ရသဆောင်းပါးစုံ အတွေးအမြင်

ဇင်လင်း – အစိုးရရဲ့တရားစီရင်ရေး – နိုင်ငံသားကို ကာကွယ်ဖို့လား၊ ဖိနှိပ်ဖို့လား?

ဇင်လင်း – အစိုးရရဲ့တရားစီရင်ရေး – နိုင်ငံသားကို ကာကွယ်ဖို့လား၊ ဖိနှိပ်ဖို့လား?  
အောက်တိုဘာ ၆၊ ၂၀၁၄

photo ; www.globalpost.com

ကုန်လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းတွေကို ကြားသိရတာ စိတ်မချမ်းမြေ့စရာ၊ စိတ်ပျက်စရာ သတင်းတွေချည်းပါပဲ။ အစိုးရရဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)” နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကိုယ်စားပြု “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)” တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းကို စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ဆွေးနွေးပွဲလုပ်ငန်းစဉ် ဆက်ခဲ့ကြပေမယ့်၊ ထူးခြားတဲ့တိုးတက်မှု တစုံတရာ ရရှိခဲ့ခြင်းမရှိတာ သတင်းမီဒီယာတွေကတဆင့် သိရပါတယ်။ ၅ ရက်ကြာဆွေးနွေးပြီးတဲ့နောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(စတုတ္ထမူကြမ်း) အတည်ပြုနိုင်ခဲ့တယ်လို့ဆိုတယ်။ အောက်တိုဘာလမှာ  ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး အတွက် ထပ်မံ ဆွေးနွေးမယ်လို့ အနှစ်မပါတဲ့ ဗလာကြေညာချက်တစ်ခုထွက် လာခဲ့တဲ့အတွက် စိတ်ပျက်စရာလို့ အကဲခတ်တွေက ယူဆကြပါတယ်။ တချိန်ထဲမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတချို့ပေါ်ထွက်လာတာလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။

ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ဆိုတာ ခက်ခဲနက်နဲမှန်းတော့ သိပါတယ်။ ဒါပေမယ့် အင်အားပါဝါ ကြီးတဲ့ဘက်က သဘောထားကြီးဖို့၊ အမြင်ကျယ်ဖို့၊ ပြည်ထောင်စုနဲ့ပြည်ထောင်စုသားအားလုံးအတွက် စစ်မှန်တဲ့စေတနာ မေတ္တာ ထားရှိဖို့ လိုပါတယ်။ အားကြီးသူက “ငါပြောသလိုလုပ်၊ ငါ့ကို ခြေရာလာမတိုင်းနဲ့” ဆိုတာမျိုးလုပ်နေသမျှတော့ ငြိမ်းချမ်းရေးရဖို့ မမြင်ပါလို့ ပြောချင်ပါတယ်။ ဒီ့အပြင် လွတ်လပ်ရေး၊ တရားမျှတရေးနဲ့တန်းတူညီမျှရေးသဘောကို အပေါ်ယံ စာထဲမှာပဲ ရေးထား တာမျိုးထက်၊ လက်တွေ့ မျှဝေခံစားနိုင်အောင် အကောင်အထည်ဖေါ်ပြဖို့လိုပါတယ်။ ဥပမာ တရားဥပဒေစိုးမိုးရေး၊ ဥပဒေအထက် မှာ ဘယ်သူမှ မရှိရေးဆိုတာကို မိုးတလုံး လေတလုံးပြောဆို ၀ါဒဖြန့်နေကြမယ့် အစား၊ ကျောသား ရင်သား မခွဲခြားဘဲ၊ စံနမူနာ အဖြစ် တရားစီရင်ပြ ဖို့ လိုပါတယ်။ အစိုးရရဲ့ လက်နက်ကိုင်ပုဂ္ဂိုလ်များ ဥပဒေချိုးဖေါက်တဲ့ အခါ လူထုမှာ တိုင်စရာနေရာမရှိ။ လယ်သမားတွေဆီက မြေယာတွေ ဥပဒေမဲ့ သိမ်းယူတဲ့အတွက်၊ လယ်သမားက အရေးဆို ဆန္ဒဖေါ်ထုတ်တဲ့အခါ၊ လယ်သမားတွေ ကို အကြမ်းဖက်ဖြိုခွဲ၊ ဖမ်းဆီးထောင်ချလုပ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိကြောင်း ဖေါ်ပြနေတာ မဟုတ်ပါလား။

လတ်တလော ဥပမာတစ်ခုကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ၀မ်ပေါင်ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ဖမ်းဆီး တရားစွဲခံထားရသူ တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအမှုကိစ္စပါပဲ။ မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ် ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့  ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ ပုဒ်မ ၃၆၄ နဲ့ ၃၆၈ နှစ်ခုလုံး အဆိုအရ၊ “တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်” လို့ ဖွင့်ဆိုထားပါတယ်။ လက်ပံတောင်းတောင် အရေးကိစ္စ၊ ဆည်တဲရွာရဲ့ မတရားတဲ့ အမိန့်အာဏာဖီဆန်မှုကိစ္စ၊ တို့အတွက် မဖြူနှင်းထွေးကို စံပြအဖြစ် ဖမ်းဆီးအရေးယူတာလားဆိုတဲ့ မေးခွန်းအပြင်၊ နိုးထလာတဲ့ တက္ကသိုလ်ကောလိပ် ကျောင်းသားသမဂ္ဂတွေကိုပါ ခြိမ်းခြောက်တာလားလို့ အစိုးရကို ထပ်ဆင့်မေခွန်းထုတ်စရာ ဖြစ်လာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ”က စက်တင်ဘာ (၂၉)ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ  အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း ဒီဗွီဘီသတင်း အရ သိရပါတယ်။ “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ” အစီရင်ခံစာအရ စက်တင်ဘာလဆန်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ တရားဥပဒေ စိုးမိုးရေး စင်တာတွေကိစ္စ ကြန့်ကြာနေကြောင်း၊ ကော်မတီက အခုလို ကြန့်ကြာရတာဟာ အစိုးရဘက် က သဘောထားပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကို အစီရင်ခံတင်ပြထားတာ တွေ့ရပါတယ်။ အစိုးရအုပ်ချုပ်ရေးပိုင်းမှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်နည်းလုပ်ဟန်တွေ ကျင့်သုံးမှု မတွေ့ရဘဲ၊ ဗျူရိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို ဆက်လက်ကျင့်သုံးနေတာ တွေ့ရတယ်လို့အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ထောက်ခံမှုနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့ အမျိုးသား လွှတ် တော်၊ ပြည်သူလူထုရဲ့ တိုင်ကြားစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၊ အမျိုးသားလွှတ်တော်ကော်မရှင်၊ ပြည်သူ့လွှတ်တော်ကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုး​ရေး​အစီအစဉ် (UNDP) တို့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအစည်းအဝေး ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့  ဖော်ပြထားပါတယ်။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက် များအရ၊ မန္တလေးနဲ့ လားရှိုးမြို့မှာ Pilot Project ဖွင့်လှစ်ဖို့နဲ့ ၂၀၁၅ ခုနှစ်မှာ တရားဥပဒေ စိုးမိုးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေက သင်တန်းပို့ချနိုင်ဖို့၊ တရားသူကြီး၊ ဥပဒေအရာရှိ၊ ပြည်သူ့ရဲ၊ ရှေ့နေနဲ့ အုပ်ချုပ်ရေးဌာန၀န်ထမ်းတွေ သင်တန်းတက်ရောက်နိုင်ဖို့၊ သင်တန်းမှာ တရားဥပဒေနဲ့ စပ်လျဉ်းတဲ့ အရည်အသွေးတွေ၊ ဗဟုသုတ၊ ကျင့်ဝတ်တွေ၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအခြေခံမူတွေကို သင်ကြားပေးဖို့ ဖြစ်တယ်လို့သတင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ” ထံ  (၁) နှစ်အတွင်း တိုင်စာ ပေါင်း (၇,၂၇၀) ရောက်ရှိခဲ့ပြီး၊ အဲဒီအနက် တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာပေါင်း  (၃,၅၀၀) နဲ့ အများဆုံးဖြစ်ကြောင်း၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်စာ(၂,၅၀၀) ကျော်၊ အုပ်ချုပ်ရေး (၁,၁၀၀)ကျော်၊ စစ်တပ်နဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ၁၀၀ ခန့် ရရှိခဲ့တယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဒီဗွီဘီသတင်းက ဆိုပါတယ်။ လယ်ယာမြေကိစ္စတွေမှာ နိုင်ငံတော် က ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဒေသအာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အကြောင်း၊ အုပ်ချုပ်ရေးမှာလည်း ဒီမိုကရေစီလုပ်ဟန်တွေ မတွေ့ရဘဲ ဗျူရိုကရေစီ အလေ့အကျင့်တွေ ရှိနေသေးကြောင်း ဝေဖန် ထောက်ပြထားပြီး တရားရုံးတွေကို စောင့်ကြည့်လေ့လာဖို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ရှိသင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြု ထားပါတယ်။

စက်တင်ဘာလအတွင်း မန္တလေးနဲ့ လားရှိုးမှာ တရားဥပဒေစိုးမိုးရေး စမ်းသပ်စင်တာတွေ ဖွင့်လှစ်ကာနီးကျမှ ပြည်ထောင်စု အစိုးရက တရားဥပဒေစိုးမိုးရေး ညှိနှိုင်းမှုကော်မတီဖွဲ့စည်းရေးကိစ္စမှာ နိုင်ငံ့ဝန်ထမ်းတွေ မပါဝင်သင့်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကသာ ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်မယ်လို့ ပြန်ကြား ခဲ့ကြောင်း၊ ဒါကြောင့် မူလကိုယ်စားလှယ်ပေးပို့ထားတာတွေ ပျက်ပြယ်သွားကြောင်း၊ တရားလွှတ်တော်ချုပ်ကလည်း တရားသူကြီး (၁,၂၀၀) သာရှိလို့ သင်တန်းကို ပေးပို့နိုင်ခြင်း မရှိဘူးလို့ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အထွေထွေ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရဲတို့ကလည်း အထက်ခွင့်ပြုချက်ရဖို့ လိုတယ်လို့ အကြောင်းပြန်တာကြောင့် မန္တလေးနဲ့ လားရှိုးမြို့က စင်တာ တွေ မဖွင့်ဖြစ်ခဲ့ပါ။

အခုလို တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်တဲ့ လွှတ်တော်ကော်မတီက အားကြိုးမာန်တက် ဆောင်ရွက်တာကို အစိုးရက ဘာကြောင့် သွက်သွက်လက်လက် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာလဲ။ ဘာကြောင့် နှောင့်နှေး ကြန့်ကြာအောင်လုပ်နေတာလဲ။ ဒီ “တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ” ကို ဦးဆောင်သူဟာ  ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေလို့လားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ နောက်တစ်ချက်ကတော့ တရားဥပဒေစိုးမိုးရေး စမ်းသပ်စင်တာတွေပေါ်လာရင် လူထုအတွက် အစိုးရရဲ့ ဥပဒေအကာအကွယ်ပေးရန် ပျက်ကွက်မှုကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မတီက လုပ်ပေးနိုင်တယ်လို့ လူထုက ထင်မြင်လာမှာကို မရှုစိမ့်လို့လား၊ လူထုအဖို့ ဥပဒေအကာအကွယ် ပိုရရှိလာပြီး၊ အာဏာပိုင်အ၀န်းအ၀ိုင်းနဲ့ ခါးပိုက် ဆောင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဥပဒေချိုးဖေါက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်လို့ လား၊ အစိုးရပိုင်းရဲ့ ဥပဒေနဲ့ အာဏာအလွဲသုံးမှု၊ အကျင့်ပျက်လာဘ်စား တရားစီရင်မှုတွေ ဖေါ်ထုတ်ခံရမှာ စိုးရိမ်လို့လား …စသဖြင့် မေးခွန်းထုတ် စရာတွေ ပေါ်လာပါတယ်။

သိမ်းဆည်းခံ မြေယာပြဿနာတွေကို ဖြေရှင်းပေးမှု အားနည်းနေခြင်းမှာ အစိုးရအဖွဲ့အတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သလို နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလည်း ထိခိုက်လာနိုင်ကြောင်း “လယ်ယာမြေစုံစမ်းရေး ကော်မရှင်” က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်ခဲ့တာကိုလည်း အလဲဗင်းမီဒီယာ သတင်းအရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးတဲ့ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာများအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၁ ဒဿမ) ၆၈) ရာခိုင်နှုန်း၊ တိုင်းနှင့်ပြည်နယ် အစိုးရများမှ (၄ ဒဿမ ၅၆) ရာခိုင်နှုန်း၊ ပေးပို့သော တိုင်ကြားစာစုစုပေါင်း ၉၂၄၈ စောင်တွင် (၉ ဒဿမ ၅၄) ရာခိုင်နှုန်းသာ ဖြေရှင်းဆောင်ရွက်ပြီးစီးတဲ့အတွက် မြေယာပြဿနာ ဖြေရှင်းပေးမှု အလွန်နည်းကြောင်း ကော်မရှင်က တင်ပြထားတာ တွေ့ရပါတယ်။

ကော်မရှင်အနေဖြင့် ကုမ္ပဏီတွေ အနေအထားကို လေ့လာတဲ့အခါ မြေကိုရယူစဉ်က အစိုးရထံ တစ်ဧက သိန်း (၄၀) ပေးသွင်းပြီး၊ ပြန်ရောင်းချိန်မှာ သိန်း (၄၀၀) အထက်ဖြင့် လောဘကြီးစွာ ရောင်းချနေကြောင်း တွေ့ရတယ်လို့ဆိုထားပါတယ်။ အစိုးရဌာနတွေ ကလည်း လိုအပ်တာထက် ပိုမို သိမ်းဆည်းပြီး အသုံးမပြုတဲ့ မြေကို ၀န်ထမ်းသက်သာအကြောင်းပြ သီးစားအငှားချထား ကိုယ်ကျိုး ရှာနေမှုများတွေ့ရှိရကြောင်း ကော်မရှင်က ထုတ်ဖော်တင်ပြထားပါတယ်။ မြေယာသိမ်းဆည်းမှုတွေအတွက်  အဓိကတာဝန်ရှိတာ က မြေစာရင်းဦးစီးဌာနသာဖြစ်တယ်။ မမှန်ကန်တဲ့ စာရင်းဖယားအပေါ်အခြေခံပြီး မြေယာပြန်လည်ပေးအပ်ခဲ့တဲ့အတွက် အမှားတွေ ထပ်ဖြစ်ပြီး၊ အငြင်းပွားမှုတွေ မဆုံးနိုင်ဖြစ်နေရတယ်လို့ ကော်မရှင်က တင်ပြထားတယ်။

အနှစ်ချုပ် သုံးသပ်ကြည့်ရင် ဦးသိန်းစိန်အစိုးရ သုံးနှစ်ခွဲကာလမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အဓိကဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးကို တိုးတက်အောင်မြင်အောင် မလုပ်နိုင်ခဲ့တာ ပေါ်လွင်နေပါတယ်။ လွှတ်တော်ကော်မရှင်နှစ်ခုရဲ့ အစီရင်ခံစာ နှစ်ရပ်က လည်း ဒီအချက်ကို အတည်ပြုထောက်ခံနေပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ တက္ကသိုလ် ကျောင်းသူ မဖြူနှင်းထွေးကို တရုတ်နိုင်ငံ သား ၂ ဦး ပြန်ပေးဆွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့  ဖမ်းဆီးတရားစွဲဆိုထားတဲ့ အချက်ကို ကြည့်ရင် အစိုးရ ဟာ ဥပဒေကို မှန်မှန်ကန်ကန် သုံးရဲ့လားလို့ သံသယဖြစ်ရပါတယ်။ အစိုးရက နိုင်ငံရေးရည်ရွယ်ချက်တစ်ခု နဲ့ အသက်၂၁ နှစ် အရွယ်၊ နိုင်ငံ့ရင်သွေး တက္ကသိုလ် ကျောင်းသူတစ်ဦးကို ပြင်းထန်တဲ့ ပုဒ်မတွေတပ်ပြီး၊ နှစ်ရှည်ထောင်ချဖို့ ကြံစည်နေတာလား။

တက္ကသိုလ် ကျောင်းသူ မဖြူနှင်းထွေးရဲ့ အမှုစီရင်ချက်အဖြေဟာ လက်ရှိအစိုးရရဲ့ သဘောထားအမှန် ဖြစ်ပါလိမ့်မယ်။ လက်ရှိ အစိုးရဟာ မိမိကိုယ်ကျိုး အာဏာမြဲရေးအတွက် ဥပဒေကို ဖိနှပ်ရေးကိရိယာအဖြစ် သုံးမှာလား၊ ဒါမှမဟုတ် မိမိနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပဒေနဲ့ အကာအကွယ်ပေးမှာလား….ဆိုတာ တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ လယ်သမားသမဂ္ဂတွေ၊ သတင်းသမားအဖွဲ့အစည်းတွေ၊ စာနယ်ဇင်းသမားတွေ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ပြည်သူလူထုက စောင့်ကြည့်လျှက်ရှိနေကြောင်း နှိုးဆော်လိုက်ပါရစေ။။။။

((အောက်တိုဘာလ (၆) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts