ဖြစ်ဦးမလဲ ဘာတွေဆက်ဖြစ်နိုင်သလဲ ဆိုတာကို ခန့်မှန်းတွေးတောကြည့်တာမျိုးလည်း ဖြစ်ချင်ဖြစ်ပါမယ်။ လောကကြီးမှာ စိတ်လောက် ထွေပြားဆန်းကျယ်တာ မရှိဘူးလို့ ဆိုကြတဲ့အတွက် စိတ်ကတွေးသမျှတွေကလည်း ရေးလို့ ပြောလို့ ကုန်နိုင်စရာ မရှိဘူးပေါ့။ လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ကွဲကွဲပြားပြား ခွဲခွဲခြားခြား တွေးတတ်မှ ကိုယ်ရေးတဲ့စာကိုလည်း ဖတ်တဲ့သူက အလွယ်တကူ သဘောပေါက်နိုင်ပါလိမ့်မယ်။

အတွေးကို ဘယ်လိုတွေးရမလဲဆိုတဲ့ကိစ္စကတော့ စာရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဘယ်ဖြစ်ရပ်ကိုမဆို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်မှသာ အဖြေရှာတဲ့အခါမှာလည်း အမှန်နဲ့နီးစပ်တဲ့ အဖြေကို ရပါလိမ့်မယ်။ မှန်ကန်တဲ့အတွေးအမြင်ကို ရချင်တယ်ဆိုတဲ့သူဟာ ဒီဟာအမှန်တရားပဲဆိုတဲ့ ပုံသေစွဲကိုင်ထားတဲ့အယူဝါဒ တရားသေသဘောမျိုး မထားရပါဘူး။ ရပ်နေတဲ့နာရီများတောင် တနေ့မှာ နှစ်ကြိမ်တော့ မှန်နိုင်ပါသေးတယ်။ သွားနေတဲ့နာရီတွေအတွက် အမှန်တရားဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတာ မဟုတ်လား။ အဲဒီအတွက် တွေးတောသူဟာ မူလရပ်တည်ချက်ကို အသေမထားပဲ နေရာရှုထောင့် အချိန်အခါ အမျိုးမျိုးနဲ့ ရှုမြင်သုံးသပ်တတ်ရပါမယ်။

လူတိုင်းနားလည်တဲ့ ဥပမာပေးရမယ်ဆိုရင် တရားသူကြီးဆိုတာ ဘယ်သောအခါမှ အမှုကို တစ်ဘက်နားနဲ့ ကြားနာဆုံးဖြတ်လို့ မရပါဘူး။ (ကျုပ်တို့ဆရာဝန်တွေ အလုပ်ထွက်ကုန်တဲ့အခါကျရင်သာ မျက်ကွယ်စစ်ဆေးချက်နဲ့ သူတို့ဘာသူတို့ စစ်ဆေးပြီး Black list တွေကို လေဆိပ်ပို့၊ စသုံးလုံးပို့ လုပ်ကြပါသတဲ့။ ခေါ်လို့ဆင့်လို့မှ မရတော့လည်း သည်နည်းပဲ ရှိတာပေါ့လေ)။ သို့သော်လည်း ကိုယ်တွေ့မြင်ဖူးခဲ့သမျှသော စစ်ဆေးမေးမြန်းမှုတွေ အားလုံးမှာတော့ မကြားနာမီကတည်းက တစ်ဘက်ကို အရင် ညှိနှိုင်းပြီးတဲ့အခါမှာ နောက်တဘက်ကို အမှန်အမှား စိတ်ဝင်တစားကို မေးမြန်းမနေတော့ပါဘူး။ သိချင်ပုံလည်း မရပါဘူး။ ဒီဖြစ်ရပ်ကနေ ကိုယ့်အတွက် အကျိုးအမြတ်တစ်ခုခု ကျန်အောင် မလုပ်ရင်တောင် ကိုယ့်ကို ပြန်ပြီး အာပတ်သင့်လာစေမယ့် ကိစ္စမျိုးကို ဂရုစိုက်လိုက်ပြီး ကျန်တာကတော့ သည်လိုသည်လို စီစဉ်ဖြေရှင်းလိုက်ပါကြောင်းဆိုပြီး အထက်ကို ပြန်တင်ပြဖို့ ပွဲသိမ်းပလိုက်ဖို့သာ အဓိကထားပါတယ်။

Mangement သမားတွေ ပြောလေ့ရှိတဲ့ Win-Win situation ဆိုတာ Admin ဘက်ကလူတွေအတွက် ရယ်တာပေါ့ဗျာ။ သူတို့က win – win – win – win တောင် အဖြေရအောင် ထုတ်နိုင်ပါတယ်။ တိုင်တဲ့သူရော အတိုင်ခံရသူပါ ကြေနပ်သွားစေရုံတင်မကဘူး။ ကိုယ့်အတွက်လည်းကျန် အထက်လူကြီးလည်း သဘောကျစေတဲ့ ဖြေရှင်းနည်းမျိုးတွေ သူတို့ အံ့မခန်းအောင်တတ်ကျွမ်းပါတယ်။ အလွယ်ဆုံးနည်းကတော့ ဖြစ်သမျှဒဏ် င၀က်ခံ ပြန်မပြောနိုင်မယ့်သူတစ်ယောက်ယောက်အပေါ် အပြစ်ပုံချပြီး ထိထိရောက်ရောက် အရေးယူပြလိုက်တယ် ဆိုတာမျိုးပေါ့။ ဥစ္စာ၊ အာဏာ၊ ငွေကြေးဂုဏ်ဒြပ် တစ်ခုခုမှ မရှိတဲ့သူတွေအတွက် အမှန်တရားနဲ့ မတန်ဘူး။ အဲဒါ နင်တို့အရာ မဟုတ်ဘူး လို့ ယတိပြတ် ယုံကြည်ထားပြီးသား ဖြစ်ပုံရပါတယ်။ ပြောချင်တဲ့ တရားကိုယ်အကြောင်းကတော့ ဘက်စုံအောင် ကြားနာသုံးသပ်တာ မရှိရင် အမှန်တရားနဲ့ ဝေးကွာသွားတတ်ကြောင်း နမူနာပြတာပါ။ လွယ်လွန်းလို့ ဘယ်သူမှ မလုပ်ကြတာ ထင်ပါရဲ့။

စာရေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ တွေးတောတဲ့အခါမှာပဲဖြစ်ဖြစ် ဘက်လိုက်ရပ်တည်မှုကို စွန့်ခွာလိုက်မှသာ အမြင်ကျယ်တဲ့ ရုပ်လုံးကြွတဲ့ ပုံရိပ်ကို ရလာပါလိမ့်မယ်။ နှစ်ဘက်မြင်၊ သုံးဘက်မြင်၊ ထောင့်စေ့တဲ့အမြင်တွေ ပြီးတဲ့အခါမှာတော့ ဘယ်ဘက်ကမှ မမြင်လိုက်ရပဲ ဖုံးကွယ်ထားတဲ့ ပုန်းလျှိုးနေတဲ့အရာတွေ ကို ဥာဏ်မျက်စိနဲ့ မြင်တတ်အောင် ကြည့်ရပါဦးမယ်။ စာဖတ်တဲ့အခါမှာလည်း စာရေးသူရဲ့ စာကြောင်းတွေထဲမှာ ထည့်ရေးမထားတဲ့ အသံတိတ်စကားတွေကို ကြားတတ်အောင် နားထောင်ကြည့်သင့်ပါတယ်။ Read between the lines. လို့ ပြောကြတာပေါ့။

တခါတရံမှာ အမှန်တရားဆိုတာ ပြူးပြူးပြဲပြဲ စွာကျယ်စွာလောင် မဟုတ်ပဲ သတိပြုမိမှသာ သတိထားမိစရာဖြစ်တဲ့အခါလည်း ရှိပါတယ်။ ထောင့်စုံအောင် ရှုမြင်တဲ့အခါ အဲဒါလေးတွေကို အမှတ်တမဲ့ဖြစ်မကျန်ခဲ့အောင်လည်း ထပ်တွေးကြည့်ရပါမယ်။ အဲသလိုမျိုး အရိပ်ပြရုံနဲ့ အကောင်မြင်တတ်ဖို့ဆိုတာ အရင်ကတည်းက အကောင်လိုက်ကို ကိုယ့်မျက်စိထဲမှာ စွဲနေအောင် မြင်ဖူးထားမှ ဖြစ်မှာပါ။ စာရေးသူဘက်က ထုတ်မရေးထားသော်လည်း စာဖတ်သူကို ကိုယ့်ဘာသာတွေးယူခိုင်းတဲ့ မြှုပ်ကွက်များဟာ စာဖတ်နာတဲ့သူမှသာ အလွယ်တကူ သဘောပေါက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့ စာရေးချင်တဲ့သူတိုင်းကို စာများများဖတ်ဖို့ တိုက်တွန်းပါတယ်။ ဘယ်ပညာရပ်နယ်ပယ်မှာမဆို အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက်လည်း စာများများဖတ်ဖို့လိုပါတယ်။ အချိန်ဘယ်လောက်ပဲ မအားသည်ဖြစ်စေ ဘာစာအုပ်မှ မကိုင်ပဲ နေ့တစ်နေ့ကုန်သွားရင် နှမြောစရာကောင်းတာပေါ့။

လူပုဂ္ဂိုလ်နဲ့ နမူနာပြရရင်တော့ စိုင်းစိုင်းခမ်းလှိုင်တို့ စိုးမြတ်သူဇာတို့ဟာ စာရေးဝါသနာပါတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့လောက် အချိန်တွေ မအားကြတာလည်း သူတို့ပဲ ရှိပါတယ်။ ဒါပေမယ့် စာဖတ်ရုံတင်မကဘူး။ စာတောင်ရေးနိုင်ထုတ်နိုင်ကြတာ ချီးကျူးစရာ မကောင်းပါလား။ ကိုယ်မကြိုက်လို့ ကောင်းလည်းမကောင်းဘူး။ ညံ့လိုက်တာ၊ ပြောချင်ပြော၊ ပြောလို့ရပါတယ်။ အစကပြောခဲ့သလို လူတိုင်းကြိုက်အောင်ရေးဖို့ဆိုတာ သူတို့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ရေးတာ၊ ရှဲဒိုးနဲ့ ငှားရေးခိုင်းတာ မဟုတ်ဘူးဆိုတာတော့ ဖတ်ရင်းဖတ်ရင်း မငြင်းနိုင်အောင် သဘောပေါက်လာပါလိမ့်မယ်။ သူတို့ရေးတဲ့စာတွေမှာလည်း သူတို့ကိုယ်ပိုင်ဟန်တွေ ရှိတာကိုး။

ကိုးမိုင်မှာ စိုးမြတ်သူဇာနေတုန်းက သူ့အိမ်မှာ စာအုပ်စင်နစ်ခုရှိပါတယ်။ တစ်ခုက အိပ်ယာဘေးမှာ၊ နောက်တစ်ခုက အိမ်သာထဲမှာ။ နော်ရင်မွှေးရော၊ ရွှေနံ့သာစံအိမ်ရော ပရိုဂျူဆာက သူ့ဆီလာငှားတာ မဟုတ်ပါဘူး။ သူ့ဘာသာဝတ္ထုရှာဖတ်ပြီး ပရိုဂျူဆာရှာရိုက်တာပါ။ အဲဒီဝတ္ထုနှစ်အုပ်စလုံးဟာ ရောင်းတမ်းဝင်နံမယ်ကျော်တွေ မဟုတ်ပဲ ရှာရှာဖွေဖွေ စာဖတ်နာသူတွေသာသိတဲ့ တော်တော်ကောင်းတဲ့ ၀တ္ထုတွေပါ။ သူ့အနေနဲ့ သည်အသက်သည်အရွယ်အထိ သည်လိုနေရာမျိုးမှာ ရပ်တည်နေနိုင်တာ စာများများဖတ်တဲ့ အကျိုးကျေးဇူးကြောင့်လည်း ပါတယ်လို့ အချိန်မရလို့ စာမဖတ်အားဘူးဆိုသူတွေကို သိစေချင်ပါတယ်။

ခေတ်စံနစ်တွေပြောင်းလာတဲ့အခါမှာ စာရယ်ပေရယ်လို့ ဖတ်စရာမှတ်စရာတွေက စက္ကူ၊ စာရွက်တွေပေါ်မှာ ပုံနှိပ်ထားမှရယ် မဟုတ်ဘူး။ အင်တာနက်ပေါ်မှာလည်း ရေးချင်ရာ ရေးပြီး တင်ချင်ရာတင်ထားလို့ရတယ်ဆိုတာ တော်တော်များများ သိလာပြီး အလွယ်တကူ ရေးကြဖတ်ကြ ပြောကြဆိုကြတာတွေကြောင့် ကိုယ်ကိုယ်တိုင်လည်း ကနေ့အခါမှာ ဖေ့စ်ဘုတ်မှာ စာတွေရေးရေးနေတာလေ ဆိုတဲ့သူတစ်ယောက်အဖြစ် ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ဒီအခါမှာလည်း ဘယ်လိုစာမျိုးမဆို ဖတ်ရင်းကနေ တချိန်ချိန်မှာတော့ ကိုယ့်အတွက်အကျိုးရှိမယ့် စာတွေ၊ နှစ်ခြိုက်မိတဲ့စာတွေ ရှာဖွေတွေ့ရှိသွားပါလိမ့်မယ်။ အဲသည်ကမှ စာရေးချင်စိတ်ကလေး မနေနိုင်မထိုင်နိုင်အောင် ပေါ်လာပြီဆိုလို့ရှိရင် ရေးဖြစ်အောင်သာ စရေးကြည့်လိုက်ပါ။ ဘယ်သူတွေဖတ်တာ မဖတ်တာ အပထား။ ကိုယ့်ဘာသာကိုယ်တော့ မလွဲမသွေ ဖတ်ရမှာပဲ။ မရေးခင်လည်း မဖြစ်မနေ တွေးရဦးမှာပဲ။ တဖြေးဖြေးနဲ့ သံချေးကိုက်နေတဲ့ ဦးနှောက်ကြီး ဆာဗစ်ဆင်လုပ် ဆီထိုးပေးလိုက်သလို သွက်လက်ချက်ချာပြီး နိုးကြားလာမှာ မလွဲပါဘူး။

အခုဆိုရင် မှတ်စုတိုရှည်တွေမှ မဟုတ်ပါဘူး။ စတေးတပ်စ် မတ်စိကလေးတွေ တစ်ထွာတစ်ညိုကလည်း ထိထိမိမိဖတ်လို့ကောင်းအောင် ရေးတတ်တဲ့သူတွေ တော်တော် များလာပါပြီ။ အလကားနေ ဟိုလူ့ဆဲ သည်လူ့ဆဲလုပ်နေတာထက်စာရင် အဲသလိုမျိုး အဖတ်တင်နိုင်လောက်တဲ့၊ productive ဖြစ်တယ် လို့ ဆိုရမယ့် စာတိုပေစကလေးတွေ ရေးနေတာက ရေးသူဖတ်သူ နှစ်ဦးနှစ်ဘက် အကျိုးရှိတယ် မဟုတ်ပါလား။

မူရင်း – facebook.com/SoeMin


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts