ကဗျာ

မိုးစဲနေ – ငါ့ရဲ့ ဘယ်ဘက်ရင်အုံပေါ်က စွဲလမ်းရတဲ့ ဆေးမှင်ကြောင်

Photo – Aung Htet

မိုးစဲနေ – ငါ့ရဲ့ ဘယ်ဘက်ရင်အုံပေါ်က စွဲလမ်းရတဲ့ ဆေးမှင်ကြောင်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄

တခါတုန်းက လူငယ်လေးတယောက်ဟာ သူ ချစ်ရတဲ့ ကောင်မလေးတယောက်ရဲ့ နာမည်ကို သူ့ဘယ်ဘက်ရင်အုံမှာ ဆေးမှင်ကြောင်နဲ့ မြတ်မြတ်နိုးနိုး ထိုးခဲ့တယ်

သူ့ ရင်အုံကြီးကို ခဏခဏ လှစ်လှစ်ပြရတာလဲ အမော။

ဒါပေမဲ့ သူစွဲလမ်းပြီး ချစ်ရတဲ့ သူ့ကောင်မလေးဟာ သူ့အချစ်ကိုလက်မခံပဲ အခြားဂုဏ်သရေရှိ အမျိုးကောင်းသားတယောက်ရဲ့ အချစ်ကို လက်ခံလိုက်တဲ့အခါ …

အဲ့ဒီ လူငယ်လေးဟာ အသည်းကွဲသွားပါတယ်။

အဲ့ဒီ အသည်းကွဲည ရွာဘုရားပွဲ ညဈေးမှာပဲ အဲ့ဒီလူငယ်လေးဟာ

အများသူငါ အသည်းကွဲသလို အသည်းကွဲပြီး အများသူငါ အရက်မူးသလို အရက်မူးပြီး

သူ့ညာဘက်လက်ဖျံမှာ ” ချစ်တယ်ဆိုတာ တယောက်ထဲပါ ” ဆေးမှင်ကြောင်ကို သူထပ်ထိုးခဲ့ပါတော့တယ်။

ဒီလိုနဲ့ နှစ်တွေကြာလာတော့ အဲ့ လူငယ်လေးဟာ အများသူငါလိုပဲ အခြားတမြို့ တရွာမှာ အိမ်ထောင်ကျပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အများသူငါလိုပါပဲ။

သူ့ မိန်းကလေးရဲ့ နာမည်က ” မြင့်မြင်စန်း” ဖြစ်ပြီး

သူ့ဘယ်ဘက်ရင်အုံပေါ်မှာ ဆေးမှင်ကြောင်နဲ့ ထိုးခဲ့တဲ့ မိန်းကလေးရဲ့ နာမည်က “စန်းစန်းမြင့်” ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလူငယ်လေးကတော့ အများသူငါလို ခပ်တည်တည်ပါပဲ သူမိန်းမကို ရှင်းပြခဲ့ပါတယ်။

“ဒီလိုကွဲလွဲမှုက တကယ်တော့ ကံကြမ္မာက ကြည်စယ်တာပါ။ တခါတုန်းကတည်းက ကိုယ့်စိတ်ထဲက အာရုံမှာ ဒီနာမည် မင်းရဲ့ နာမည် ဗြောင်းပြန်ကို ကိုယ့်ဘယ်ဘက်ရင်အုံမှာ မှတ်မှတ်ရရ ဆေးမှင်ကြောင်နဲ့ ထိုးနေချင်မိတာ ခဏခဏမို့ ရေးထိုးခဲ့တာပါ။ တကယ်တော့ ချစ်တယ်ဆိုတာကတော့ တယောက်ထဲပါ ပဲ။ အချစ်မှာ ဟိုချစ် ဒီချစ်လဲ ချစ်လို့ မရနိုင်ပါဘူး ဟန်နီရယ်” လို့ ပြန်ရှင်းပြသတဲ့။

သူ့ မိန်းကလေးကလဲ အများသူငါ မိန်းကလေးတွေ ယုံချင်ယောင် ဆောင်သလိုပဲ ယုံလိုက်ပါတော့တယ်တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts