ရသဆောင်းပါးစုံ ရေခြားမြေခြား မြန်မာများ

ထူးထူး (တောင်ငူ) – တာယာပွကြီးနှင့် ကမ္ဘာ့ဖလား

တာယာပွကြီးနှင့် ကမ္ဘာ့ဖလား
ထူးထူး (တောင်ငူ)၊ ဇူလိုင် ၅၊ ၂၀၁၄

အခန်း (၁)

အခုလိုကမ္ဘာ့ဖလားရာသီရောက်ပြီဆိုရင်စာရေးသူတစ်ယောက်ဘယ်လိုမှမေ့လို့မရတဲ့သူငယ်ချင်း တွေရှိပါတယ်။ ခင်ရာဆွေမျိုး၊ မိန်ရာဟင်းကောင်း ဆိုသလို လွန်ခဲ့တဲ့ (၈) နှစ် ……

၂၀၀၆ ခုနှစ်၊ စာရေးသူတစ်ယောက် မလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာနေစဉ်- ညီအစ်ကိုလိုခင်ပြီးတစ်အိမ်တည်းအတူနေသူငယ်ချင်း(၃)ယောက်ရှိတယ် – ကိုဂျိုး၊ ကိုကုလားနှင့် တာယာပွကြီး။

ကိုဂျိုး နဲ့ ကိုကုလားက KLCC လို့ခေါ်တဲ့ အမွှာမျှော်စင်(twin tower) လေးထပ်က ဗီယက်နမ်ဆိုင်က စာဖိုမှုးတွေ၊ စာရေးသူနဲ့ တာယာပွကြီးက ကုမ္ပဏီတူတယ် ဂျပန်စားသောက်ဆိုင်မှာ … ဒါပေမယ့် ဆိုင်ခွဲမတူဘူး။ စာရေးသူရဲ့ဆိုင်ခွဲက KLCC လေးထပ်မှာ၊ တာယာပွကြီးရဲ့ ဆိုင်ခွဲက Low Yat Plaza မှာ။

ဒီနေရာမှာ စာရေးသူရဲ့သူငယ်ချင်းများကိုအနည်းငယ်မျှမိတ်ဆက်ပေးချင်ပါတယ်…

ကရင်သွေးပါတဲ့ ကိုဂျိုးတစ်ယောက်- သဘောကောင်းတယ်၊ ဖော်ရွှေတယ်… အားရင်ဘောလုံးအမြဲ ကန်တယ်။ ဘောလုံးကန်ရမယ်ဆို ကိုဂျိုးတစ်ယောက် ရဲမကြောက်တော့ဘူး။ ဘယ်နေရာ မဆို သွားတယ်။ မဟုတ်လို့ကတော့ အိမ်ပေါ်ကနေအောက်တောင်မဆင်းဘူး။ အားကစားသမားပီပီ သက်လုံအရမ်းကောင်းတယ်… ဘယ်လောက်သောက်သောက် ပုလင်းသာလဲသွားမယ် လူဘယ်တော့မှမလဲဘူး။ တစ်ခါသား- (limit) လစ်မစ်ကျော်သွားတယ်ဆိုလားပဲ… ဂျိုး တစ်ယောက် ရေချိုးခန်းဘောင်ကို မှီထားရင်းကနေ လှမ်းပြောတယ်… ။

“ကုလား၊ ငါ့ ကိုရေချိုးပေးစမ်းပါအုံး… ငါရင်တွေပူနေလို့” တဲ့။ ကုလားက “အေး … အေး… ငါလာပြီ၊ မင်း ကြပ်ကြပ်သတိထား… ဘာမှတ်နေလဲ… မာလကီးယားသွားမယ်၊ သိလား…။ မင်းတော့ကွာ-ထိုင် ဆောင့်ကြောင့် ထိုင်… ရော့ ဆပ်ပြာ… အခုတော့ ရေပဲချိုးပေးမယ် ၊ ချေးကိုယ်ဖာသာတွန်း ကြားလားတဲ့” – ကုလား ကပြောလည်းပြော လောင်းလည်းလောင်းပေါ့ ရေတစ်ခွက်ပြီး တစ်ခွက်…

ကျွန်တော့သူငယ်ချင်း ကိုကုလားက- ကုလားလို့သာခေါ်တာ… ဗမာစစ်စစ်ဗျ။ သူ့ကို မြန်မာပြည်မှာ ကတည်းက သူငယ်ချင်းတွေက ကုလားလို့ပဲခေါ်တယ်တဲ့။ အခုမလေးရှားရောက်တော့လည်း မလေးရှားက တရုတ်သူငယ်ချင်းတွေက သူ့ကို “ဟက်ကွိုင်” လို့ခေါ်တယ်တဲ့… အဓိပ္ပါယ်ကဘာလဲ ဆိုတော့… “ကုလားပဲတဲ့”… တိုက်ဆိုင်လိုက်တာများ။

ဒါပေမယ့် သူအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်-“ငါ့မှာ ညီတစ်ယောက်ရှိတယ်ကွ… သူ့နာမည်က တရုတ်ကြီးတဲ့” ။

တစ်နေ့ သူငယ်ချင်းတွေ ပိတ်ရက်အတူတူရလို့ ညစာ စားအပြီး၊ ကုလားက အိမ်ရှေ့ ၀ရံတာကို ထွက်သွားကာ၊ သွားကြားထိုးနေပါတော့တယ်။

ခဏကြာတော့ တာယာပွကြီးနဲ့ ကုလား တို့အပြန်အလှန်ပြောသံကိုကြားရပါတော့တယ်…

“ဟာကွာ… ကုလားရာ… မင်းမရွှံဘူးလား၊ ပြန်ပြန်ဝါးစားနေရတယ်လို့ကွာ”။ ကုလားပြန်ပြောတာကတော့ “ယောက်ဖပွကြီး- မင်းဘာမှ မသိပါဘူး၊ ဒါမျိုးမှ ပိုအရသာရှိတာကွ”။ ပွကြီးကတော့ “တော်ပြီ၊ မြန်မာပြည်ပြန်ရောက်ရင် မင်းအိမ်ကို ငါလာမလည်တော့ဘူး။ မင်းလိုကပ်စေးနည်းပြီး၊ ကိုယ့်သွားကြားညှပ်တဲ့ဟာကို ကိုယ်ပြန်ဝါးစားနေတဲ့ကောင်- ငါလာလည်လည်း ဘာမှကျွေးမယ် မထင်ပါဘူး”တဲ့…

တာယာပွကြီး- သဘောကောင်းပြီး ဘော်ဒါစိတ်အပြည့်ရှိတယ်။ မရှိအတူ၊ ရှိအတူပါပဲ။ မြန်မာပြည်မှာ မိဘက လေထိုးကျွတ်ဖာနဲ့ ကားတာယာရောင်းဝယ်ရေးလုပ်ငန်းလုပ်တယ်။ စီးပွားရေးပြေလည်တယ်။ ရန်ကုန်-အင်းစိန် ကားလမ်းမကြီးပေါ်က မိဘရဲ့စီးပွားရေးလုပ်ငန်း ကိုဝင် ရောက်ကူညီရင်း သူ့၏ပင်ကိုယ်စွမ်းရည်ကြောင့်ရလာတဲ့ “ပွကြီး” ဆိုတဲ့နာမည်ရှေ့မှာ အရပ်က တာယာဆိုတဲ့ဘွဲ့ကိုထပ်မံဖြည့်စွက်ပေးလိုက်တော့ “တာယာပွကြီး” ဖြစ်လာတာပေါ့ …  မိဘကဖြစ်စေချင်လို့ ငွေကုန်ကြေးကျခံပြီး ရန်ကုန်က T.T.C (တက္ကသိုလ်လေ့ကျင့်ရေး)ကျောင်း မှာ ထားတယ်။

အတန်းတင် စာမေးပွဲဖြေတော့သူ့ဘေးကကျောင်းသားတွေ အဖြေလွှာစာရွက်မလောက်လို့ ထပ်ပြီးခဏခဏတောင်းတော့၊ သူလည်း နောက်ထပ်လေး၊ ငါးရွက်ထပ်တောင်းတယ်တဲ့… ပြီးတော့ အဖြေလွှာစာရွက်ထဲမှာ ကြက်သားကတစ်ပိသာဘယ်ဈေး၊ ငါးကတစ်ပိသာဘယ်ဈေး၊ ဘူးသီးကဘယ်လို၊ ခရမ်းသီးကတစ်ပိသာဒီလောက်၊ ခရမ်းချဉ်သီးကဒီဈေးပေါက်တယ် ဆိုပြီး ပုံတွေပါဆွဲပေးလိုက်ရင်း … မယုံရင် ဆရာမ ဈေးသွားကြည့်ပါလို့ဖြေလိုက်တာ… ဆရာမက မိဘခေါ်တဲ့အဆင့်ထိဖြစ်လာတယ်။

+++++

အခန်း (၂)

ဒီလိုနဲ့ မလေးရှားမှာ အလုပ်နဲ့အိမ်- အိမ်နဲ့အလုပ် ဆိုသလို ရုန်းကန်နေကြရတဲ့ဘ၀ကြီးထဲမှာ ၂၀၀၆ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ဟာစာရေးသူတို့ သူငယ်ချင်းတွေအတွက်တော့ အပန်းဖြေစရာ  အိုအေစစ်လေးပါပဲ။ အဲ့ဒီ့ ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်တိုင်း လိုလို သူငယ်ချင်း လေးယောက်  အိမ်အနောက်က မာမားဆိုင်(အိန္ဒိယ ကုလားလက္ဘ်ရည်ဆိုင်)မှာ သွားကြည့်ကြပါတယ်။

(၁၆) သင်း – ရှူံးထွက်အဆင့်မှာ အီတလီ နဲ့ သြစတြေးလျတွေ့ကြတယ်။ အဲ့ဒီနေ့ည (ဇွန်-၂၆) ဘောလုံးပွဲ သွားမကြည့်ခင် ပွကြီးက သူငယ်ချင်းတွေကိုဘယ်အသင်းကြိုက်လဲလို့မေးတယ်… အားလုံးက အီတလီကိုကြိုက်တယ်၊ အီတလီက ခံစစ်လုံတယ်လို့ပြန်ဖြေကြတယ်။

တာယာပွကြီးက “အေးကောင်းတယ်ကွာ၊ ငါ ဆိုင်က မလေးကောင်နဲ့ ရင်းဂစ် ၁၀၀ ကြေး အီတလီဘက်ကနေ လောင်းထားတယ်- ဒဲ့ပဲ။ ဘာမှ အကြောမပေးထားဘူး” ၊ “အဲ့ကောင်က မလေးမှာမွေးလို့ မလေးနိုင်ငံသားဖြစ်နေတာ… ဘာမှ နားလည်တဲ့ကောင်မဟုတ်ဘူး၊ ငါ အပြင်မှာ စုံစမ်းတော့ အီတလီကအပေါ်ကြေး၊ သရေတစ်ဝက်ရှုံးပေါက်တာတဲ့”။

ဘောလုံးပွဲကစလို့ ပထမပိုင်းထဲမှာပဲ အီတလီနောက်တန်းခံစစ်မှုး Marco Materazzi ဖျက်တာကြမ်းလို့ ဆိုပြီး ကွင်းလည်ဒိုင်ကအနီကဒ်ပြပြီးထုတ်ပယ်ခဲ့ပါတယ်။ တစ်ဆိုင်လုံးနီးပါးအီတလီပရိတ်သတ်တွေ များလို့ ငြိမ်နေတာ၊ တာယာပွကြီးတစ်ယောက်ပဲ မတ်တတ်ထရပ်၊ လက်ခုပ်တီးပြီး “ကောင်းတယ်ကွာ၊ တစ်ယောက်လျော့သွားပြီတဲ့”။ စာရေးသူစိတ်ထဲမတော့…  အော် ငါ့သူငယ်ချင်းတစ်ယောက်၊ စိတ်နာလို့ ရွှဲ့ပြောတာနေမှာလို့တွေးနေမိတယ်…

(၁၀) ယောက်ပဲရှိတော့တဲ့ အီတလီအသင်းဟာ တိုက်စစ်ကို ကောင်းကောင်းမဆင်နိုင်တော့ဘဲ၊ အရှေ့မှာ တိုက်စစ်မှုး ဒယ်လ်ပီအာရိုတစ်ယောက်ကိုပဲ ထားကာ တစ်သင်းလုံးခံစစ်ပဲ ကစား နေခဲ့တော့တယ်။ သြစတြေးလျအသင်းကတိုက်စစ်ဆင်ပေမယ့်  အီတလီနောက်တန်းကို ဘယ်လိုမှကျော်လို့မရဘူး။ အီတလီဂိုးသမား ဘူဖွန်ရဲ့လက်စွမ်းကလည်း ငြိမ် သလား မမေးနဲ့။

ဒီလိုနဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို(၃)မိနစ် ပေးတော့၊ သြစတြေးလျဂိုးဧရိယာထဲမှာ အီတလီ ရှေ့တန်း တိုက်စစ်မှုးကို သြစတြေးလျနောက်တန်းကဖျက်ထုတ်တာကြမ်းတယ်ဆိုပြီး ကွင်းလည်ဒိုင်က ပန်နယ်လ်ဒီပေးပါတော့တယ်။ တစ်ဆိုင်လုံးနီးပါးပျော်ပြီး “ဟေး” လို့အားရပါးရအော်တဲ့အချိန်မှာ တာယာပွကြီးက “ဒီဒိုင်ကွာ မပေးလည်း ရတဲ့ဟာကို”တဲ့။

စာရေးသူလည်း အော် ငါ့သူငယ်ချင်းပွကြီးကတော်တော်စိတ်ကောင်းရှိတာပဲလို့တွေးနေမိတယ်။ ဟုတ်တယ်… အဲ့ဒီ့အလုံးဟာ ဒိုင်မပေးဘဲနေလည်းရတယ်လို့ စာရေးသူထင်တယ်။ ဒါပေမယ့် အီတလီအသင်း ပန်နယ်လ်ဒီကို ၀င်အောင်ကန်ပြီး ကျန်ရှိတဲ့ အချိန်ပို (၂)မိနစ်ကိုပိတ်ကစားကာ၊ အီတလီအသင်း နိုင်ပြီး နောက်တစ်ဆင့်ကိုတက်သွားပါတော့တယ်။

ပွဲပြီးလို့အိမ်ပြန်တော့လမ်းမှာ ပွကြီးက “သွားပါပြီကွာ၊ တစ်ချိန်လုံးဖိလာပြီး နိုင်မယ်လို့ထင်ထား တာကွာ၊ အခုတော့ (၁၀၀) ဆုံးပြီ”တဲ့။ အဲ့တော့မှ ဂျိုးက “ဟေ့ ပွကြီး- အီတလီအသင်းအင်္ကျီကဘာအရောင်လဲ မင်းသိလား”ဆိုတော့၊ ပွကြီးက မခံချင်တဲ့လေသံနဲ့ “အံမာ… မင်းကငါ့ကိုအထင်သေးလို့၊ ငါသိတာပေါ့ကွ… အီတလီအသင်းက အပေါ်ကအ၀ါ၊ အောက်က ဘောင်းဘီ အစိမ်းပုတ်ရောင်”၊ “သြစတြေးလျအသင်းကအပြာရောင်တဲ့”။

“မင်းကတော့ တလွဲချည်းပါပဲ ပွကြီးရာ” လို့ ဂျိုးကပြောတော့မှ၊ “ဟေ… ဒါဆို အပြာရောင်က အီတလီပေါ့… ဒါဆိုငါနိုင်တာပေါ့… မင်းတို့ကကွာ ငါ့ကိုစောစောကမပြောဘူးတဲ့”

ပွကြီး … ပွကြီး …

+++++

အခန်း(၃)

ကွာတားဖိုင်နယ်ပွဲတွေကန်တော့ တာယာပွကြီးတစ်ယောက် ဘောလုံးအကြောင်းတော်တော်လေး သိလာပါပြီ။ စိတ်ဝင်စားတာလည်းပါတာပေါ့။ ပွကြီးတစ်ယောက်လေ့လာလိုက်တာ၊ ဘယ်အသင်း နိုင်မယ် ဆိုတာတောင်ခန့်မှန်းနိုင်တဲ့ ဘောပါရဂူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါ တော့တယ်။

ဘရာဇီးလ် နဲ့ ပြင်သစ် ကွာတားမှာတွေ့တော့၊ ဘောပါရဂူပွကြီးက ဘရာဇီးလ်ကိုကြိုက်တယ်တဲ့။ ရော်လ်နယ်လ်ဒင်ဟိုတစ်ယောက်တည်းနဲ့တင် ပြင်သစ်ငုတ်တုတ်မေ့သွားနိုင်တယ်ဆိုပဲ။ ဂျိုး က “ဇီဒန်း ကိုဘယ်နားသွားထားမှာလဲ ဆိုတော့”၊ ဇီဒန်းဆိုတာ ဘယ်အသင်းကလဲတဲ့… ကောင်းရော။

ညကျတော့အချိန်မှန် သူငယ်ချင်းလေးယောက် မာမားဆိုင်မှာ ဘရာဇီးလ်နဲ့ ပြင်သစ်ပွဲကိုသွားကြည့်ကြ တာပေါ့။ ဆိုင်ရောက်တော့ ဟိုဘက်ဝိုင်းမှာထိုင်နေတာက စာရေးသူတို့နဲ့သိတဲ့ မြန်မာမိတ်ဆွေ ကိုနောင်နဲ့ဇနီး။ တာယာပွကြီးကလှမ်းဖိတ်တယ်၊ “ကိုနောင်နဲ့ အစ်မ လာလေ၊ အတူတူအားပေးကြတာပေါ့”။ ကိုနောင်ကအေးအေး ဆိုပြီး စာရေးသူတို့ဝိုင်းကိုပြောင်းလာတယ်။ သူ့အမျိုးသမီးလည်းပါတာပေါ့။ (သူ့အမျိုးသမီးရဲ့ အပေါ်သွားဖုံးက မဆိုသလောက်လေး အရှေ့ကိုထွက်နေတယ်)။

ပွဲစတော့ ဘရာဇီးလ်နည်းပြက ရော်လ်နယ်လ်ဒင်ဟိုကို ခါတိုင်းလိုကွင်းလယ်ဖန်တီးရှင်နေရာမှာ မကစားစေတော့ဘဲ၊ ရှေ့တန်းတိုက်စစ်မှုးအဖြစ် ကစားကွက်ပြောင်းကာကစားပါတော့တယ်။ တစ်ပွဲလုံးနီးပါး ဘရာဇီးလ်ကတိုက်စစ်ဆင်ကစားပေမယ့် ရှေ့တန်းတိုက်စစ်မှုးအဖြစ်ကစားတဲ့ ရော်လ်နယ်လ်ဒင်ဟိုကအပိုင်အခွင့်အရေးအချို့ကိုဂိုးဝင်အောင်မသွင်းနိုင်ဘဲ၊ လွဲချော်နေပါတော့တယ်။ အစောပိုင်းတော့ ပွကြီးက “ဒီကောင်နေရာအသစ်မှာ အံမ၀င်ဘူးကွာ”တဲ့။

ဒုတိယပိုင်းပြန်စတော့ ပွကြီးစိတ်မရှည်တော့ပါဘူး။ အပိုင်အခွင့်အရေးတွေကို လွဲချော်နေတဲ့ ရော်လ်နယ်လ်ဒင်ဟိုကို သူကြည့်မရတော့ဘူး။ တစ်ခါ လွဲတိုင်း ပွကြီးပါးစပ်က “ဒီ သွားခေါကွာ… ငါလုပ်လိုက်ရ နာတော့မယ်”။

စာရေးသူကတော့ အားနာလို့ ကိုနောင့်အမျိုးသမီးကိုမသိမသာလှမ်းကြည့်တော့ အဲ့အစ်မက သူ့ပါးစပ်ကိုလက်ကလေးနဲ့အုပ်ထားတယ်။ ပွကြီးကို လှမ်းသတိပေးရအောင်လည်း၊ ပွကြီးက တီဗီဖန်သားပြင်ကိုပဲ သည်းကြီးမည်းကြီးစူးစူးစိုက်စိုက်ကြည့်ကာအားပေးနေပါတော့တယ်။ သူ့ကိုခြေထောက်လှမ်းနင်းရအောင်ကလည်း စားပွဲအကြီးကြီးမှာ ကိုယ်နဲ့သူထိုင်နေတာက ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်၊ ဘယ်လိုမှမရ။ ဂျိုးနဲ့ကုလားလည်း ပွကြီးကိုဘယ်လိုမှ အချက်ပြလို့မရ ဖြစ်နေတယ်။ သူတို့နဲ့ပွကြီးကြားမှာထိုင်နေတာက ကိုနောင်နဲ့သူ့အမျိုးသမီး….

အဲ့လိုနဲ့ ရော်လ်နယ်လ်ဒင်ဟိုက ဒုတိယပိုင်းမှာ အခွင့်အရေးတစ်ချို့ကို (၃)ကြိမ်ထက်မနည်းဖြုန်းတီး နေပါတော့တယ်။ ရော်လ်နယ်လ်ဒင်ဟိုတစ်ခါလွဲတိုင်း တာယာပွကြီးက ဒေါတွေပွပြီး “ဒီသွားခေါကွာ ငါလုပ်လိုက်ရ နာတော့မယ်လို့” တစ်ခါပြောတယ်။

စဉ်းစားသာကြည့်ပေါ့ စာဖတ်ပရိတ်ကြီးရယ်… ဟိုဘောလုံးသမားကတစ်ခါလွဲတိုင်း စာရေးသူရဲ့ သူငယ်ချင်း တာယာပွကြီးက  “ဒီ သွားခေါကွာ ငါလုပ်လိုက်ရ နာတော့မယ်လို့” ပြောပြောနေတာ။

ပွဲပြီးတော့ ပြင်သစ်က (၁) ဂိုး- ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ ကိုနောင်တို့ဇနီးမောင်နှံလည်း ပွဲပြီးပြီးချင်းပဲ  “အားလုံးပဲ သွားတော့မယ်နော်လို့” ပြောပြီး ထပြန်သွားပါတော့တယ်။ ကိုနောင့်မိန်းမ မျက်နှာလေးဆို ရဲတွတ်လို့…

ပွဲပြီးလို့အိမ်ပြန်တော့လမ်းမှာ တာယာပွကြီးကစာရေးသူကိုပြောတယ် “ကိုနောင်ကွဲသွားပုံရတယ်ကွ… တစ်ချိန်လုံးငြိမ်နေတာပဲ၊ စကားလည်းသိပ်မပြောဘူး” တဲ့။

အားလုံးတပြိုင်တည်းထွက်သွားတာက “ပွကြီး… မင်းကတော့ကွာ တလွဲချည်းပဲ”…

ထူးထူး (တောင်ငူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

3 thoughts on “ထူးထူး (တောင်ငူ) – တာယာပွကြီးနှင့် ကမ္ဘာ့ဖလား
  1. ဆရာ ထူးထူး …ကျွန်တော် ဆရာ့ ပရိတ်သတ် ဖြစ်နေပြီဗျာ။

    1. ပွကြီးလို လွဲတတ်ကြသူတွေက အများသား။ ကိုယ်တိုင်လဲ လွဲပေါင်းများခဲ့ အားပေးပါတယ် ဆြာထူး

  2. ဟား… ကိုယ့်အသင်းမှန်း မသိတော့လည်း လွဲကြသပေါ့ဗျာ။ ညီအကို မသိတသိ ဆိုတဲ့ စကားပုံတောင် ရှိသေးတာဗျာ။

Comments are closed.