မိုးမခကို ပေးတဲ့စာ

မင်းဆရာ … အဘ

စာနာသူတစ်ဦး (မိုးမခပေးစာ)
ဇူလိုင် ၁၂၊ ၂၀၁၂
ကျွန်တော့်မိတ်ဆွေ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိနေထိုင် လာခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်းဂေါပကအဖွဲ့တို့က ၎င်းတို့ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရား ကျောင်း ပိုင်မြေဟုဆိုကာ အတင်းမောင်းထုတ်ဆွဲချခဲ့ပါသည်။ ၎င်းမိသားစုမှာ နေစရာမရှိသဖြင့် အသနားခံစာတင်သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ် (၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေး ခဲ့ပါသည်။ ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါသဖြင့်ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင်နေထိုင်လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ သာမန်ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်း ကောင်း လက်မှတ်များကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက်ဖြစ်ပါသည်။ ၎င်းမိသားစု (၁၈) နှစ်ကျော်ကြာ နေထိုင်လာခဲ့သော ယင်းမြေကွက်အား ယခုအခါတွင်စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှူးကြီး ခင်မောင်တင့်ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့်စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက်စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါသည်။ တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုသည်မှာ ရုံးချိန်းများသာပုံမှန်ခေါ်ယူပြီး မည်သည့် ထိ ရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှူးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေးလိုက်ခြင်းကို ဆိုလိုပါသည်။ဗိုလ်မှူးကြီး ဟောင်းခင်မောင်တင့်သည် သူ့ကိုယ်သူ သူရဦးရွှေမန်း၏ဆရာ ဟုဆိုကာ ပြောဆိုအာဏာသုံးခဲ့သည်များလည်းရှိခဲ့ပါသည်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ (၁၁) ပတ္တမြားရတုမဂ္ဂဇင်းမှာ ကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း ၏ဆရာဖြစ်နေပါသည်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌ ကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်တွင် ၎င်း၏ဆရာဆိုသူက ယခုလို အာဏာကိုအလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို မတရားအနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌကြီးအနေဖြင့် ယခုလိုလှစ်လျှူရှုမနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံတင်ပြအပ်ပါသည်။

ကျွန်တော်၏ မိတ်ဆွေမိသားစုမှာယခုအခါ နေထိုင်ခိုကိုးစရာမရှိပါသဖြင့် ပဉ္စနိကာယ်ကျောင်းထိုင်ဆရာတော်မှ ခေါ်ယူကယ်ဆယ်ထားရပါ သည်။ ဗိုလ်မှူကြီးဟောင်း ဦးခင်မောင်တင့်သည် ယခင်ကလည်း အခြားသူများပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက် ကျူးကျော်ကာ ခြံစည်းရိုးခတ်သဖြင့် (၎င်းပိုင်ဆိုင်သည့် အနေဖြင့်ခြံစည်းရိုးခတ်ခြင်းဖြစ်သည်) မြို့နယ် မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူ ဖြေရှင်းခဲ့ရဖူးပါသည်။ ဦးခင်မောင်တင့်သည် ပြိုင်ဘက်ရှေ့နေများအားလည်း ခြိမ်းခြောက်သည့်သဘောမျိုးဖြင့် လက်ရှိသမ္မတနှင့် လွှတ် တော်အကြီးကဲများအားလုံးသည် တချိန်က ၎င်း၏တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင်နိုင်ကြောင်းလည်း ပြောပါသည်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦးခင်ဗျား …

ယခုလို အပြစ်မဲ့မိသားစုတစ်စုအားမတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တို့မှ သနားငဲ့ညှာသော အားဖြင့် သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလို ကူညီစောင်ရွက်ပေးနိုင်ပါရန် အသနားခံတင်ပြ အပ်ပါသည်ခင်ဗျား …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်းဆရာ … အဘ

Comments are closed.