သူတို့အာဘော်

ကျနော် အင်္ဂလိပ်စာ ဆရာကြီး

ဖိုးထက်
ဇွန် ၇၊ ၂၀၁၂
ကျနော်တို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး World Economic Forum 2012 မှာ မိန့်ခွန်းတက်ခြွေ၊ စာရွက်ကြီးတက်ဖတ်ပြသွားတော့ အင် တာနက်ပရိတ်သတ်ရဲ့ အမျိုးမျိုးသောမှတ်ချက်တွေပေးကြတာ ဖတ်ရပါတယ်။ တစ်ယောက်ကဆို “သူဖတ်နေတာ (အဲလေ သူပြောနေတာ) ကြည့်ရတာ..အီးပါချင်လိုလို၊ ရင်ကျပ်ချင်သလိုလို၊ ချောင်းဆိုးချင်သလိုတောင် ဖြစ်လာတယ်တဲ့”။ ဒီလူ့နှယ် ပြောမှပြောတတ်ပလေလို့ သ ဘောကျပေမယ့် နှိမ်ချင်တဲ့စိတ်ကလေးပါတယ်ဆိုရင်ဖြင့်ရင် သဘောမတူပါဘူး။

ဒေါ်စုပြောသွားတာတွေကိုတော့ ပရိတ်သတ်ကြီးက ၀မ်းသာအားရ “ဒါမှ ငါတို့အမေကွ”၊ “ပညာရဲရင့် ပွဲလယ်တင့်ဆိုတာ ဒါဘဲပေါ့ကွ ဟဲ့ အကောင်တွေရဲ့” ဆိုပြီး ချီးကျူးကြတာတော့ မထူးဆန်းပါဘူးလေ။ မှတ်ချက်ပေးသူတွေကြားထဲမှာ တစ်ယောက်တစ်လေက (နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျာ။) “ပြောတတ်မှာပေါ့ ကုလားမယားကိုး” လို့ ဆိုးဆိုးရွားရွား ၀င်ဖောက်သွားသူတွေလဲ ရှိပါရဲ့။ ရွဲ့တိုက်ချင်လို့၊ အမြင်ကို ကတ်လို့ “ပြောတတ်မှာပေါ့ သူ့အမျိုးသားက အင်္ဂလိပ်ကြီးကိုး” လို့ ယဉ်ကျေးတဲ့မှတ်ချက်မျိုးကို မျှော်လင့်ပေမယ့် သူ့စိတ်နဲ့ သူကိုး။ ဘာ ပြောလို့ရမှာလဲ။ သူ့ဘက် ကိုယ့်ဘက် ပက်ပက်စက်စက်ပြောနေကြတဲ့အကျင့်ကြီးက အင်တာနက်ပေါ်မှာ ယဉ်ကျေးမှုကြီးတစ်ခုလိုတောင် ဖြစ်လာသလားဘဲ။ အစိုးရကိုဘဲ မကြားဝံ့မနာသာ စကားနဲ့ပြောပြော၊ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ လူတွေကိုဘဲ မအေ၊ နှမကိုင်ပြီး ပြောပြော လူ့ယဉ်ကျေးမှုဆိုတာ အင်တာနက်မှာဘဲဖြစ်ဖြစ်၊ အပြင်လောကမှာဘဲဖြစ်ဖြစ် ရှိသင့်တဲ့ကိစ္စပါ။

ကျနော့် တောင်ရောက် မြောက်ရောက် ဒီဆောင်းပါးလေးက ကုလားမယားတွေ၊ ပညာမဲ့တွေ မင်းမူနေတာတွေ၊ သောက်ဆင့်မရှိတဲ့ အ ကောင်တွေ ကြီးစိုးနေတာတွေ စတဲ့ အပြန်အလှန် ပက်ပက်စက်စက် ပြောနေကြတာကို တစ်တပ်တစ်အား ၀င်ရောက်ရန်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဦးသန်းဌေးပြောသွားတာမှာ စာရွက်ကြီးကိုင်၊ ခေါင်းကြီးငုံ့၊ ပရိတ်သတ်ကို အချိန်လုလုပြီးကြည့်သွားရတဲ့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တစ်ယောက်ဖြစ်ပျက်နေတာကို မကြိုက်တာတော့ အမှန်ပါဘဲ။ ကိုယ့်နိုင်ငံခေါင်းဆောင်၊ ကိုယ့်ခေါင်းဆောင်တွေက အဆင့်အတန်း ရှိ Stage ခုံပေါ်မှာ အဆင့်အတန်းရှိတဲ့ ဘာသာစကားနဲ့ အဆင့်အတန်းရှိတဲ့စကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပါးပါးနပ်နပ် ပြောနိုင်ဖို့ ဘယ်လူမျိုးမဆို မျှော်လင့်ကြတာချည်းပါဘဲ။

ဒါပေမယ့် ကိုရီးယားသမ္မတလို၊ ဂျပန်ခေါင်းဆောင်တွေလိုမျိုးလဲ ရှိတတ်တာပါဘဲ။ တောင်ကိုရီးယားနဲ့ ဂျပန်ဆိုတာ ကမ္ဘာမှာ လူတိုင်းနှိမ်ပြီး မကြည့်ရဲကြတဲ့လူမျိုးတွေနေတဲ့ နိုင်ငံတွေပါ။ သူတို့ခေါင်းဆောင်တွေ ကမ္ဘာပတ်ပြီး အလုပ်တွေ အများကြီးလုပ်နေကြတာပါဘဲ။ စကားပြန် တွေ၊ နားကြပ်ကြီးတွေတပ်ပြီး Forum တွေတက်၊ Meeting တွေတက် လုပ်နေကြတာလဲ အဆင်ပြေလို့ပါဘဲ။ အင်္ဂလိပ်စကားမပြောတတ်လို့လဲ ဘယ်သူမှ မနှိမ်ရဲပါဘူး။ နှိမ်စေအုံးတော့ ဘာအရေးလဲ။ သူ့နိုင်ငံအတွက်၊ သူ့လူမျိုးအတွက် စိတ်ချရတဲ့ခေါင်းဆောင်တွေဖြစ်နေဖို့သာ အဓိကမို့လား။ ကိုရီးယားဘာလဲ၊ ဂျပန်ဘာလဲဆိုတာ လူတိုင်းသိပြီးသားကိစ္စ။ ဒါပေမယ့် သူတို့အစိုးရတွေကိုယ်တိုင် ရည်မှန်းချက်ကြီးတွေ ထားပြီး တစ်မျိုးသားလုံး အင်္ဂလိပ်စာတတ်မြောက်ဖို့ လုပ်နေကြတာ သတိထားမိရင် သိမှာပါ။ ငါတို့စကားနဲ့ ငါတို့ ပြောမယ်။ နားထောင်ချင် ထောင်၊ နားမထောင်ချင်နေဆိုတဲ့ ခေါင်းမာတဲ့ ခေါင်းဆောင်တွေ မဟုတ်ကြပါဘူး။ အင်္ဂလိပ်စကားပြောနိုင်ရင် ပိုကောင်းတယ်၊ အင်္ဂလိပ်စာ တတ်ရင် ပို ခိုက်ကြတယ်ဆိုတာ သူတို့ သိကြပါတယ်။

အခု မြန်မာခေါင်းဆောင်တွေ တံခါးဖွင့်လာပြီး သွားသွားလာလာနဲ့ စကားတွေပြော၊ နှုတ်ဆက်တာတွေ လုပ်လာသလို မီဒီယာတွေမသိ အောင်လဲ ဖုန်းထားလို့မရတော့ပါဘူး။ စကားပြန်ကြီးတွေနဲ့ပြောနေတဲ့ လူကြီးတွေအပေါ် နဂိုကမှ အစိုးရအပေါ်မှာ အမြင်မကြည်တဲ့ ကျနော် တို့အတွက် အဆိုးဘက်က ပိုကဲပြီးဝေဖန်မိကြတာပါဘဲ။ လူဆိုတာ ကောင်းတာသာ မမြင်ချင်တာ၊ ဆိုးတာတော့ လွှတ်မြင်ကြတဲ့ သတ္တ၀ါတွေ ရယ်။ ဒီလို အင်္ဂလိပ်စကားပြောအားနည်းတဲ့လူကြီးတွေအပေါ် အလွန်အကျွံဝေဖန်တာ ကောင်းတယ်လို့ဖြင့် ကျနော် မယူဆပါဘူး။ အချင်း ချင်း အမုန်းပွား၊ စကားများ၊ နာကျည်းကုန်တာဘဲ အဖတ်တင်ကျန်နေခဲ့မှာပါ။ အင်္ဂလိပ်စကားမှ မဟုတ်ပါဘူး။ ဘယ်ဘာသာစကားမဆို တတ်မြောက်ဖို့ ရူးသွပ်ရမယ်။ စနစ်တကျ သင်ယူလေ့လာရမယ်။ သူများ ဘာသာစကားမဆိုထားဘိ ကိုယ့်ဘာသာစကားကိုယ်တောင် အလုံးစုံတတ်မြောက်ဖို့ မလွယ်ပါဘူး။ အခုသင် အခုတတ်ကတော့ အီးကုန်းတာတောင်မရဘူး “လို့” ဆရာများက ပြောကြပါတယ်။

စွမ်းအင်ဝန်ကြီးကို ကြည့်ပြီး ကျနော့်စိတ်ထဲမှာ “ခက်တာဘဲ” လို့ပြောနေပေမယ့် ဟိုးအတွင်းဘက် ရင်ဘတ်ထဲက အသံတစ်သံထွက်လာ ပါတယ်။ “နင်ကကော ဘယ်လောက်တတ်နေသလဲ” တဲ့။ ကျနော်သာဆိုရင် အသံတုန်၊ ဒူးတုန်ဖြစ်ပြီး မေးရိုးချင်းရိုက်တဲ့ ဂေါက် ဂေါက် ဂေါက် ဂေါက် အသံကြီးတောင် ထွက်လာမလားဘဲ။

နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းကြတုန်းက ခေါင်းဆောင်တွေအကုန်လုံးနီးပါး အင်္ဂလိပ်စာကို နှံနှံစပ်စပ်ပြောနိုင်၊ ရေးနိုင်ကြပါတယ်။ ဗိုလ်ချုပ်၊ ဦးနု၊ ဦးသိန်းဖေမြင့် စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေသာမက တင်းပြည့် နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ကြတဲ့ ဦးညိုမြ၊ ဆရာ ကြီး ဒဂုန်တာရာတို့လဲ ပြောနိုင်၊ ရေးနိုင်ကြပါတယ်လို့ ဖတ်ဘူး မှတ်ဘူးပါတယ်။ တက္ကသိုလ်ပညာရေးတောင် မတက်ရောက်ခဲ့ရတဲ့ ဆရာကြီး ရွှေဥဒေါင်း၊ သော်တာဆွေလိုဆရာကြီးတွေတောင် အင်္ဂလိပ်စာကိုဖတ်နိုင်တာများ အညာလေသံနဲ့ပြောရရင် “တော်.ချက်တော့” လို့ပြောရ မှာပါ။ ဒါဆိုရင် အခု “ကျုပ်က ဘွဲ့ရ ပညာတတ်ဗျ” လို့အလကားနေရင်း အိပ်မက် ထ ထမက်နေတဲ့ ကျနော်တို့လူတွေ (အများစု) ကျတော့ ခွေးအကြီးလှည်းနင်းသလို အီ…အီ…အင်း..အင်း..နဲ့ စိတ်ပျက်စရာဖြစ်လာပါတယ်။ ဗိုလ်ချုပ်တို့ ခေတ်က ဘွဲ့ရပညာတတ်တွေနဲ့ ကျနော်တို့ အခုခေတ်ဘွဲရတွေရဲ့ကွာခြားချက်ကို တောက်တီးတောက်တဲ့ ကျနော်က နှိုင်းယှဉ်မိတယ်။ ပညာရေးဘဲပေါ့။ သူ့ကျွန်ပညာရေးဆိုပေမယ့် ဗိုလ်ချုပ်တို့ခေတ်မှာ ရန်ကုန်တက္ကသိုလ်ကြီးက အတော်ကြီးကို အဆင့်အတန်းမှီတဲ့ပညာရေးစနစ်နဲ့ လည်ပတ်နေပါပြီ။

စာသင်ခန်းထဲမှာ သင်ခန်းစာသင်ရင် အင်္ဂလိပ်လိုသင်တယ်။ အင်္ဂလိပ်စာအုပ်တွေ ဖတ်ကြတယ်။ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးတောင်းဖို့ အင်္ဂလိပ်လို တတ်မှ ဖြစ်မယ်။ အထင်သေးခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ လူအများစုက ကြိုးစားကြတယ်။ ဗိုလ်ချုပ်ဆိုရင် အခန်းထဲမှာ အရူးကြီး တစ်ယောက်လို အင်္ဂလိပ်လို မိန့်ခွန်းပြောနိုင်ဖို့ လေ့ကျင့်ဆိုဘဲ။ တယ်ချစ်ဖို့ကောင်းတဲ့ လူကြီး။ နောက်တော့ ပညာရေးက ဘယ်ဆီ ဘယ် ၀ယ်ကို ဦးတည်သွားတယ်ဆိုတာ အများသိတော်မူကြသည့်အတိုင်း။

ကျနော်တို့ခေတ်က English Major အဝေးသင်ဘွဲ့တွေဆိုရင် ရှိတ်စပီးယားပြဇာတ်သင်ရာမှာ စာမေးပွဲပါမယ့်ဟာ ဖြတ်တောက် သင်တာ ကိုဘဲ အများခိုးရင် ငါလဲခိုးကွာ လုပ်ခဲ့ကြတဲ့သူချည်း များမှာပါ။ မေးမယ့်မေးခွန်းကို ကြိုသိနေလို့စာမေးပွဲသွားဖြေရမှာတောင် ပျင်းတယ်။ တကယ်တော့ ဦးသန်းဌေးဆိုတာ အခုမှ ကျနော်သိတာပါ။ စစ်ဗိုလ်ဟောင်းကြီးလား၊ အရပ်ဘက်လူကြီးလား ကျနော်မသိပါဘူး။ စစ်တက္က သိုလ်ကျောင်းဆင်းဆိုပါတော့။ စစ်တက္ကသိုလ်ဆိုတာလဲ အစိုးရ ဘယ်လောက်ထောက်ပံ့ထောက်ပံ့ ပြီးပြည့်စုံတဲ့ ဒေါင်ဒေါင်မြည် ပညာတတ် ယောက်င်္ကျားတွေ မွေးထုတ်တဲ့နေရာမဟုတ်ပါဘူး။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို ဘယ်သူ့မျက်နှာမှ မထောက်ထားဘဲ စစ်တပ်ကြီးကို ခေါင်းဆောင်ဖို့အတွက် စစ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ရည်ရွယ်တဲ့ ကျောင်းကြီးပါ။ လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ကာ အဆင့်အတန်းမှီ ဒေါင်ဒေါင်မြည် ပညာတတ်စစ်ခေါင်းဆောင်တွေမွေးထုတ်နိုင်နေတဲ့ စစ်ကျောင်းကြီးတွေလို့ဖြင့် မထင်ပါဘူး။ သူတို့ဘာသာ ထင်ချင်လဲ ထင် ကြပါစေလေ။ ပြိုင်ငြင်းချင်ဘူး။ မောတယ်။

ဦးသန်းဌေးက “မင်းတို့ အရပ်ဘက်တက္ကသိုလ်တွေဆင်းတဲ့ အရပ်သားပါကွယ်” ဆိုရင်လဲ ပိုဆိုးပေါ့။ မြန်မာနိုင်ငံ ပြည်တွင်းတက္ကသိုလ်တွေ ဘာလဲ ဘယ်လဲ မေးမနေနဲ့။ အာခြောက်မယ်။ လေကုန်မယ်။ အချိန်ကုန်တယ်။ လူတိုင်းသိတယ်။ ကိုယ်မသင်ခဲ့ရတဲ့ ဘာသာရပ်တွေကို “ရော့ အင့် ဒါဒီနှစ်အတွက် သင်ရိုးဘဲ” လို့ဆရာတွေကိုထုတ်ပေးပြီး သင်ခိုင်းခဲ့တော့ “တပည့်ဟာ ဆရာထက် လက်စောင်းထက်အောင် ဆရာက သင်ပေးနိုင်ရမယ်” ဆိုတဲ့ ဦးဖေမောင်တင်ကြီးသာသိရင် ဆဲမလား၊ စိတ်မကောင်းဖြစ်မလား မသိ။

ဒေါ်စု နိုင်ငံတစ်ကာမှာ အဆင့်အတန်းရှိရှိ၊ ပီပီသသကြီး အင်္ဂလိပ်စကား၊ စာကို ပြောနိုင်၊ ရေးနိုင်၊ ချွတ်နိုင်တာ မိုက်ကယ်အဲရစ်နဲ့ ယူလို့ဆိုတာ လဲ မှန်သင့်သလောက်မှန်မှာပါ။ ဒါပေမယ် ဒေါ်စု ကောင်းစွာပညာသင်ကြားခဲ့တာကိုတော့ မေ့ထားလို့မရပါဘူး။ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရခဲ့သလို ကိုယ်တိုင်လဲ ကြိုးစားခဲ့တာကိုတော့ ဖင်ပိတ်ငြင်းရင်တောင်မှ ၀မ်းချုပ်တာဘဲ အဖတ်တင်မယ်။ ကျနော့် ဘော်ဒါ တစ်ယောက် မလေးရှား တရုတ်မယူထားပြီး တရုတ်စကား “ရှဲ့ ရှဲ့” နဲ့ “ဝေါ ဘုကျိသောက်” တောင် မကွဲလို့“မင်းကွာ ဘယ်လိုများတွေ့ပြီး ဘယ်လိုများ အ၀ှာဖြစ်ကြလဲ” ဆိုတော့ သူက အချစ်ကွ၊ အချစ် အချစ်တဲ့လေ။

ဗိုလ်ချုပ်၊ ဦးသိန်းဖေမြင့်၊ ဦးနုတို့ဆိုရင် အောက်စဖို့ဒ်မပြောနဲ့ ရန်ကုန်တက္ကသိုလ်တောင် နိုင်ငံရေးတဖက်နဲ့ နပ်မှန်အောင်တက်ခဲ့ကြတဲ့ လူတွေမဟုတ်ပါဘူး။ ရွှေဥဒေါင်းကြီးဆိုရင် အထက်တန်းပညာနဲ့ ကိုယ်ပိုင်လေ့လာမှုတွေနဲ့ပေါင်းပြီး ဦးစံရှား၊ ဆော်လမွန်ရတာနာသိုက် စတဲ့ စာတွေကို မြန်မာမှုပြုရင်း ဘာသာပြန်သွားတာသာ ကြည့်တော့။ ရန်ကုန်တက္ကသိုလ်ကဘွဲ့ရ ဆရာမြသန်းတင့်ဆိုရင် စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီး ဘာသာပြန်သွားတာ သြချယူရမယ်။ ဒါက ဘာလို့လဲလို့တွေးမိတော့ ခေတ်ကြီးကိုက ပညာရေးအတွက် ရေခံမြေခံ ကောင်းခဲ့တဲ့ ခေတ်ကြီး ဖြစ်ခဲ့လို့ဘဲလို့သဘောကျတယ်။ လက်ရှိ ဆရာဖေမြင့်တို့ဆိုရင်လဲ ဘာသာပြန်စာအုပ်တွေကို လှပသေသပ်အောင် ဘာသာပြန်နေ တုံးပါဘဲ။ ဆရာ့လိုမျိုး တစ်ဦးချွန်၊ နှစ်ဦးချွန်၊ တော်တဲ့သူတွေ ရှိသင့်သလောက်တော့ ရှိတာပေါ့။ တစ်မျိုးသားလုံးရဲ့ ယေဘုယျ ပညာရေးကျ တော့.. စာရေးဆရာတစ်ယောက် အင်္ဂလိပ်စာ ပိုင်နိုင်ကျွမ်းကျင်မှုနဲ့ ဘာသာပြန်မှု တော်ခြင်း၊ မတော်ခြင်းဆိုတာ သူ့စာဖတ်ပရိတ်သတ် လူဦးရေ နည်းနည်းဘဲ အကျိုးသက်ရောက်တာပါ။ ကျနော်တို့လိုနိုင်ငံလေးတွေရဲ့ ခေါင်းဆောင်တွေက နိုင်ငံအတွက် အပြင်ထွက်ပြီး အလုပ် လုပ်ကြရတော့မယ်ဆိုရင် အင်္ဂလိပ်စာအရေးပါ အရာရောက်မှုက စကားပြောလာမှာပါ။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်လာပြီမို့လား။

ပြီးတော့ နိုင်ငံတစ်ကာ အဆင့်တန်းရှိ စည်းဝေးပွဲကြီးကိုတက်ပြီး မြန်မာလိုကြီး ထရှင်းပြနေတာတော့ သူများတွေကို မလေးစားသလိုကြီး ဖြစ်နေတယ်လို့ခံစားမိတယ်။ နဂိုကမှ နိုင်ငံကို အထင်သေး အမြင်သေးရှိနေကြတဲ့လူတွေကြားထဲမှာ ပိုလို့တောင်အရေးကြီးမှာပါ။ ကင်းဝန် မင်းကြီးတို့ ခေတ်ကတည်းက အခုအချိန်အထိကို မြန်မာခေါင်းဆောင်တွေ အင်္ဂလိပ်လို လည်လည်ပတ်ပတ် မပြောနိုင်ကြသေးဘူးလို့ မှတ် ချက်တွေပေးကြရင် ရှက်စရာကြီးဗျာ။

ပြီးတော့ ကိုဇေယျာသော်တို့၊ ကိုဖြိုးမင်းသိန်းတို့လို အနာဂတ်မှာ နိုင်ငံကိုခေါင်းဆောင်မယ်ဆိုပြီး နိုင်ငံရေးထဲ စိတ်နှစ်ထားတဲ့သူတွေကိုလဲ အင်္ဂလိပ်စကားကို ကောင်းမွန်စွာ ပြောတတ်၊ ဆွေးနွေးတတ်စေချင်တာပါဘဲ။ နိုင်ငံတကာ မီဒီယာစင်မြင့်မှာ လူကြီးက ဘာသာပြန်ပေးဖို့ မလိုဘဲ အင်္ဂလိပ်လို မွှတ်နေအောင်မေးတတ်တဲ့ သတင်းထောက်တွေမျိုးလဲ လိုအပ်တာဘဲ။ နောင် တက္ကသိုလ်တွေက ပေါ်ထွက်လာမယ့် ဘွဲရတွေမှာလဲ ဒုတိယသိန်းဖေမြင့်တွေ၊ ဒုတိယညိုမြတွေလိုမျိုး ပညာတတ်တွေ မွေးထုတ်ပေးနိုင်ရင် အကောင်းဆုံးပေါ့။ စစ်တက္ကသိုလ်က ဆင်းလာမယ့် ဗိုလ်တွေထဲမှာလဲ ၀က်စ်ပွိုင့်မှာ ကျောင်းသွားတက်ပြီး အဆင့်မှီ ပြည်သူ့အကျိုးပြု စစ်ခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်ရင်လဲ အကောင်းဆုံးပေါ့လေ။ ကျနော်လိုချင်တာတွေက များလွန်းအားကြီး၊ လောဘတကြီးများ ဖြစ်နေသလား မသိ။ ကျနော်တို့ကို ခေါင်းဆောင် မယ့် လူက ကျနော်တို့ထက် တော်သင့်တယ်လို့နိုင်ငံသားတစ်ယောက်အနေနဲ့ မျှော်လင့်မိတာ တရားမျှတပါတယ်လို့မြင်ပါတယ်။

ပညာတတ် စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘွဲ့ရတွေများလာဖို့အတွက် ဒေါ်စု ထပ်ခါ ထပ်ခါပြောသွားတဲ့ National Commitment ဆိုတဲ့ စကားလုံးကို ပြန်ကိုးကားချင်သားလား။ အားလုံးက စိတ်တူ၊ ကိုယ်တူလုပ်သွားမှ ပန်းတိုင်ကိုရောက်မှာ မဟုတ်ဘူးလား။ ဒါပေမယ့် ဘွဲ့ရ အလုပ်လက်မဲ့တွေ၊ လ္ဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းနေတာတွေ၊ အရက်သောက်အချိန်ဖြုန်းနေတာတွေ၊ လောင်းကစားလုပ် နေကြတာတွေကို အဘွားကြီးက ပြောသွားတော့ “မှန်တာတွေ စွတ်ပြောနေတာဘဲ အဘွားကြီးက” လို့တောင် စိတ်က ကောက်ချင်လာတယ်။ “ကျနော်တို့ နိုင်ငံတော်ကြီးဟာ သံယံဇာတ ပေါကြွယ်ဝပါတယ်”၊ “တစ်မျိုးသားလုံး ပညာရေးမြင့်မားရေး” စတဲ့ စာသားတွေနဲ့သာ ရင်းနှီးခဲ့တဲ့ ကောင်ဆိုတော့ နားဝ ကြားရ မချမ်းသာလိုက်တာ။ အဘွားကြီးက ဂျွတ်ဘဲ။ စိတ်ချမ်းသာအောင် မပြောတတ်ဘူးလို့ စိတ်နာမိတယ်။

အောင်မယ် .. ခင်ဗျားဘာသိလဲ။ ဦးသန်းဌေး အင်္ဂလိပ်စကားပြောတာကို စိတ်တိုင်းမကျလို့အခု ဒီစာရေးနေတဲ့ အချိန်မှာ ရင်တွင်း အသံတိုး တိုးလေးက တိတ်မသွားဘူးဗျ။ “How dare you are?” လို့ အလိုက်ကန်းဆိုးမသိ ထပ်ခါ ထပ်ခါ မေးနေတယ်။ ”Ok Ok I know larrr. I know larr.You shut up.” လို့ ပြန်ပြောလိုက်တယ်။ ရမလားဗျ ဒီလိုလာပြောလို့။ ပြောလိုက်ချင်သေးသာရယ်။ “ငါ့ဘာသာ ညံ့ချင် ညံ့မယ်။ ဒါပေမယ့် ငါ ဆရာကြီး”လို့လေ။

(မည်သူ့ကိုမှ အပုတ်ချလိုစိတ်အလျဉ်းမရှိဘဲ ကျုပ်တို့ထက်ပိုတော်တဲ့ ခေါင်းဆောင်တွေလိုချင်တဲ့စိတ်နဲ့ အဆဲခံပြီး ရေးပါသယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ကျနော် အင်္ဂလိပ်စာ ဆရာကြီး
  1. ဦးဖိုးထက် ကတော့ ပညာရှိစာတပ်တစ်ယောက်ဖြစ်ထာကြောင့် ရှင့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင်ရေးတပ်ပေမဲ့ ကျနော်လို ကားစပယ်ရာတစ်ယောက်ကတော့ အကြားကို အကြားအတိုင်းဘဲ ရေးပြတပ်ပါတယ်။ တနေ့ ကလှည်းတန်းဈေးရှေ့ က လက်ဘက်ရည်ဆိုင်မှာ စက်မှုက ဘွဲ့ ရ နောင်ကြီးနှစ်ယောက်စကားပြောနေပါတယ် – အလကားကွာ ဒို့ စက်မှုဘွဲ့ ရတွေစာတွေ့ ဘဲ၊ ဘာလက်တွေ့ မှမတပ်ဖူးလို့ ညွှန်မှူး (စစ်တပ်မှပြောင်းလာသူ) ကဟောက်တယ်။ ဘယ်တပ်မလည်း
    ဒို့ စက်မှုတက္ကသိုလ်ကြီးက စက်ပစ္စည်းတွေ အကုန်ဖြုတ်ပြီး မေမြို့ စစ်အင်ဂျင်နီရာကျောင်းကို ဖြုတ်ယူသွား တာကို ဘယ်လိုလုပ်ပြီး ရှင့်လည်း လျှောက်သာ ပျားလည်းစွဲသာဖြစ်အောင်ရေးမလည်းတဲ့ ? ? ?

    1. There is a link for Electrical Engineering Training Online Course for both theory and practical. Please go to ….(www.iqytechnicalcollege.com)

  2. ကမ်ပူးချားစာသည်ဒို့စာ ကဘဲအလုပ်မဖြစ်သလား USAမှာလုပ်သည် ကိုဘဲအထင်ကြီးသလားမသိ ဟွန်ဆန်သား West Point ကျောင်းကဆင်းသွားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီထင်တယ်။
    လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဗီယက်နမ်အစိုးရဟာ အင်္ဂလိပ်စာသင်တဲ့ဆရာတွေကို စင်္ကာပူလွှတ်ပြီး refresher course တက်ရောက်စေခဲ့တယ်ဗျ။
    ဖီလစ်ပိုင်နိုင်ငံအတွက် နှစ်စဉ်နိုင်ငံခြားငွေ ဘီလီယံပေါင်းများစွာ ရှာပေးနေတဲ့ အဲဒီနိုင်ငံသားတွေထက် သူတို့ရဲ့ export oriented အင်္ဂလိပ်စာအခြေခံ ပညာရေးစံနစ်ကို ကျွန်ုပ်က အမှတ်ပိုပေးခြင်သဗျာ။
    ကမ္ဘာကျော် US တက္ကသိုလ်တွေမှာ ပေါက်ဖေါ်ကြီးတွေရဲ့သားသမီး ဘယ်လောက်အရေအတွက် တက်ရောက်နေကြတယ်ဆိုတာ “ကျော်ဝင်း” ရဲ့ “ကမ္ဘာကြီးပြားသွားပြီ” စာအုပ်နှင့် online သတင်းစာတွေထဲတွေ့နိုင်ပါတယ်ခင်ဗျာ။
    သူ (English Language) ကတော့ တကယ့်ပဲခူးဆားပဲ၊ ဆားမပါတဲ့ဟင်းတစ်ခွက်နဲ့ ထမင်းတစ်နပ်ပြီးနိုင်ပေမဲ့ လျှာတော့မလယ်နိုင်သလို…………

Comments are closed.