Maung Yit – ခေတ်သစ် နိုင်ငံရေးဖြတ်လေးဖြတ်နဲ့ မြန်မာ့ဒီမိုကရေစီ လူ့ဘောင်သစ် ဆီသို့

အယ်ဒီတာ့လက်ရေး ၁၃

ခေတ်သစ် နိုင်ငံရေးဖြတ်လေးဖြတ်နဲ့ မြန်မာ့ဒီမိုကရေစီ လူ့ဘောင်သစ် ဆီသို့

မောင်ရစ်၊ ဇူလိုင် ၆၊ ၂၀၁၂


ဘယ့်နှယ် … ဘာလိုချင်လဲ … “ဒီမိုကရေစီ” လို့ လည်ပင်းကြောကြီးတွေ ထောင်ထလာအောင် ကြုံးအော်ခဲ့သူတွေက အခုလိုမျိုး “ဘာလိုချင်လဲ” လို့ ဟိုဖက်ကလာမေးတော့ အသံလေး အောက်ချပြီး “မိဘတွေက အိုပြီမို့ အိမ်လေးတော့ ခဏပြန်ချင်လိုက်တာ …” လို့ ငိုသံလေးစွက်ပြီး ပြောနေတာမျိုးကတော့ ရုပ်ရှင်ရိုက်လိုက်ရင် ကြံ့ဖွတ်ပေးတဲ့ အကယ်ဒမီလောက်တော့ ရလိမ့်မယ် ထင်တယ်။


ဟဲဟဲ … ၀က်ဆိုက်တွေ၊ နွားဆိုက်တွေလုပ်နေတဲ့သူတွေက ခေါင်းစဉ်တွေ စိတ်ဝင်စားအောင် ပေးတတ်တယ်။ ဒါနဲ့ပဲ အပေါ်က ခေါင်းစဉ်ကို ပြူးပြဲနေအောင် လုပ်ပေးလိုက်တယ်။ မိုးမခ၀က်ဆိုက်ကို ဖတ်ရှုတဲ့ ပရိသတ်တွေဆီက အသံမျိုးစုံ ကြားသိရတဲ့အတွက် ကျေးဇူးတင်ကြောင်း ၀ိုင်းတော်သားများ ကိုယ်စား ပြောလိုက်ပါတယ်။ ခင်ဗျားတို့ ဘယ်တော့ ပြန်တော်ဝင်မလဲ လို့ တ တတ မေးကြတာကိုလည်း အသိအမှတ်ပြုပါတယ်။

တကယ်တမ်း လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးရပြီ ဆိုတဲ့တနေ့၊ ကိုယ့်အိမ်ကိုပဲ ပြန်ပြန်၊ သူများအိမ်ပဲ တက်လည်လည်၊ လူတိုင်း လူတိုင်း သန်းကောင်းစာရင်း မတိုင်ရတဲ့နေ့၊ ကိုယ့်တိုင်းပြည်ကို ပြန်ပဲပြန်၊ သွားပဲသွား ဘယ်သူမှ ဟိုလိုလို ဒီလိုလို ခံဝန်ချက်တွေ လက်မှတ်မထိုးရတဲ့နေ့၊ လမ်းမတွေမှာ ၀ါးလုံးတွေ တန်းပြီး စစ်ဆေးရေးဂိတ်တွေ၊ ဂိတ်ကြေးတွေ မတောင်းတဲ့ နေ့ အဲဒါဟာ မြန်မာပြည်သူတွေအားလုံးအတွက် အမှတ်တရဖြစ်မယ့် နေ့ပဲလို့ ပြောချင်တယ်။ အဲသည်နေ့လိုမျိုးမှာဗျာ .. ဘယ်သူကမှ ပြန်မလား၊ သွားမလား အဖက်လုပ်ပြီးတော့တောင် မေးနေမယ် မထင်ဘူး။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တပြည်လုံးအတိုင်းအတာနဲ့ အာမခံချက်ရှိဖို့ လိုချင်တာ၊ အခြေအနေတွေ အချက်အလက်တွေ ရှိဖို့ လိုချင်တာကို ဆွေးနွေးနိုင်သူတွေ ဆွေးနွေးနေကြတာကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ ထောက်ခံ ကြိုဆိုပါတယ်။ ဟိုဖက်က အာဏာလက်ရှိ စစ်အစိုးရလူဝတ်လဲထားသူတွေက တွေ့ဆုံဆွေးနွေးတယ် တွေ့ဆုံဆွေးနွေးတယ် ဆိုပြီး အတိုက်အခံတွေကို ဘာလိုချင်လဲ လာ မေးနေတာကို တောပြော၊ တောင်ပြောတွေ လျှောက်မေး၊ လျှောက်တောင်းနေတာကိုလည်း ပြုံးမိပါရဲ့။

ဘယ့်နှယ် … ဘာလိုချင်လဲ … “ဒီမိုကရေစီ” လို့ လည်ပင်းကြောကြီးတွေ ထောင်ထလာအောင် ကြုံးအော်ခဲ့သူတွေက အခုလိုမျိုး “ဘာလိုချင်လဲ” လို့ ဟိုဖက်ကလာမေးတော့ အသံလေး အောက်ချပြီး “မိဘတွေက အိုပြီမို့ အိမ်လေးတော့ ခဏပြန်ချင်လိုက်တာ …” လို့ ငိုသံလေးစွက်ပြီး ပြောနေတာမျိုးကတော့ ရုပ်ရှင်ရိုက်လိုက်ရင် ကြံ့ဖွတ်ပေးတဲ့ အကယ်ဒမီလောက်တော့ ရလိမ့်မယ် ထင်တယ်။

တလောက စစ်ဗို်လ်ချုပ်ဟောင်းတွေ ရေးတဲ့ သူတို့တပ်မတော်ဖြတ်သန်းမှု စာအုပ်တွေ ဖတ်ဖြစ်တယ်လို့ ပြောမိတယ်။ အဲသည်မှာ ဗိုလ်ချုပ်သန်းတင် (ငြိမ်း) ရေးတဲ့ “ကိုယ်တွေ့ဖြစ်ရပ်များ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ … ” ဆိုတဲ့ စာအုပ်လည်း ပါတယ်။ အဲသည်မှာ စာအုပ်ရဲ့ ခေါင်းစဉ်ငယ်က “ဖြတ်လေးဖြတ် စစ်နည်းဗျူဟာများဖြင့် အလုပ်သမားကြီးများနှင့် လယ်သမားဦးကြီးတွေရဲ့ ငစိန်ကျည် ထိကုန်ပြီ” လို့ ရေးထားတယ်။

ဗိုလ်ချုပ် သန်းတင် (ငြိမ်း) က ၁၉၇၂ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်၊ ဖြတ်လေးဖြတ် စစ်နည်းဗျူဟာဖြင့် “တိုင်းလုံးအောင် စစ်ဆင်ရေး” ၊ “ထောပိုင် စစ်ဆင်ရေး” တို့ဖြင့် ဧရာဝတီတိုင်းအား သောင်းကျန်းသူ တယောက်မျှ မရှိအောင် တိုက်ခိုက်ပေးခဲ့တယ်။ ၁၉ ၇၄ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ယခုတောင်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးတာဝန်နဲ့ ပဲခူးရိုးမက “အောင်စိုးမိုး စစ်ဆင်ရေး” မှာလည်း ဖြတ်လေးဖြတ်နဲ့ ပဲခူးရိုးမ တခုလုံးအား ရောင်စုံသူပုန် တယောက်မှ မရှိအောင် တိုက်ခိုက်ပေးခဲ့တယ် လို့ သူ့ကိုယ်ရေးအကျဉ်းမှာ ရေးထားပါတယ်။

ဗိုလ်ချုပ် သန်းတင် (ငြိမ်း)ဟာ ၈၈ အရေးတော်ပုံကာလတုန်းက ဒုတိယ၀န်ကြီးချုပ် တာဝန်ကို ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အဲသည် စစ်ရေး နိုင်ငံရေး အတွေ့အကြုံတွေကို သူ့စာအုပ်မှာ တင်ပြထားတဲ့အထဲက စိတ်ဝင်စားမိတာကတော့ ဖြတ်လေးဖြတ်နဲ့ “သောင်းကျန်းသူတွေ”ကို တိုက်ခိုက်ခဲ့တယ် ဆိုတာပဲ။ (သောင်းကျန်းသူဆိုတာ သူသုံးတဲ့စာသားပါ)

            ဗိုလ်ချုပ်သန်းတင်ရဲ့ အဆိုအရ သူတို့ တပ်မတော်သားတွေဟာ စစ်ဆင်ရေးပြီး စစ်ဆင်ရေး တိုက်နေရတယ်။ လွတ်လပ်ရေးရကတည်းက တိုက်လိုက်ရတာ ပြည်တွင်းစစ်ကော၊ ပြည်ပ တရုတ်ဖြူ ကျူးကျော်စစ်၊ မူဂျာဟစ် ကျုးကျော်စစ်တွေ တောက်လျောက်ပဲ။ သူပုန်တွေဖက်ကလည်း ဘယ်တော့ကမှ အမြစ်မပြတ်ဘူး။ တိုက်လိုက်၊ နိုင်လိုက်၊ ပြန်ပေါ်လာလိုက်၊ တိုက်လိုက်နဲ့ စစ်ဆင်ရေးပြီး စစ်ဆင်ရေး ဖြစ်နေတယ်လို့ သူက ရေးထားတယ်။ အဲသည်တော့ ရန်သူတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဖြတ်လေးဖြတ်ဗျူဟာနဲ့ ပြည်သူတွေနဲ့ နယ်မြေခံတွေကိုပါ တွဲပြီး သိမ်းသွင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့ရတယ်။ အဲသည်မှာ ဧရာဝတီနဲ့ ပဲခူးဒေသတွေမှာ သူပုန်တွေ အမြစ်ပြတ်ပြီး အဖြူရောင်နယ်မြေအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ ရေးထားပါတယ်။

            တပ်မတော်ရဲ့ ဖြတ်လေးဖြတ်ကို ပြန်လည် ရေးပြရမယ်ဆိုရင်

            (၁) အမာခံ ဖော်ထုတ်ခြင်း

(၂) ရိက္ခာ ပိတ်ဆို့ခြင်း

(၃) ရောင်စုံသောင်းကျန်းသူများနှင့် ပြည်သူတို့ကို အဆက်ဖြတ်စေခြင်း

(၄) ကျေးရွာပြည်သူတွေက သောင်းကျန်းသူများကို ပြန်လှန်တိုက်ခိုက် သတ်ရဲ ဖြတ်ရဲခြင်း တို့ ပါဝင်ပါတယ်။

အမာခံတွေဖော်ထုတ်တယ် ဆိုတာက ကျေးလက်တွေက သူပုန်တွေရဲ့ သူလျိုတွေ၊ လူဟောင်းတွေ၊ အဆက်တွေကို ဖော်ထုတ်ပြီး သီးသန့်စခန်းတွေမှာ အကျယ်ချုပ်ထား ကန့်သတ်ထားတာကို ဆိုလိုတာပါ။ သူတို့ဖာသာ သူတို့ စိုက်ပျိုးစားသောက်နေစေပြီး ပြင်ပနဲ့ အဆက်ဖြတ်ထားတဲ့နောက်ပိုင်းမှာ အဲသည် အမာခံတွေဟာ စိတ်ဓာတ်ကျပြီး တပ်မတော်ကို သတင်းပြန်ပေးသူတွေ၊ ရန်သူကို ပြန်ဖော်ထုတ်ပေးသူတွေ ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

ရိက္ခာပိတ်ဆို့တယ် ဆိုတာကတော့ ကျေးလက်တွေကနေ ဆက်ကြေး ရိက္ခာတောင်းနေတာတွေကို ပိတ်ပင် တားဆီးဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ သူပုန်တွေလက်လှမ်းမမီအောင် ကျေးရွာတွေကို တပ်မတော်အကာအကွယ်အောက်မှာ ထားပြီးတော့ လယ်ယာလုပ်ငန်းတွေကို သူပုန်တွေ ၀င်မလုနိုင်အောင်၊ မကောက်ခံနိုင်အောင် ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။ သူပုန်တွေဟာ တော၊ တောင်ထဲမှာ အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး လက်နက်ချလာကြတယ်လို့ ရေးထားပါတယ်။

သူပုန်နဲ့  ပြည်သူကို အဆက်ဖြတ်စေခြင်းကတော့ ရိက္ခာပိတ်ဆို့ထားသလိုမျိုးပဲ သူပုန်တွေ ထောက်လှမ်းရေး၊ သတင်းစုံစမ်းရေး မလုပ်နိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်းတွေ အဆက်အသွယ်တွေ အားလုံးကို ပိတ်ဆို့ ဖြတ်တောက် တားဆီးတာ ဖြစ်ပါတယ်။ သူပုန်တွေဟာ ပကတိအခြေအနေနဲ့ ကင်းကွာပြီး ဆက်လက်လှုပ်ရှားရမယ့် သဘောထားတွေ၊ အစီအမံတွေ ယိုယွင်း အားနည်းလာရတယ်လို့ ဆိုပါတယ်။ အဲသည်ကနေ ပေါ်ထွန်းလာတဲ့ အမှားတွေကို အခွင့်ကောင်းယူပြီး သူပုန်တွေကို ချေမှုန်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးတချက် ပြည်သူတွေကို လက်နက်တတ်ဆင်ပေးလိုက်တဲ့အတွက် ကျေးရွာပြည်သူ့စစ်တွေကိုယ်တိုင်က သူပုန်တွေကို လိုက်လံ နှိမ်နင်း တိုက်ခိုက်နိုင်ခဲ့တယ်။ သူပုန်တွေဟာ နောက်ထပ် အင်အား လူသူ လက်နက် စုဆောင်းခြင်း၊ တိုးချဲ့ခြင်း မလုပ်နိုင်ပဲ အင်အားတွေ ပြတ်တောက်ကုန်ရတယ်လို့ ရေးသားထားပါတယ်။

အဲသည်စာအုပ်ကလေး ဖတ်ပြီး လက်ရှိအခင်းအကျင်းနဲ့ ဆက်စပ်တွေးနေမိတာကတော့ စစ်ရေးအရ တပ်မတော်က ဖြတ်လေးဖြတ်ကို ကျင့်သုံးခဲ့တယ်။ နိုင်ငံရေးအရလည်း ခုချိန်မှာ ဖြတ်လေးဖြတ်ကို ကျင့်သုံးချင် ကျင့်သုံးနေမှာပဲလို့ တွေးနေမိတာပါ။  (အပ်ချ မတ်ချ မပြောရဲပေါင်ဗျာ။ တော်ကြာ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ကို မနာလိုပြီး ရေးတယ် အစွပ်စွဲခံနေရဦးမယ်)။

လက်ရှိမှာ ကိုယ့်ဒီမိုကရေစီအမာခံတွေလည်း မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီလမ်းစဉ် အသိုင်းအ၀ိုင်းထဲမှာ အကန့်အသတ်ခံနေရသလို ဖြစ်နေသလား။ (မေးခွန်းပါ၊ အတင်းကြီး ဆွဲယူပြီး အဆိုးမြင်တာမဟုတ်)။

လက်ရှိမှာ ကိုယ့်ဒီမိုကရေစီ အင်အားစုတွေ အတိုက်အခံတွေလည်း လက်နက် ရိက္ခာ ရှားပါးလာလို့ အနေအထားတွေ အခြေအနေတွေ ပြောင်းပြောင်း ပြင်ပြင်တွေများ ဖြစ်နေသလား။ အရင်တုံးကဆိုရင် စစ်အစိုးရ၀ါဒဖြန့်ပုံက အတိုက်အခံတွေက ထောက်ပံ့ငွေတွေ ယူစားပြီး ကြီးပွားနေတယ်၊ ဘာညာ။ အခု ၀ါဒဖြန့်နေပုံကတော့ အတိုက်အခံတွေ အထောက်အပံ့တွေ ပြတ်တောက်ကုန်လို့ ငတ်နေပြီ၊ ဘာညာ မဟုတ်လား။

လက်ရှိမှာ ပြည်သူတွေနဲ့ အတိုက်အခံတွေဟာ အဆက်ပြတ်နေတာတွေ၊ ပြည်သူတွေကိုယ်တိုင်က အတိုက်အခံတွေကို နှိမ်နှင်းလာတာတွေတော့ မြင်နေရပြီလား။ အင်း … မြင်တော့ မမြင်ရသေးဘူး။ သို့သော် အတိုက်အခံတွေဖက်က ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေဖက်ကနေပြီး ပြောဆိုထောက်ပြတာတွေကို အဆိုးမြင်လိုက်တာ၊ မနာလို မစ္ဆရိယကြီးလိုက်တာ၊ စသည်ဖြင့် တန်ပြန်ဝေဖန်သံတွေကတော့ နဲနဲလေးတော့ ညံလေ့ရှိတာ ၀န်ခံရမယ် ထင်တယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ၊ ၈၈ မျိုးဆက် ကျောင်းသားများတွေတင်မှ မဟုတ်တာကိုးလေ၊ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေ၊ စာနယ်ဇင်းတွေ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အမျိုးမျိုး အထွေထွေ အဆင့်ဆင့် ရှိကြတာဆိုတော့ မတူညီသော အမြင်တွေ အယူအဆတွေ တင်ပြဆွေးနွေး ပြောဆိုနေကြတာတွေကို လေ့လာသုံးသပ်ကြမယ့်အစား လူကြိုက်များတဲ့ အချက်အလက်တခုနဲ့ ကွဲပြားတာနဲ့တင်ကို အလွန်အကျွံ ဆန့်ကျင်ရှုတ်ချခြင်းတွေ ဖြစ်ပေါ်လာတာဟာ ပြည်သူနဲ့  အတို်က်အခံတွေကြား အဆက်ပြတ်မှုလို့ သုံးသပ်ချင် သုံးသပ်နိုင်မယ် ထင်ပါတယ်။

ကဲ ထားပါတော့လေ။ ဖတ်မိတဲ့ စာအုပ်ကလေးနဲ့ ဆက်စပ်ပြီး လက်ရှိအခြေအနေကို တွေးနေမိတာပါ။ ဘာရယ်လို့ မဟုတ်ပါဘူး။ ပြန်လှန်စောဒက တက်လို့ ရတဲ့ အချက်တွေကလည်း အများကြီးပေါ့လေ။ ဥပမာအားဖြင့် ဗကပတွေ၊ တိုင်းရင်းသားသူပုန်တွေကို ဖြတ်လေးဖြတ်နဲ့ ပြည်မကနေ မောင်းထုတ်လိုက်တယ်ဆိုပေမယ့် သူတို့ရဲ့ ယူဂျီတွေကို စစ်အစိုးရအဆက်ဆက်မှာ မြိ့နဲ့ ကျေးလက်တွေကနေ မဖယ်ရှားနိုင်ခဲ့ဘူး။ တောင်တန်းဒေသ၊ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တောက်လျောက် ရပ်တည်ပြီး တိုက်ပွဲဝင်နေခဲ့တယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မျိုးဆက်သစ်တွေ အင်အားစုတွေဟာ အမှန်တရားနဲ့ တရားမျှတမှုဖက်ကနေ တိုက်ပွဲဝင်ဖို့ လူ့ဘောင်လောကမှာ သဘာဝအတိုင်း မွေးဖွားလာတယ်။ တားဆီးလို့ မရဘူး။ ပြည်သူတွေဟာ အသွင်သဏ္ဍန်အရ စစ်အာဏာရှင်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေရဲ့ လက်အောက်မှာ ဖိနှိပ်မှုအောက်မှာ ရှင်သန် အသက်မွေးမြူနေထိုင်နေသော်လည်း အဲသည် လူထုအင်အားကိုယ်တိုင်က ရုန်းကန်တော်လှန်တဲ့ ပင်မရေစီးကြီးဖြစ်တယ်။ အဲဒီပြည်သူတွေကို စစ်အာဏာရှင်တွေ အဆက်ဆက်က ဘယ်တုန်းကမှ ပုံစံမသွင်းနိုင်ခဲ့ဘူး။

ဒါပေမယ့်လည်း အချိန်ကုန်တာပေါ့ဗျာ။ အမှန်တရားဟာ တနေ့မှာ အောင်ပွဲခံရစမြဲ ဆိုပေမယ့် အမှားတရားဆိုတဲ့ အကောင်က ဥာဏ်နီ ဥာဏ်နက်၊ ပရိယာယ်၊ စီးပွားဥစ္စာတွေ အလွန်အကျွံ ရင်းနှီးမြုပ်နှံပြီးတော့ သူတို့ အာဏာသက်တမ်း ရှည်သည်ထက် ရှည်အောင် ဆွဲဆန့်နေတာကို ဒီဖက်က အတိုက်အခံတွေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ ရှိစုမဲ့စု အင်အားတွေ၊ အရင်းအနှီး မူးစု ပဲစုတွေ၊ တတ်စွမ်းသမျှ ပညာ၊ ၀ီရိယတွေနဲ့ ပြန်လှန်တိုက်ခိုက်နေရတာဆိုတော့ အချိန်တော့ ယူရသပေါ့ဗျာ။ ဒီလိုပဲ အားလုံးက အားတင်းပြီး ဆက်ချီတက်ရမှာပါပဲ။

စကားကြုံလို့ ဒေါ်စုပြောခဲ့တဲ့ စကားလေး ဒီမှာ ပြန်ပြောပြချင်ပါတယ်။ ပြင်သစ်က မြန်မာကွန်မြူနီတီနဲ့ မေးဖြေလုပ်ကြတော့ အမေစုကို တဦးကမေးပါတယ်။ အမေစုရဲ့ အိပ်မက်က ဘယ်လိုဖြစ်မယ် ထင်သလဲတဲ့။ ဒေါ်စုက ဖြေပါတယ်။ အခု လှုပ်ရှားမှုကြီးထဲမှာ ကျမ မလိုအပ်တော့ဘူးဆိုတဲ့ နေ့ကို သူ အိပ်မက်မက်ချင်ပါတယ် တဲ့။ အဲသည်အခါကျရင် သူ့အဖေလိုပဲ မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုကြီးရဲ့ အပြင်ဖက်ကနေ အနားယူပြီး ပြန်ပြီး ကြည့်နေမိမယ်။ ပြုံးရီ စရာတွေလည်း တွေ့ရင် တွေ့ရမယ် ထင်ပါတယ်တဲ့။ (အတိအကျ ပြန်မရေးနိုင်တာ ခွင့်လွှတ်ပါ။ နားလည်သလို ရေးတာပါ)။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဟာ တကယ်တန်းတော့ ဒီမြန်မာပြည်အရေးအတွက် တဘ၀လုံး၊ တသက်လုံး ရင်းနှီးမြုတ်နှံပြီး ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူ့ကို မလိုအပ်တော့ဘူးလို့ ဆိုတဲ့နေ့ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဖြစ်နိုင်ပါ့မလားလို့တောင် တွေးမိပါရဲ့။ တဖက်က ပြန်တွေးမိတော့လည်း မြန်မာပြည်ရဲ့ အရေးမှာ သူတို့ကို မလိုအပ်ပါဘဲရယ်နဲ့ အတင်းကာရော၊ အဓမ္မကြီးကို သူတို့တွေဟာ မြန်မာပြည်ကြီးအတွက် အလွန်တရာ အရေးပါ၊ အရာရောက် လိုအပ်သူတွေပါဆိုပြီး စင်မြင့်ပေါ်က မဆင်းသူတွေ၊ စင်မြင့်ပေါ် အတင်းကုတ်ကပ် တွယ်တက်နေသူတွေနဲ့ တင်းကြမ်းနေတာပါလား။ အဲသည်လို မလိုအပ်ဘဲနဲ့ အတင်း ၀င်လုပ်နေသူတွေသာ အဲသည်လို သဘောပေါက်သွားကြမယ်ဆိုရင် တိုင်းပြည်ကြီး အတော်ကို နေကောင်းကျန်းမာ ဖြစ်သွားလိမ့်မယ်လို့ တွေးမိပါတယ်။

ဒါဖြင့်ရင်လည်း မောင်ရစ်ရယ် … မင်းတို့ ပေါက်ကရလေးဆယ် မိုးမခမီဒီယာဆိုတာလည်း မြန်မာပြည် ဒီမိုကရေစီရေး လမ်းမကြီးမှာ ခလုပ်ကန်သင်း ဆူးညှောင်ခလုပ်တခုပဲကွယ်။ မလိုအပ်ဘူးဆိုတာ မင်းတို့တွေ အသိခေါက်ခက် အ၀င်နက်လှချည်လားလို့ မေးခွန်းတွေ ထုတ်လာနိုင်ပါသေးတယ်။

အင်း … ကျနော်တို့တတွေက ကိုယ်လုပ်ချင်တာတွေကို ရေသောက် ဗိုက်မှောက်ပြီး လုပ်နေကြတာဆိုတော့ သန်းကောင်စာရင်း မတိုင်ဘဲ ကိုယ့်အိမ်ကိုယ့်ယာမှာ ကျောခင်း အိပ်ပျော်တဲ့နေ့ဟာ ကျနော်တို့တွေ မလိုအပ်တော့တဲ့ နေ့ဖြစ်မယ် ထင်တယ်။

ဒီကြားကာလထဲမှာတော့ …

“ဘာလိုချင်လဲ”

“ဒီမိုကရေစီ” ။    ။

2 thoughts on “Maung Yit – ခေတ်သစ် နိုင်ငံရေးဖြတ်လေးဖြတ်နဲ့ မြန်မာ့ဒီမိုကရေစီ လူ့ဘောင်သစ် ဆီသို့

  1. လမ်းတွေပေါ်မှာဝါးလုံးတွေကိုအလံသယ်သလိုလက်ဆင့်ကမ်းသွားကြရင်တော့လိုအုံးမှာပါ။။။။

  2. အမေစု ပြောတဲ့အတိုင်း အနားယူနိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။ မျိုးဆက်သစ်ပျိုးထောင်ရေးအတွက် ၅နှစ်ဆို လုံလောက်မယ်ထင်ပါတယ် ဦးသိန်းစိန်နဲ့ဒေါ်စုတို့ ၅နှစ်လက်တွဲနိုင်ပါစေ။ ၂ယောက်စလုံး အမေရိကန်ဂျော့ဝါရှင်တန်ကြီး သမ္မတရာထူးက လုံးဝအနားယူသလို ဖြစ်နိုင်ပါစေ…။

Comments are closed.