(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၄
ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။
● စာမလာ အကြောင်းမကြား
စာမလာ သတင်းမကြားလို့ စိတ်ပူနေလား။ စောင့်မျှော်နေရလို့ သစ်ကုလားအုပ် ဖြစ်နေပြီလား။ ချစ်သူ စာမရေးဘူးလို့ အထင်မှားအမြင်မှားပြီး စိတ်ကောက်နေလား။ ဘာမှ စိတ်ပူပန် အထင်အမြင်မှား ဖြစ်မနေကြနဲ့ နယူးရော့ခ်မြို့ မှာ နှစ်ပေါင်းများစွာ စာပို့လုလင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၆၇) နှစ်အရွယ် စာပို့သမားကြီး ဂျိုဆက်ဖ် ဘရူကာတို (Joseph Brucato) တစ်ယောက် သိပ်မကြာသေးပါဘူး … ၂၀၀၅ ခုနှစ်ကတည်းက ပို့ရမယ့် စာ (၄) သောင်းကျော်ကို သူ့အိမ်၊ သူ့အလုပ်ဗီရို၊ ကားနောက်ခန်းတွေထဲမှာ (သေသေချာချာ) သိမ်းထားခဲ့တယ်။ ဒီလို နှစ်ပေါင်းများစွာ ပို့ရမယ့်စာတွေကို မပို့ဘဲ တမြတ်တနိုးသိမ်းထားခဲ့တာ ဘယ်သူမှမသိ။ တနေ့ သူကံဆိုးတာလား၊ စာမျှော်နေသူတွေ ကံကောင်းတာလားမသိ သူ့ကားနောက်ခန်းထဲမှာ သိမ်းဆည်းထားတဲ့စာတွေကို စာတိုက်မှူးတစ်ယောက်က သွားတွေ့ပြီး စစ်ဆေးလိုက်တဲ့အခါ အလုပ်ဗီရို နဲ့ သူ့အိမ်အခန်းတွေထဲမှာ သိမ်းဆည်းထားတဲ့ စာစောင်ရေ သောင်းကျော်ကို ရှာဖွေတွေ့ရှိလို့ ဖမ်းဆီးအရေးယူလိုက်တယ်။ သူ့ရှေ့ နေရဲ့  လျှောက်လဲချက်က မစ္စတာဂျိုဆက်ဖ် တစ်ယောက် စိတ်ကျရောဂါဝေဒနာ ခံစားနေရပြီး ကျန်းမာရေး မကောင်းတာကြောင့် ထောင်ချ အပြစ်ပေး၊ အရေးမယူဖို့ လျှောက်လဲအယူခံတင်ထားတယ်။ ရာဇဝတ်တရားသူကြီးကတော့ လောလောဆယ် အရက်သေစာ အလွန်အကြူးသောက်စားမှုကို ရှောင်ကြဉ်ဖို့ အမိန့်ချမှတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်မနှောင်းသေးပါဘူး … လုပ်ဖော်ကိုင်ဖက် စာပို့သမားတွေနဲ့ တာဝန်ရှိသူတွေကတော့ စောင့်မျှော်နေသူများကို အချိန်မီ စာတွေပေးပို့နိုင်ဖို့ အချိန်ပိုအလုပ်ဆင်း စာတွေရွေးရတော့မည်။ မကြာခင် စာတွေရကြမှာမို့ မျှော်ကြပျော်ကြတော့။ ရွှေမြန်မာပြည်မှာတော့ စာပို့သမားတွေက ဒီလိုမလုပ်တတ်လို့တော်သေး။ မြန်မာစာတိုက်နဲ့ စာပို့သမားတွေကတော့ နိုင်ငံခြားကလာတဲ့စာဆိုရင် ဒေါ်လာဘာညာ ပါမလားဆိုပြီး ဖေါက်ဖွင့်ပြီး ပါလာရင်ယူ၊ မပါလာရင် လွှင့်ပစ်လိုက်တာလို့ ကြားဖူးတယ်။ အဘတို့အကျိုး ထမ်းရွက်ကြတဲ့ သူတို့ထောက်လှမ်းရေးတွေကလည်း စောင့်ကြည့်မိသားစုတွေရဲ့  စာတွေကို ကြားဖြတ်ယူပြီး လုပ်စရာရှိတာ လုပ်ကြတယ် ပြောကြတယ် … ဟုတ်လား မသိဘူး။ (သတင်း – CBS News)
● တန်းဖိုးမသိသူ
ရွှေဆိုင်ငွေဆိုင် ရတနာဆိုင် ပိုင်ရှင်တွေ အရောင်းအဝယ်အတွက် အကျိုးဆာင်ပေးမယ့် လူလိုရင် အာရီဇိုနားပြည်နယ် (Arizona) က အသက် (၂၀) အရွယ် ဝါတာ အားလ် မော်ရစ်ဆန် (Walter Earl Morrison) လို့ လူမျိုးကို အလုပ်ခန့်ရင်တော့ ရောင်းအားကောင်း၊ စီးပွားတိုးနိုင်တယ်။ ကြည့်လေ ဘယ်လောက်တော်သလဲဆိုရင် တန်းဖိုးမှန်ဈေးမှန် မသိတော့ ဒေါ်လာ တစ်သိန်းခြောက်သောင်း ပေါက်ဈေးရှိတဲ့ စိန်လက်စွပ်ကို ခိုးယူပြီး ရှုရှိုက်ချင်တဲ့ ဆေးခြောက်ဝယ်ဖို့ ဒေါ်လာ (၂၀) နဲ့ ရောင်းစားလိုက်တယ်။ မစ္စတာမော်ရစ်ဆန် က စိန်လက်စွပ်ကို သူအလုပ်လုပ်တဲ့ ဖီနှစ်မြို့  (Phoenix – ဖီနှစ် ဒဏ္ဍာရီလာငှက်) စကိုင်ဟာဘား (Sky Harbor) လေဆိပ် ကုန်တင်ကုန်ချနေရာမှာ အလုပ်လုပ်နေချိန်တုန်း ခရီးသွားတစ်ဦးရဲ့  အိတ်ထဲက ခိုးယူလိုက်ပြီးနောက်၊ ဆေးခြောက်ဝယ်ဖို့ ရောင်းစားလိုက်တယ်လို့ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့က ပြောဆိုတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများရဲ့  စုံစမ်းစစ်ဆေးချက်အရ စိန်လက်စွပ်ကို ပြန်လည်ရရှိပြီး ပိုင်ရှင်ကို ပြန်လည်ပေးအပ်နိုင်ခဲ့တယ်။ အရောင်းအဝယ်တော်တဲ့ မစ္စတာမော်ရစ်ဆန်ကတော့ ခိုးယူမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်နန်းစံရတော့မယ်။ အာဏာရှင်တွေ၊ ခရိုနီတွေ တိုးတက်ဖွံ့ဖြိုးနေတဲ့ မြန်မာပြည်မှာတော့ တန်းဖိုးမဖြတ်နိုင်တဲ့ တောင်ကြီးတွေ၊ မြစ်ကြီးတွေ၊ သစ်တောကြီးတွေကို ရတဲ့ဈေးနဲ့ ရောင်းစားနေတဲ့ ဗိုလ်ချုပ်ကြီးတွေလုပ်ပုံများ မစ္စတာ မော်ရစ်ဆန်နဲ့ နင်လားငါလား။ (သတင်း – ABC News)
● နာမည်ရွေး မမှားဖို့
ပြည်သူ့ကျန်းမာရေးအတွက် ဆေးလိပ်တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အမေရိကန်နိုင်ငံမှာ အများပြည်သူ ပန်းခြံ၊ ကားမှတ်တိုင်၊ ရထားဘူတာရုံ၊ သင်္ဘောဆိပ်၊ ကျောင်း၊ ဆေးရုံ၊ ရုံးပတ်ဝန်းကျင် နေရာအတော်များများမှာ ဆေးလိပ်သောက်ခွင့်ကို တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်ထားတယ်။ ဒီလို စောင့်ကြည့်တားမြစ်ထားတဲ့ကြားက ချိုးဖောက်သူတွေကလည်း အမြဲရှိ။ ဒီလိုလူတွေထဲက ငယ်တဲ့အမှုကို ကြီးအောင်စွမ်းလိုက်တဲ့ အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးက မက်ဆက်ချူးဆက်ပြည်နယ် (Massachusetts)၊ ကွင်စီ (Quincy) မီးရထားဘူတာရုံအဝင်ဝမှာ ဆေးလိပ်သောက်ခွင့်မရှိဆိုတဲ့ ချိတ်ဆွဲထားတဲ့ ဆိုင်ဘုတ်တွေကို သောက်ဂရုမစိုက် ဆေးလိပ် မီးညှိဖွာရှိုက်လိုက်တော့ စောင့်ကြည့်နေတဲ့ ပြည်သူရဲက ဖမ်းတော့တာပေါ့။
တာဝန်ရှိရဲက အမျိုးသမီးကို ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ဖို့အတွက် နာမည်နဲ့ မွေးနေ့အချက်အလက်တွေ တောင်းတဲ့အခါမှာ မိန်းမလည် သိန်းကြွယ်က သူ့နာမည်အရင်း မစ္စတီနာ လွန် (Tina Lunn) ကို မပြောဘဲ။ ခေါင်းထဲရှိတဲ့ နာမည်တစ်ခုကို ပြောလိုက်တယ်။ ဘယ်လောက် ကံထူးသလဲဆိုရင် သူပြောလိုက်တဲ့ နာမည်က ရဲက အလိုရှိနေ ရှာဖွေနေတဲ့ ဝရမ်ပြေးတစ်ယောက် ဖြစ်နေတယ်။ ဒါနဲ့ တာဝန်ရှိရဲတပ်ဖွဲ့ကို သူကို ဖမ်းဆီးလိုက်ပြီး စစ်ဆေးမေးမြန်းနေချိန်အထိ သူလိမ်လည်ပြောဆိုထားတဲ့ နာမည်နဲ့ အစစ်ဆေးခံတယ်။ ဒီတော့ ရဲမှူးကြီးက သူ ပြောတဲ့ာံမည်နဲ့ သူ့ရုပ်မတူ ကွဲလွဲမှုတွေရှိတာနဲ့ အမှန်အတိုင်း ဝန်ခံပြောဆိုဖို့ ပြောဆိုမှ၊ ဖုံထားတာတွေ အကုန်ပေါ်တော့တယ် … မစ္စတီနာ နံမည်လွှဲပြောရတဲ့အကြောင်းက သူကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်မှု များစွာရှိနေသူ ဖြစ်နေတယ် – တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ပြစ်ဒဏ်ခံခဲ့ရသူ။ အခုတော့ ကံကောင်းတဲ့ ကိုရွှေရဲတွေများ “ယုန်ထောင် ကြောင်မိ” – တားမြစ်နယ်မြေအတွင်း ဆေးလိပ် သောက်တာကို ဒဏ်ငွေဆောင်လိုက်ရင် ပြီးတဲ့အမှုကနေ ဝရမ်ပြေးမနာမည် ပြောမိလို့ အာဏာပိုင်အဖွဲ့အစည်းကို လိမ်လည်မှု၊ တရားဥပဒေ ချိုးဖောက်မှုတွေနဲ့ ဒဏ်ငွေပေးဆောင် ထောင်ကျပြစ်ဒဏ်ခံရတော့မယ်။ အစောပိုင်းကာလ ပြည်သူတွေကို တရားမဲ့နှိပ်စက်၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ ရွှေနိုင်ငံက ဗိုလ်ချုပ်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့တားမြစ်ထားချိန် မှတ်ပုံတင်၊ ပတ်စ်ဖို့တွေကို လုပ်ချင်သလို ပြင်ထုတ်နိုင်တဲ့ ဗိုလ်ရှုပ်တွေက သူတို့သားသမီးတွေကို အနောက်အစိုးရတွေရဲ့  တားမြစ်စာရင်း (blacklist) ထဲမပါ၊ လွတ်ကင်းတဲ့ သာမန် ကုန်သည်စီးပွားရေး လုပ်ကိုင်စားသောက်သူတွေရဲ့  သားသမီးတွေအဖြစ် အမည်ပြောင်းလဲပြီး ကျောင်းတက်ဖို့၊ အလည်အပတ်ခရီး၊ ပြောင်းရွှေ့ နေထိုင်ရေးတွေကို လုပ်ဆောင်ခဲ့တယ်။ (သတင်း – Huffington Post)
● အလျှောက်ကောင်း
တစ်နာရီကို (၄၅) မိုင်နှုန်း မောင်းခွင့်ပြုထားတဲ့ လမ်းပေါ်မှာ ဝုန်းဒိုင်းကြဲအရှိန်နဲ့ မောင်းသွားတဲ့ ဖို့ဒ်မက်စတန် (Ford Mustang) ကားတစ်စီးနောက်ကို ရဲတွေလိုက်ပြီး ရပ်ဖို့အမိန့်ပေးပေမဲ့ ကားမောင်းသူက အရှိန်မလျှော့တဲ့အပြင် မိုင် (၁၀၀) နှုန်းတင်ပြီး ဆက်မောင်းပြေးတယ်။ ရဲကားတွေ နောက်ကထပ်ချပ်မကွာ အချိန်အတော်ကြာလိုက်ပြီး အလျှော့ပေးအဖမ်းခံဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံး ရဲတွေလက်က မလွတ်မှန်သိတော့ ပြိုင်ကားမောင်းသလို မောင်းနေတဲ့ မြောက်ကာရိုလိုင်နားပြည်နယ် (North Carolina) ဂျွန်ဆင် (Johnson) မြို့ သူလေး အသက် (၁၉) နှစ်အရွယ် စတာ ရှီလ် ဝီလျံ (Star Shields Williams) တစ်ယောက် စိတ်လျှော့လက်လျှော့၊ ခြေထောက်လျှော့လိုက်ပြီး ကားရပ် အဖမ်းခံလိုက်တော့တယ်။ ဥာဏ်ကြီးရှင် မရွှေချောက သူအနေနဲ့ အခုလို ရဲလက်က ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခြင်းမဟုတ်ကြောင်း ဘူးခံပြောဆိုတယ်။ မုသားမပါ လင်္ကာမချော သူ့ဆင်ခြေဆင်လက်ကို တချက်ကြည့်အုံး … အခုလို ထိန်းမနိုင်သိမ်းမနိုင် တဟုန်းထိုး မိုင် (၁၀၀) လောက်နဲ့ သူ့ကား ဂိုးနေတာ သူ့ခြေထောက်က လီဗာနဲ့ ညှပ်နေပြီး လီဗာကို တအားဖိမိပြီး ဂလိုဂလောက် ဖြစ်သွားတယ်လို့ အယူခံဝင်ရှာတယ်။ ဒီလိုမျိုး ကလေးကလား ဘတ်ကီးပြတာမျိုးကို လက်မခံနိုင်တဲ့ ရဲမှုးကြီးက အများပြည်သူ အန္တရာယ်ဖြစ်အောင် မဆင်မခြင် မောင်းနှင်းခြင်း၊ ရဲအမိန့်ကို နာမခံခြင်း၊ သတ်မှတ်မိုင်နှုန်းထက်ကျော်လွန် မောင်းခြင်း၊ လိမ်လည်မှုစတဲ့ ပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေ ဒေါ်လာ သုံးသောင်းခြောက်ထောင် ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်တယ်။ ကဲ ဘာမှတ်လဲ … မြန်မာပြည်မှာပဲ လူကြီးသားသမီးတွေပဲ မောင်းချင်သလို မောင်းလို့ရတယ်။ ဥပဒေအထက် သူတို့ပဲရှိတာ။ (သတင်း – Fox News)
It s not interesting. We don’t need to read gossip. If we want to read gossip, there s plenty of journals to buy. Can you write something else?