သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ဘယ်ပြေးမလဲ ရွေးကောက်ပွဲ နှင့် ဘကြီးမိုး

မောင်မိုးသူ – ဘယ်ပြေးမလဲ ရွေးကောက်ပွဲ နှင့် ဘကြီးမိုး
(ကုမုဒြာ ဂျာနယ် ၁၄ ဇူလိုင် ၂၀၁၅) မိုးမခ၊ ဇူလိုင် ၁၅၊ ၂၀၁၅

ရွေးကောက်ပွဲနဲ့ ဘကြီးမိုး အစဉ်အလာအရ သိပ်မတည့်ခဲ့ပါ။ဘကြီးမိုး မီတဲ့ ဆုံတဲ့ ပထမဆုံးရွေးကောက်ပွဲကတော့ တည်မြဲ နဲ့ သန့်ရှင်း ရွေးကောက်ပွဲထင်တာပါပဲ။ အဲသည်တုန်းက ဘကြီးမိုး မန္တလေးတက္ကသိုလ်မှာ ရောက်ပါပြီ။တည်မြဲ နဲ့ သန့်ရှင်းကွဲတော့ နိုင်ငံရေးသမား အမာခံတွေက တည်မြဲ ဖြစ်ကုန်ကြပြီး သန့်ရှင်းမှာတော့ ထက်တဲ့သူ သိပ်မကျန်ဘူး။ဘကြီးမိုးတို့မန္တလေးမှာ ပြောတာပါ။သည်တော့ ဘကြီးမိုးတယောက် သန့်ရှင်းတွေ အတွက် ပိုစတာတွေရေး ၊လှုံ့ဆော်တာတွေ ကူလုပ်ပေးခဲ့ဖူးတယ်။

နောက် ဦးနုရဲ့ သန့်ရှင်းအစိုးရက ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရ လွှဲပေးတော့ ဘကြီးမိုးတို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဈေးချိုမှာ ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်တယ်။မကြာပါဘူး။အိမ်စောင့်အစိုးရက ဘကြီးမိုးတို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေအားလုံးဖမ်းတယ်။ ဘကြီးမိုးလည်း အဖမ်းခံရတယ်။

အိမ်စောင့်ကလုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ဘကြီးမိုးက အချုပ်ထဲရောက်နေလို့ ပထစ နိုင်တဲ့ ရွေးကောက်ပွဲ နဲ့ လွဲခဲ့ပါတယ်။

ပထစ နိုင်လို့ ဘကြီးမိုးတို့လွတ်၊ ဘကြီးမိုးက တက္ကသိုလ်ပြန်မတက်တော့ဘဲ စာပေနယ်ထဲ ဝင်ခဲ့ပါတယ်။၆၂ စစ်တပ်က အာဏာသိမ်းတော့ မန္တလေးမှာ မနေရဲတော့တဲ့ ဘကြီးမိုး ရန်ကုန်ဆင်းပြေးခဲ့ပါတယ်။ရန်ကုန် စာပေ၊ရုပ်ရှင်နယ်မှာ ဇာတ်မြုပ်ပြီး နေခဲ့ပါတယ်။

အဲ ၈၈ အရေးတော်ပုံဖြစ်လာတော့ ဆိုင်းသံကြားရင် မကဘဲ မနေနိုင်တဲ့ ဘကြီးမိုး ဦးဝင်းတင်၊ မောင်သော်က တို့နဲ့တွဲပြီး လမ်းပေါ်ထွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်တော့ ဗဟိုကော်မတီအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဦးဝင်းတင်ကို အမေရိကန်လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့မှာ ဖမ်းတယ်။ ဦးတင်ဦး ၊ဒေါ်စု၊ ဘကြီးမိုး တိုကိုတော့ ဇူလိုင် ၁၉ ရက်မှာ ဖမ်းတယ်။ ဒေါ်စုကို အိမ်မှာချုပ်ထားပြီး ဘကြီးမိုးတို့ကို ထောင်ထဲပို့တယ်။

၁၉၉၀ ရွေးကောက်ပွဲ လုပ်တော့ အင်န်အယ်လ်ဒီက ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးအောင်လွင်၊ဘကြီးမိုးတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ လက်မှတ်လာထိုးခိုင်းတယ်။အစတုန်းက ၅(ည) ဆိုတော့ အချုပ်ပေါ့။အရွေးခံဖို့ လက်မှတ်ထိုးလိုက်တော့ ထောင်ချပါတယ်။သည်မှာတင် ၉၀ ရွေးကောက်ပွဲနဲ့ ဘကြီးမိုးလွဲချော်ရပါတယ်။

ဘကြီးမိုး ၂၀၀၀ မှာလွတ်တယ်။ ၂၀၀၈ နာဂစ်အပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုပြီးလုပ်ပါတယ်။မှတ်မှတ်ရရ ဘကြီးမိုးတို့မိသားစု အစောဆုံးသွားပြီး ကန့်ကွက်မဲသွားပေးပါတယ်။အဆုံးအဖြတ်ကတော့ ၉၈ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုပြီး အခြေခံဥပဒေ အတည်ဖြစ်ခဲ့ပါတယ်။

၂၀၁၀ မှာ အဲသည် နာဂစ်အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲလုပ်ပါတယ်။အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ဘကြီးမိုးလည်း သပိတ်မှောက်ပြီး မဲမပေးခဲ့ပါဘူး။

၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တယ်။ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီက ဝင်အရွေးခံတယ်။ဘကြီးမိုးက ဒေါ်စုကို မဲပေးချင်ပေမဲ့ ဘကြီးမိုးက ဒေါ်စု အရွေးခံတဲ့ ကော့မှူး မဲဆန္ဒနယ်က မဟုတ်လို့ မဲမပေးခဲ့ရပါဘူး။

ဒေါ်စု နဲ့ အင်န်အယ်လ်ဒီဟာ အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။တကယ်လည်း လွှတ်တော်ထဲမှာလည်း ပြင်ဆင်ဖို့ အဆိုတင်ခဲ့၊လွှတ်တော်ပြင်ပမှာလည်း အင်န်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်တွေက အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆန္ဒ ကောက်ယူပွဲတွေ လုပ်ခဲ့ပါတယ်။ဆန္ဒပေးသူပေါင်း လေးငါးသန်းရှိဆိုပဲ။ လွှတ်တော်ထဲ အခြေခံဥပဒေပြင်ဖို့ အဆိုကို စစ်တပ် ကိုယ်စားလှယ်တွေက ကန့်ကွက်လို့ ရှုံးပါတယ်။

ပိစိကွေးတစ်ချက်ပဲ ပြင်ပေးမယ်တဲ့။အဲဒါက သမ္မတရဲ့ အရည်အချင်းမှာ စစ်ရေးအမြင်အစား ကာကွယ်ရေး အမြင်လို့ ပြောင်းဆိုပဲ။စစ်ရေးဆိုတာကမှ စစ်တပ်နဲ့ပဲဆိုင်တာနော်။ကာကွယ်ရေး အမြင်ဆိုရင် ရဲပါပါလာတဲ့သဘောပေါ့နော်။အဲသလို အဲသလို နဲ့ အခြေခံဥပဒေကို လွှတ်တော်မှာပြင်လို့ မရဖြစ်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းကြီး ဦးတင်အေးဥက္ကဋ္ဌ ဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်း ကြေညာချက်တွေ ထွက်လာပါတယ်။ အမှားအယွင်းတွေက အများကြီး နဲ့ပါ။ အင်န်အယ်လ်ဒီက တစ်ပြည်လုံး မဲစာရင်းပြင်ပေးဖို့ လှုံ့ဆော်ပါတယ်။ ဒေါ်စု ကိုယ်တိုင်လည်း ကွင်းဆင်းပြီး မဲစာရင်းကို စစ်ဆေးကြဖို့၊ မဲစာရင်းမှာ အသက် ၁၈ နှစ်ပြည့်သူတိုင်းမဲပေးခွင့်ရဖို့ လှုံ့ဆော်မှု တွေ လုပ်ပါတယ်။

မဲစာရင်းအစစ်ကတော့ ထွက်မလာသေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲကတော့ နိုဝင်ဘာလ ၈ ရက်မှာ လုပ်မယ်လို့ ကြေညာပါတယ်။

အခြေခံဥပဒေမပြင်ဘဲ ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲတဲ့ မဲစာရင်းနဲ့ အင်န်အယ်လ်ဒီ ဝင်ရွေး မရွေးဆိုတာလည်း စိတ်ဝင်တစား ရှိစရာပါပဲ။

စားဝတ်နေရေး ဆင်းရဲတွင်းက နစ်သည်ထက် နစ်နေတဲ့ ပြည်သူလူထုက မဲစာရင်းကို သွားရောက်စစ်ဆေးဖို့ စိတ်မဝင်စား ဖြစ်နေတာကို အင်န်အယ်လ်ဒီ နဲ့ မီဒီယာတွေဟာ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ မိမိတို့လိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ် များကို ရွေးချယ်ပိုင်ခွင့်ရှိတယ် ဆိုပြီး လှုံ့ဆော်မှုတွေ လုပ်ကြပါတယ်။

ထူးခြားတာကတော့ အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လှုပ်ရှားမှု သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီတွင်းမှာရော၊စစ်ဗိုလ်ချုပ်ဟောင်းများကရော ရွေးကောက်ပွဲဝင်ကြဖို့ ခြေပုန်းခုတ် လှုပ်ရှားနေတာ တွေတော့ တွေ့ရပါတယ်။

နောက်ဆုံးတော့ ဇူလိုင် ၁၁ ရက်နေ့ မှာတော့ အင်န်အယ်လ်ဒီ ဗဟိုအမှုဆောင်အစည်းအဝေးက ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီဝင်မယ်။CRPP လို တိုင်းရင်းသား မဟာမိတ်ပါတီများနဲ့ နားလည်မှု ယူနိုင်မယ့် အခြေအနေရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

သည်မတိုင်မီကပဲ အင်န်အယ်လ်ဒီက အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်း များအား မိမိတို့ ပိုင်ဆိုင်မှု စာရင်း ဖော်ပြရမယ်လို့ ပြောလိုက်ပါသေးတယ်။ ဒါကတော့ အင်န်အယ်လ်ဒီက သက်သက်ကျောတယ်လို့ ဘကြီးမိုး မြင်တယ်လေ။ဘယ့်နှယ် ဟိုတခြားဘက် ပုဂ္ဂိုလ်ကြီးတွေက သူတို့ ပိုင်ဆိုင်မှုကို ဘယ်ပြရဲမှာလဲ။ ထားတော့ ထားတော့။

ဘာပဲပြောပြော ရွေးကောက်ပွဲကတော့ လုပ်ကိုလုပ်ဖြစ်တော့မယ်လို့ ကြေညာတဲ့အတိုင်း လုပ်ကြပါတော့မယ်။ရွေးကောက်ပွဲများနဲ့ အကြိမ်ကြိမ်လွဲချော်ခဲ့တဲ့ ဘကြီးမိုးလည်း သည်တစ်ကြိမ် ကြုံတွေ့ရမယ့် ရွေးကောက်ပွဲကိုတော့ ဘယ်ပြေးမလဲ မိချိုသဲ၊ အဲလေ ဘယ်ပြေးမလဲ ရွေေးကာက်ပွဲဆိုပြီး ရွေးကောက်ပွဲ ရှိရာ ဖြစ်ရာအရပ်ကို မြင်းစိုင်းပြီး လိုက်မယ်လို့ ပြောတာကို အော်ပီကျယ်က မြင်းနဲ့ မလိုက်ပါနဲ့၊သူ့ရဲ့ ကြွက်ပဲစီးပြီး လိုက်ပါတဲ့။

ဘာပဲပြောပြော ဘယ်ပြေးမလဲ မိချိုသဲ အဲလေ ဘယ်ပြေးမလဲ ရွေးကောက်ပွဲ နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts