ရသဆောင်းပါးစုံ သူတို့အာဘော်

စိုးနေလင်း – ၈၈ နောက်ပိုင်း မြန်မာပြည်နဲ့ ၈၉ နောက်ပိုင်း တရုတ်ပြည်

စိုးနေလင်း – ၈၈ နောက်ပိုင်း မြန်မာပြည်နဲ့ ၈၉ နောက်ပိုင်း တရုတ်ပြည်
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံးလို့ နာမည်ကျော်တဲ့ ၁၉၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း စစ်အစိုးရအဆက်ဆက်ကနေ ဒီကနေ့အရေခွံလဲ စစ်အစိုးရအထိ ဒီမိုကရေစီ အခွင့်အရေးအခြေပြု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆန္ဒပြပွဲ နဲ့ သပိတ်တိုက်ပွဲတွေမှာပါဝင်ကြတဲ့ အလုပ်သမား လယ်သမားတွေ သာမန်အရပ်သားပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေမှာနဲ့ အစိုးကို ဝေဖန်ကြတဲ့ စာရေးဆရာ၊ သတင်းစာနယ်ဇင်းသမားတွေအပေါ် အာဏာပိုင်ဆိုသူတွေက ဘယ်လိုသဘောထားကြတယ်၊ တုန့်ပြန်ကိုင်တွယ်ဆောင်ရွက်ကြတယ်ဆိုတာနဲ့ ၁၉၈၉ ခုနှစ် တီအန်မင် ဒီမိုကရေစီလှုပ်ရှာမှုကြီးအပြီး တရုတ် အစိုးရက ဒီမိုကရေစီရေး တောင်းဆိုတိုက်ပွဲဝင်ကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒီမို ကရေစီ အခွင့်အရေးအခြေခံ ဆန္ဒပြတောင်းဆိုမှုတွေမှာပါဝင်ကြတဲ့ ကျောင်းသား၊ အလုပ်သမား လယ်သမားနဲ့ မီဒီယာနဲ့ စာနယ်ဇင်းသမားတွေအပေါ်သဘောထားပုံ၊ တုန့်ပြန်ကိုင်တွယ်ဆောက်ရွက်ပုံ၊ ရည်ရွယ်ဦးတည်ပုံတွေကို နှိုင်းယှဉ်စဉ်းစား နိုင်ကြဖို့ ဒီဆောင်းပါးကိုရေးသားလိုက်တာပါ။

ဒီကနေ့ တရုတ်နိုင်ငံ အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထိမ်းသိမ်းတာတွေ၊ မတရားဖမ်းဆီးနှိပ်စက်တာတွေကို အခိုင်အမာဆက်ပြီးလုပ်ဆောင်နေဆဲ ဖြစ်တယ်။ အလုပ်ကြမ်းစခန်းတွေကနေ ကွန်မြူနစ်ပညာပြန်ပေးရေးလုပ်ခဲ့တာကို တရုတ်အစိုးရက ဖျက်သိမ်းလိုက်ပြီးဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများ ညွှန့်ပေါင်းအဖွဲ့ရဲ့ အဆိုအရ အစိုးရက ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့အစိုးရကို ဝေဖန်သူတွေရဲ့ကွန်ရက်ထဲကို သူ့ရဲ့ထောက်လှမ်းရေးတွေ ၀င်ရောက်ပြီး လျှို့ဝှက်အကျဉ်းစခန်းတွေ စိတ္တဇ ဆေးရုံတွေမှာ ဖမ်းဆီးထိမ်းသိမ်းထားခွင့်ကို ဆက်ပြီးပေးထားဆဲဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဖမ်းဆီးထိမ်းသိမ်းထားပြီးတဲ့ အခွင့်အရေးအခြေပြု တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာ ကို ဒါမှမဟုတ် အဲဒီဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေ သေဆုံးရမှုအတွက် တာဝန်ရှိတဲ့လုံခြုံရေးအရာရှိတွေကို အပြစ် ဒဏ်ပေးဖို့ကိုတောင် တကယ်စစ်မှန်တဲ့အားထုတ်မှုမရှိဘဲ တရုတ်နိုင်ငံ အမည်းရောင်နဲ့ အနီရောင်အကျဉ်းထောင်တွေထဲမှာ သူနဲ့ သဘောထားကွဲလွဲသူတွေကို  နှိပ်စက်ညှဉ်းပမ်းတာတွေဟာ နေရာအနှံ့မှာ တွေ့မြင်နေရဆဲဖြစ်တယ်လို့ တရုတ်လူ့ အခွင့်အရေးကာကွယ်သူများအဖွဲ့က သုတေသီ ဗစ်တာကလီမင်က ပြောကြားခဲ့ပါတယ်။

“အစိုးရကိုဝေဖန်သူတွေအနေနဲ့ သူတို့လုပ်နေတဲ့ နိုင်ငံရေး အကဲဆတ်တဲ့လုပ်ရပ်တွေအတွက် လက်တုန့်ပြန် ညှဉ်းပမ်းနှိပ် စက်ခံကြရဖို့ များပါတယ်။ အဲဒါတွေဟာ ကျယ်ကျယ်ပြန့်ပြန့် နေရာအနှံ့ဖြစ်နေတယ်လို့ ကျနော်တို့ရဲ့သုတေသနအရ ကောက်ချက်ချလို့ရပါတယ်” လို့ သူကရှင်းပြခဲ့ပါတယ်။

ဒီကနေ့ဆိုရင် တရုတ်အစိုးရဟာ အင်တာနက်သုံးစွဲသူတွေကို ပိုပြီးတင်းကျပ်တဲ့ ကန့်သတ်ချုပ်ချယ်မှုတွေလုပ်နေသလို ခေတ်သစ် မြေအောက်ညှဉ်းပမ်းနှိပ်စက်ရေးစခန်းတွေကိုလည်း ထားရှိနေတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ ထောာက် လှမ်းရေးအရာရှိတွေက တနိုင်ငံလုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ ခေတ်သစ်မြေအောက်ညှဉ်းပမ်းနှိပ်စက်ရေးစခန်းတွေအားကိုးနဲ့ ညှဉ်းပမ်းနှိပ်စက်မှုဆန့်ကျင်ရေး စီမံချက်လှုပ်ရှားသူတွေကအစ ကွန်မြူနစ်ပါတီအုပ်စိုးမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို နေတဲ့ အငယ်စားဘလော့ဂါတွေအထိ ဖမ်းဆီးထိမ်းသိမ်းနေကြသလို တပြိုင်နက်ထဲမှာပဲ ခေတ်မှီဆန်းပြားတဲ့ စောင့်ကြည့်ကရိယာပစ္စည်းတွေရဲ့အကူအညီနဲ့ ဘေဂျင်းမှာ “အဆင့်မြင့်နည်းပညာ အာဏာရှင်စနစ်” ကို ဖန်တည်းတည်ဆောက်နေပါ တယ်လို့ ဟူဘေပြည်နယ်အခြေစိုက် လူမှုအခွင့်အရေးနဲ့ အသက်မွေးမှု စောင့်ကြည့်ရေးအဖွဲ့ကိုတည်ထောင်သူ လျူဖေယွီ က ပြောပါတယ်။

ဒါတင်မကသေးပဲ တရုတ်အစိုးရဟာ တက္ကသိုလ်စာသင်ခန်းတွေမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင် ရာ ဒီမိုကရေစီအုပ်ချုပ်ရေးလို အနောက်အတွေးအခေါ်တွေ ကိုထောက်ခံသင်ကြားပို့ချနေသူတွေကို ရှာဖွေဖို့ “အတွေး အခေါ် ရဲ” တွေကို စတင်စေလွှတ်ခိုင်းစေလာပါပြီ။ ပိုပြီးထောင့်စုံအောင် အတိုက်အခံလက္ခဏာရှိတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ အီးမေးလ်စနစ်တွေကိုထောက်လှမ်းဖို့ ဆိုက်ဘာစစ်သည်တပ်ဖွဲ့တွေကိုတောင် တည်ထောင်နေပြီ ဖြစ်ပါတယ်။ အစိုးရထိန်း ချုပ်တဲ့ ဗီဒီယိုကင်မရာတွေကို ဘုရားကျောင်းတွေ၊ ပလီတွေ၊ ပြည်သူ့ရင်ပြင်လိုနေရာမျိုးတွေမှာ တပ်ဆင်နေတဲ့အပြင် သာမန်ပြည်သူလူထုကို အလျင်မပြတ် ခြေရာကောက်ဖို့ ဒစ်စကိုကလပ်တွေမှာတောင် တပ်ဆင်လာတာတွေ့ရပါတယ်။

“အကိုကြီး*က မင်းတို့ကိုစောင့်ကြည့်နေတယ်” ဆိုတာ ဒီကနေ့တရုတ်ပြည်ရဲ့တကယ့်ပကတိ အခြေအနေဖြစ်လာပါပြီလို့ လျူက ပြောပါတယ်။ သူကပဲ “လူ့အခွင့်အရေးရှေ့နေတွေ၊ ပညာရှင်တွေ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာတွေ အင်ဂျီအို တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေနဲ့ အစိုးရနဲ့သဘောထားကွဲလွဲသူတွေ အများကြီး မနှစ်က အဖမ်းခံခဲ့ရတယ်” လို့ သူက ဆိုပါတယ်။

ဒီကနေ့ ဖိနှိပ်ရေးစီမံချက်ဟာ လူထုကြီးကိုအုံနဲ့ကျင်းတဲ့ ဖမ်းဆီးခဲ့တဲ့ ၁၉၈၉ ခုနှစ်တီအန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေးလှုပ်ရှားဆန္ဒပြသူတွေကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်နှိမ်နင်းပြီးတဲ့အချိန်ကစပြီး အဆိုးဆုံးဖြစ်လာခဲ့ပါပြီ။ တရုတ်နိုင်ငံ အနောက်ပိုင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဟွမ်ကီက မကြာခင်က အစိုးရက အလုပ်ကြမ်းတွေလုပ်ခိုင်းပြီး ပြန်လည်ပညာ ပေးတဲ့စနစ်ဖြစ်တဲ့ ထောက်လှမ်းရေးအရာရှိတွေက အစိုးရနဲ့သဘာထားကွဲလွဲသူတွေ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေ၊ မြေအောက်လှုပ်ရှား ခရစ်ယာန်တွေကို ဥပဒေနဲ့အညီ တရားရင်ဆိုင်ခွင့် ရှေ့နေနဲ့တွေ့ဆုံဆွေးနွေးပိုင်ခွင့် စတာတွေမပေးဘဲ ဂုလပ် (gulags) အကျဉ်း စခန်းတွေထဲကိုပို့ဆောင်ဖို့ ထင်တိုင်းဖမ်းခွင့်ပေးထားတဲ့စနစ်ကို ပယ်ဖျက်ပစ်လိုက်တာဟာ အဓိကတိုးတက်မှုတခုဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့်သူက အဲဒီနေရာ တချို့ကို အလုပ်ကြမ်းစခန်းတွေအဖြစ် ဆက်ပြီးအသုံးပြုနေဆဲဖြစ်ပြီး အခုအချိန်မှာ တရားဝင်လေ့လာသင်ယူရေးဌာနတွေလို့ခေါ်နေကြတယ်ဆိုတာကို တွေ့ရှိထားခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ တရုတ်ပြည်ဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန်ကတော့ “တရုတ်အာဏာပိုင်တွေဟာ လျှိ့ဝှက် ထောင်တွေနဲ့ စိတ္တဇဆေးရုံတွေအပါအ၀င် ပုံစံအမျိုးအမျိုးနဲ့ ထင်သလိုဖမ်းဆီးထိမ်းသိမ်းတဲ့လုပ်ရပ်တွေကို ဆက်ပြီးလုပ်နေဆဲဖြစ် တယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါက ခုလက်ရှိ တရုတ်နိုင်ငံရဲ့အခြေအနေဖြစ်ပြီး သမိုင်းကြောင်းအရလည်း ၁၉၉၀ ခုနှစ်၊ ဧပြီလမှာ စစ်ဥပဒေနဲ့ တပ်သားတွေနဲ့ ရဲတွေကဦးဆောင်ပြီး ခြေမှုန်းခံလိုက်ရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ခေါင်းဆောင်တွေကို တနိုင်ငံလုံး ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့ပေမယ့် ညှဉ်းပမ်းနှိပ်စက်မှုဆန့်ကျင်ရေးကော်မတီရဲ့ရှေ့မှာတော့ တရုတ်နိုင်ငံရဲ့ကိုယ်စားလှယ်က တရုတ်နိုင်ငံမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့သူ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောဆိုသွားခဲ့တာကို အမှတ်ရပါသေး တယ်။ ကျနော်တို့နိုင်ငံရဲ့ သမတဆိုသူရဲ့ အပြောနဲ့တထေရာတည်းပါပဲ။

ကျနော်တို့မြန်မာနိုင်ငံက ၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ခြေမှုန်း အာဏာသိမ်းယူပြီးတဲ့နောက် စစ်အစိုးရအဆက်ဆက်နဲ့ ဒီကနေ့အရေခွံလဲ စစ်အစိုးရအထိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်းသူတွေ ရဟန်းသံဃာတွေ၊ အလုပ်သမားလယ်သမားတွေအပေါ် ဖိနှိပ်ညှဉ်းပမ်း မတရားမှုအမျိုးမျိုးကို ကျူးလွန်နေတာနဲ့ တထပ်တည်းနီးပါး တူညီနေတာကို တွေ့နေရပါတယ်။

ခုနောက်ဆုံး အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန့်ကျင် သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူတွေကို စစ်အရေခွံလဲအစိုးရက အကြမ်းဖက်နှိမ်နင်းရိုက်နှက်ဖမ်းဆီးဖြိုခွဲလိုက်တာကိုကြည့်ရင်လည်း အစိုးရရဲ့ဇာတိရုပ်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ကြမှာဖြစ်ပါဖြစ်ပါတယ်။ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့အတုကိုယူပြီး ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကဖိနှိပ်ဖို့ အဆင့်မြင့် နည်းပညာ အာဏာရှင်စနစ်တည်ဆောက်လာမယ့် အန္တရာယ်ကိုတွေ့မြင်နေရပြီလို့ပြောရင် မမှားလောက်ပါဘူးလို့ ထင်ပါတယ်။

* George Orwell ရဲ့ Big brother  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “စိုးနေလင်း – ၈၈ နောက်ပိုင်း မြန်မာပြည်နဲ့ ၈၉ နောက်ပိုင်း တရုတ်ပြည်
  1. Whatever multi party or one party, the power should come from grassroots. Candidate for people representatives should be select openly and media should be open.

Comments are closed.