တူမောင်ညို သူတို့အာဘော်

တူမောင်ညို ● မတရားတဲ့ အမိန့်၊ စည်းကမ်း၊ ဥပဒေမှန်သမျှ ရဲရဲချိုးဖောက်ကြရလိမ့်မယ်

တူမောင်ညို ● မတရားတဲ့ အမိန့်၊ စည်းကမ်း၊ ဥပဒေမှန်သမျှ ရဲရဲချိုးဖောက်ကြရလိမ့်မယ်
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၇

မနေ့က ဆိုရှယ်မီဒီယာမှာ မဆက်မပြတ်တက်လာနေတဲ့ (7 july) အောက်မေ့ဖွယ်လှုပ်ရှားမှုနဲ့အတူ (ဖောင်းဖောင်း) ဆိုသူ ရဲ့ ကာတွန်းကို တွေ့ရပါတယ်။ ဒီကာတွန်းကို ကျနော် မကြိုက်ပါ။ မကြိုက်ရခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြပါ့မယ်။
အနည်းငယ် နိဒါန်းပျိုးပါရစေ။

လက်ပံတန်းမှာ ကျောင်းသားတွေကို ရဲက (သက်မဲ့မော်တော်ကားကိုပါ အညှိုးတကြီးရိုက်နှက်တာ) အညှိုးတကြီးနဲ့လူမ ဆန်စွာ အကြမ်းဖက်ရိုက်နှက်တာကို မှတ်မိကြဦးမှာပါ။ အဲဒီလို ရိုက်နှက်ရတာဟာ  ကျောင်းသားတွေက ရေသန့်ဘူးနဲ့ စပေါက်လို့ ရဲက ရိုက်ရတာပါဆိုတဲ့ အရှက်ကင်းမဲ့ပြီး ယုတ်မာလှတဲ့ ဆင်ခြေလိမ်ကိုလည်း မှတ်မိကြဦးမှာပါ။

ဒီလိုပါပဲ။ သမိုင်းမှာရှိခဲ့ရှိဆဲ ကျောင်းသားလှုပ်ရှားမှုတွေကို အုပ်စိုးသူတွေက ကျောင်းသားဆိုးတွေရဲ့လှုပ်ရှားမှုလို့ သရုပ်ဖျက် ခဲ့ကြတာချည်းပါ။ “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကိုလည်း “လူသတ်ခေါင်းဖြတ် မင်းမဲ့စရိုက်ဆူပူမှုကြီး” – “လက် ဝဲလက်ယာ သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြီး” လို့ (နဝတ-နအဖ) စစ်အစိုးရက တဖက်သတ်ပုတ်ခတ်စွပ်စွဲရေးသားခဲ့တယ်မဟုတ်လား။

“ဖက်ဒရယ်” မူတောင်းဆိုတာကို  “ခွဲထွက်မှု/ပြည်ထောင်စုဖြိုခွဲမှု” လို့ သရုပ်ဖျက်ခဲ့တာလဲ ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုပဲ မဟုတ် လား။

ပြန်ဆက်ပါ့မယ်။ ဇူလိုင်သွေးနဲ့ တက်ကြွနေတဲ့ ကျောင်းသားတယောက်က မှုတ်ဆေး အနီ/အနက်နဲ့ (7 July) လို့ တက္က သိုလ် ဝင်းထရံအုတ်တိုင်မှာ ရေးတယ်။ ဒါကို ကာတွန်းဆရာက ကာတွန်းပုံ ရေးတယ်။ ကာတွန်းကို သူ့ (ဖဘ) မှာ တင်တယ်။ status အဖြစ် အခုလို (ခပ်ငေါ့ငေါ့) ရေးထားပါတယ်။ (ကျွန်တော်တို့နိုင်ငံမှာ ဒီလို နလပိန်းတုံးသူရဲကောင်းတွေရှိတုန်းဗျ။ ကာတွန်းလေးနဲ့ဂုဏ်ပြုပေးလိုက်ပါတယ်) တဲ့။

ကာတွန်းဆရာရဲ့သဘောထားအမြင်ကို ကျနော်သဘောမတူပါဘူး။ လုံးဝလက်မခံပါဘူး။
ဒီဖြစ်ရပ်အပေါ် ကျနော်မြင်တဲ့ အချက် ၃ ချက် တင်ပြလိုက်ပါတယ်။

၁။ “မီးသွေးခဲမို့ မဲသကို၊ ဒို့ကျောင်းသားမို့ ရဲသကို” ဆိုတာလို သဘာဝကျစွာပဲ လူငယ်လူရွယ်တို့ရဲ့ ရဲရင့်တက်ကြွမှု ကနဦး ပုံစံဟာ ကျားသစ်ပေါက်တစ်ကောင်လို မာန်ဖီနေတတ်ပါတယ်။ ဒါကို အချိန်ယူရမယ်။ စွဲချက်ကြီးကြီးတင်ပြီး အညွန့်ချိုး ပစ်တာမျိုးတော့ လုံးဝ မလုပ်သင့်ဘူး။

အနီးအဝေး နိုင်ငံရေးလှုပ်ရှားသမိုင်းကို ပြန်ကြည့်လိုက်ရင် တိုက်ပွဲရဲ့လှံသွားအခန်းကနေ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ် တွေကို အထင်အရှားတွေ့ရလိမ့်မယ်။ ကျောင်းသားလူငယ်တွေရဲ့လှုပ်ရှားမှုနဲ့ အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားပြည်သူ လူထုကြီးနဲ့ ပေါင်းစပ်သွားတဲ့အခါမှာလည်း အုပ်စိုးသူတွေဖိန့်ဖိန့်တုန်အောငကြောက်လန့်သွားရပြီး သမိုင်းစာမျက်နှာသစ်၊ သမိုင်းအဆင့်သစ်တွေကို ဖွင့်လှစ်နိုင်တယ်၊ တက်လှမ်းနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မမေ့အပ်ပါဘူး။

ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပြည်သူလူထုကို မုချပေါင်းစပ်ပေးရမယ်။ 7 july ဖြစ်ရပ်ဟာ ဗိုလ်နေဝင်းစစ်အုပ်စု ရဲ့ဘီလူးမျက်နှာဖုံးကို ကျောင်းသားတွေ က ရဲရဲရင့်ရင့်ခွာချပြခဲ့တဲ့ ပွဲဦးထွက် တိုက်ပွဲမဟုတ်ပါလား။

၂။ ဒီလို ဆေးမှုတ်ရေးသားမှုလေးတစ်ခုကို ရမယ်ရှာ အကြောင်းပြပြီး (7 july) အထိမ်းအမှတ်လှုပ်ရှားမှုကြီး တခုလုံးကို အသရေဖျက် မလို့ကြံရွယ်နေသလား/မကြံရွယ်သင့်ဘူး။ ဒီချုပ်ပါတီအစိုးရကို မျက်နှာလိုအားရလုပ်ချင်ဇောနဲ့ (လမ်းပေါ် တက် ဆေးရိုး လှမ်းတယ်/ ဆေးနဲ့မှုတ်တယ် စသဖြင့်) ပုံကြီးမချဲ့သင့်ဘူး။ သမိုင်းလှုပ်ရှားမှုကို၊ လူပုဂ္ဂိုလ်တစ်ဦးချင်းသမိုင်း ဖြတ်သန်းမှု၊ သမိုင်းဆိုင်ရာ အထိမ်းအမှတ်တွေကို  ထင်သလို ဖျက်ဆီးဖုံးကွယ်ခဲ့တဲ့ စစ်အုပ်စုကိုတော့ ပြာပြာသလဲ မျက်နှာ ချိုသွေးချင်နေပြီး၊ ဆေးနဲ့မှုတ်တာကိုမှ ဇာတ်နာအောင် ဗာရဏသီချဲ့မနေပါနဲ့။

၃။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီအပါအဝင်၊ တင်းကြပ်တဲ့၊ ကန့်သတ်တဲ့၊ ပိတ်ပင်ထားတဲ့၊ တားမြစ်ထားတဲ့ မတရားတဲ့ အမိန့်၊ စည်းကမ်း၊ အာဏာဟူသမျှကို ရဲရဲချိုးဖောက်ကြရမယ်။ မတရားတဲ့ဖိနှိပ်တဲ့ စည်းကမ်း၊ အမိန့်၊ ဥပဒေမှန်သမျှ ဖျက် သိမ်းပစ်ရမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts