ဇွန် ၇၊ ၂၀၁၂
ဒီဆောင်းပါးမှာ စာရေးသူတဦးတည်းအမြင်နဲ့ဖြစ်ပေါ်လာရတဲ့ လက်ငင်းအကြောင်းအချက်တွေ၊ ဆက်စပ်နေတဲ့ သတင်း၊ မီဒီယာနဲ့ လူအများ စုရဲ့သဘောထား၊ အမြင်၊ တုန့်ပြန်မှု အကျိုးဆက်တွေကိုတင်ပြရင်းနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လူတဦးချင်းက စောင့်ထိန်းရမယ့် လူ ယဉ်ကျေးတွေရဲ့ အပြောအဆို၊ အပြုအမူတွေအကြောင်းကို ဆွေးနွေးပါမယ်။
ပထမနဲ့ အဓိက လက်ငင်းအကြောင်းကတော့ အစိုးရရဲ့ လူထုအာရုံစိုက်မှုကို လမ်းလွှဲခြင်းဖြစ်တယ်။ လက်ရှိ နိုင်ငံအဝှမ်းဖြစ်ပေါ်နေတဲ့ လူ ထုခံစားနေရတဲ့ အထွေထွေအကြပ်အတည်း၊ မတရားမှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုလှုပ်ရှားမှုတွေ တနေ့ထက် တနေ့ များပြားလာပြီး အဆိုပါ မတရားမှုတိုက်ပွဲတွေကို လူထုအများစု အင်တိုက်အားတိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ် ခွန်အားပိုင်းဆိုင်ရာ ဝိုင်းဝန်း ထောက်ခံနေမှု ရေချိန်မြင့်လာမှုကို ရပ်တန့်သွားအောင် အစိုးရက တဘက်လှည့်နဲ့ကြံစည်ခဲ့ခြင်းဖြစ်တယ်။
အထူးသဖြင့် ရခိုင်လူထုဟာ စစ်အစိုးရအဆက်ဆက်နဲ့ လက်ရှိအစိုးရခေတ်မှာ မတရားဖိနှိပ်မှုမျိုးစုံကို ပြည်မမှ မြန်မာအများစုထက် ပိုခံ စားခဲ့၊ ခံစားနေကြရတယ်။ ဒါ့အပြင် အရင် ဖိနှိပ်မှုပိုပြင်းထန်တဲ့ စစ်အစိုးရခေတ်မှာတောင် ရခိုင်လူထုဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားမှုကို အမြဲတွန်းလှန် ဆန္ဒပြလေ့ရှိတယ်။ လက်ရှိ အထိုက်အလျောက် ပိုမိုလွတ်လပ်တဲ့သဘောဆောင်တဲ့ စစ်တပိုင်း အစိုးရခေတ်မှာ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်စရာရှိတယ်။ ဒါကြောင့် လမ်းလွှဲခြင်းဖြစ်တယ်။ လွှဲစရာလမ်းအနေနဲ့ လူမျိုး၊ ဘာသာ သွေးထိုးနိုင်မှု လောင် စာကလည်း ရခိုင်မှာ အဆင်သင့်ရှိနေတယ်။ ရခိုင်ဒေသဟာ တဘက်ဘင်္ဂလားဒေ့ရှ် နဲ့ နယ်မြေချင်းထိစပ်နေတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ မူရင်း ဟိုးအရင်ကတည်း အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဘာသာ၊ လူမျိုး မတူသူတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခသဘော၊ ဆတ် ဆတ်ထိမခံနိုင်တဲ့အခြေအနေကို အသုံးချသွားခဲ့ခြင်းဖြစ်တယ်။
စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ လူမျိုးကွဲ၊ ဘာသာခြား (အိန္ဒိယ အနွယ်၊ တရုတ်အနွယ်) တွေကို ဖိနင်း လွှဲချပြီး လူထုရဲ့ဒေါသ အစိုးရ အပေါ်မကျအောင် လုပ်တဲ့နည်းဖြစ်တယ်။ ရိုးပေမယ့် ထိရောက်တယ်။ ရက်စက်ယုတ်မာပြီး အောက်တန်းလည်း ကျလှပါတယ်။
ဒါဟာ လူအများ ထောက်ပြ၊ ပြောဆိုနေကြပြီး ယေဘုယျအားဖြင့် သတိမူမိနေတဲ့အချက်လည်းဖြစ်တယ်။
သို့သော် လူအားလုံး နည်းပါးသတိပြုမိနေတဲ့ ဒီထောင်ခြောက်ထဲကိုပဲ လူအများစုက တည့်တည့်မတ်မတ် တိုးဝင်သွားကြတာဟာ လူမျိုး၊ ဘာသာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ လူတွေဟာ အမြဲတမ်းလိုလို အသိဉာဏ်ထက် စိတ်ခံစားမှုအပေါ်မူတည်ပြီး တုန့်ပြန်ဆောင်ရွက်လေ့ရှိကြ လို့ပါ။ အရပ်စကားနဲ့ပြောရရင် လူမျိုး၊ ဘာသာကိစ္စက အညှာလွယ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် စနစ်တကျပိတ်ဆို့ပြီး ဝါဒဖြန့် မှိုင်းတိုက်ဖျက်ဆီးခံခဲ့ရတဲ့ ဗမာပြည်ကလူအများစုအတွက် ပိုလို့အညှာလွယ်ပါတယ်။ ဒါဟာ နိုင်ငံတကာက ခေတ်မီဖွံ့ဖြိုးတိုးတက် ပြီး ပညာရေးအဆင့်အတန်းမြင့် ဒီမိုကရေစီစံနှုန်း၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ အမြစ်တွယ်ရှင်သန်နေပြီးဖြစ်တဲ့ တိုင်းပြည်ကြီးတွေ မှာလည်း အနည်းနဲ့အများဆိုသလို ကျန်ရှိနေသေးတဲ့သဘောလည်း ဖြစ်တယ်။ အကြောင်းက လူတွေဟာ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်၊ ရာသီဥတု၊ ပထဝီ၊ အစားအသောက်၊ ဓလေ့ထုံးစံ၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စတဲ့သဘာဝရဲ့ (တနည်းအားဖြင့် ရွေးချယ်ခွင့်မရှိလို့) ကွဲပြားခြားနားမှုတွေအရ အုပ်စုလေးတွေကွဲပြားနေပြီး အုပ်စုသဘောဆောင်တဲ့ အပြုအမူ၊ အပြောအဆို၊ ဘက်လိုက်မှုတွေ ဖြစ်လာလေ့ရှိ လို့ပါ။ ဒီလိုသဘောမှာ ရာစုနှစ်တွေနဲ့ချီ ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲကဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်နဲ့ အတွေး အခေါ်သာ အများစုရှင်သန်နေတဲ့ဗမာပြည်က လူ့အဖွဲ့အစည်းမှာ လူမျိုး၊ ဘာသာစွဲ ပြင်းထန်မှုများတဲ့ စိတ်အခံအခြေအနေနဲ့ အခုလို စိတ် နှလုံး ထိခိုက်တုန်လှုပ်ဖွယ်အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံး၊ ခံစားမှုနဲ့ပဲ တုန့်ပြန်ခဲ့ကြတာပါ။ ထိန်းကွပ်စရာ အသိဉာဏ်အခံက နဂိုကမှနည်းနေတော့ အကျိုးဆက်က ပိုဆိုးစေတာပါ။
စာရေးသူဆိုလိုတဲ့ စိတ်ခံစားမှုနဲ့ တုန့်ပြန်မှု ဆိုတာဟာ ဒုတိယ လူ အစုလိုက်၊ အပြုံလိုက်သတ်မှုမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူတွေ ကို ဆိုလိုနေခြင်းမဟုတ်ပါ။ ဖြစ်ခဲ့တဲ့ လူသတ်မှုမှာဦးဆောင်ပါဝင် ကာယကံမြောက်ကျူးလွန်ခဲ့သူတွေဟာ အစိုးရ (သို့) ဒေသဆိုင်ရာ အာ ဏာပိုင်တွေရဲ့ စနစ်တကျ တာဝန်ပေးခြင်းခံရတဲ့သူတွေဖြစ်ဖို့များပါတယ်။ စိတ်ခံစားမှုအရ သွေးဆူတုန်း လူသတ်မိတယ်ဆိုတာ ဖြစ်လေ့ရှိပါ တယ်။ သို့သော် ဒီလိုစနစ်တကျ ကြိုတင်စီစဉ်ဆောက်ရွက်တဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ပထမ ရာဇဝတ်မှုဖြစ်စဉ် (အဓမ္မ သားမယား ပြု ကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု) မှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေရဲ့ လူမျိုး၊ ဘာသာမတူမှုကို အသားပေးပြောဆို သွေးထိုးလှုံ့ဆော်စည်းရုံးပြီး အရက်၊ မူးယစ်ဆေးဝါးတိုက်ကျွေး သွေးဆောင်ခံခဲ့ရတဲ့ အသိပညာအခြေခံနည်းလူတချို့လည်း ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် စတင် အစီအစဉ်ချ၊ လမ်းကြောင်းပေးတာကတော့ အစိုးရ (သို့) အစိုးရထောက်ခံသူ အဖွဲ့အစည်းတခုခုရဲ့ ဦးဆောင်မှု၊ ပါဝင်ပတ်သက်မှုဆိုတာ ဖြစ်စဉ်ကိုလေ့လာရင် ထင်ရှားပါတယ်။
ခု စာရေးသူအထက်မှာပြောခဲ့တဲ့ စိတ်ခံစားမှုနဲ့တုန့်ပြန်မှုဆိုတာ ပထမ အဓမ္မ သားမယားပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှုဖြစ်စဉ်အပေါ် တုန့် ပြန်ခဲ့ကြတဲ့ မီဒီယာနဲ့ အများပြည်သူလူထုရဲ့ လုပ်ရပ်၊ အမြင်၊ တုန့်ပြန်မှုကို ဆိုလိုတာပါ။ အားလုံးက နားလည်သဘောပေါက်ထားပါလျက်နဲ့ အစိုးရအကွက်ထဲကို လိုက်ပါဝင်ရောက်သွားနေခြင်းက အထက်မှာပြောခဲ့တဲ့ လူမျိုး၊ ဘာသာ အညှာခလုတ်ကိုထိမိတော့ စိတ်ခံစားမှု နောက်လိုက်ပြီး ပြုမူဆောင်ရွက်မိတဲ့ အမူအကျင့်တွေကို ဆိုလိုတာပါ။
မျက်မှောက်ခေတ်လို အင်တာနက် နည်းပညာ၊ သတင်းဆက်သွယ်ရေး၊ ရုပ်သံနည်းပညာတွေ ကျယ့်ပြန့်တဲ့ခေတ်မှာ ပထမ ရာဇဝတ်မှု သ တင်းဟာ နည်းပညာရဲ့အကူအညီနဲ့ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် လူတွေကြားကိုရောက်ရှိခဲ့တယ်။ သတင်းအချက်အလက် စီး ဆင်းမှု မြန်ဆန်ကျယ်ပြန့်လာတဲ့သဘောကို ဘာမှအပြစ်ပြောစရာမရှိပါ။ သို့သော် စတင်တင်ပြတဲ့ ဒေသခံဌာနေတိုင်းရင်းသားကို ကိုယ် စားပြုဟန်ရှိတဲ့မီဒီယာရဲ့ သတင်းတင်ပြပုံနဲ့ ထပ်ဆင့်ဖြန့်ဝေသူတွေရဲ့ပြုမူပုံတွေမှာ စကားပြောစရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်သဏ္ဍာန် မတည်မငြိမ်ဖြစ်နေမှုရဲ့ ဒုတိယ လက်ငင်းအကြောင်းလည်း ဖြစ်ပါ တယ်။
ဒုတိယလက်ငင်းအကြောင်းရဲ့အစဖြစ်တဲ့ အဓမ္မ သားမယားပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှုဖြစ်စဉ်ကိုတင်ပြတဲ့ သတင်းမီဒီယာရဲ့ ကျူးလွန် သူတွေလို့စွပ်စွဲခံရတဲ့သူတွေအပေါ် ဘာသာ၊ လူမျိုးမတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဌာနေတိုင်းရင်းသားဘက်ကို ကိုယ်စားပြုပြီး ကျယ်ပြန့်တဲ့သဘောဆောင်တဲ့ မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ရှိနေလို့ ရှိနေကြောင်း လူအများ အသိမှတ်ပြုမှုရအောင် ပုံဖော်ချင်ရင်လည်း အနိဌာရုံဓာတ်ပုံတွေထက် အခြားအားကောင်းတဲ့ အချက်အလက်တွေ၊ အလားတူအဖြစ်အပျက်တွေစုစည်းပြီး စုံစမ်းတူးဖော် သတင်းတင်ပြဟန် (Investigative Report) နဲ့ မီဒီယာ၊ စာနယ်ဇင်း ကျင့်ဝတ်သိက္ခာ ရှိရှိ တင်ပြလို့ရပါတယ်။ ဒီလိုအဖြစ်အပျက် မှတ်တမ်းတင်စာတွေကို ဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒေသခံ ဌာနေတိုင်း ရင်းသား ကိုယ်စားပြုပါတီတွေကိုပေးပို့ပြီး သူတို့မှတဆင့် ပြည်နယ်နဲ့ ဗဟိုအစိုးရကို တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အလေးပေးအောင်လည်း တိုက်တွန်းနှိုးဆော်နိုင်ပါတယ်။ အစိုးရ (သို့) စုံစမ်းရေးကော်မရှင် (သို့) တရားရုံး စတဲ့ အများပြည်သူသိစရာမလိုတဲ့ အဖွဲ့အစည်းတွေကိုတင်ပြတဲ့အချိန်မှာသာ တကယ့်အဖြစ်အမှန် ဓာတ်ပုံအထောက်အထား (ဘယ်လောက် အခြေအနေဆိုးဆိုး၊ အနိဌာရုံ ဖြစ်ဖြစ်) ဝေဝေဆာဆာနဲ့ ခိုင်ခိုင်လုံလုံ တင်ပြဖို့လိုပြီး အများပြည်သူကိုဖြန့်ဝေတဲ့ သတင်းတင်ဆက်မှုမှာတော့ သတင်းကျင့်ဝတ်၊ သတင်း ကောင်းဂုဏ်ရည်ကိုထိန်းခြင်းအားဖြင့် လူတွေရဲ စိတ်နှလုံးဆွဲကိုင်လှုပ်စေမယ့် အနိဌာရုံ ဓာတ်ပုံတွေ၊ ဘာသာ၊ လူမျိုးကွဲပြားသူချင်း သွေးကွဲ စေတဲ့ စကားလုံး၊ အသုံးအနူန်းတွေကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အင်တာနက် ဘလော့တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် သာမန်လူတိုင်းက အသက်မွေးဝမ်းကြောင်း ပညာရပ် တခုဖြစ်တဲ့ သတင်း၊ မီဒီယာတွေရဲ့လုပ်ငန်းတာဝန်တွေကို ဝါသနာအရ အပျော်တမ်းလုပ်ဆောင်နေမှုဟာ သတင်းခေတ်လူသားရဲ့ သဘော သဘာဝဖြစ်တဲ့အပြင် မတူကွဲပြားကျယ်ပြန့်တဲ့အမြင်တွေကိုထုတ်ဖော်နိုင်လို့ အပြုသဘောအနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ သို့သော် ကိုယ် တိုင် စနစ်တကျလေ့လာသင်ယူထားခြင်းမရှိတဲ့ သတင်းဖြန့်ဖြူးခြင်းဘာသာရပ်တခုကို နေ့စဉ် ကိုယ်ပိုင်စာမျက်နှာတွေမှတဆင့် လုပ်ဆောင် ချင်တယ်ဆိုရင်တော့ သတင်း၊ မီဒီယာတွေ ယေဘုယျလိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို လေ့လာဖို့လိုပါမယ်။ အသုံးအနှုန်း နဲ့တင်ပြပုံအားလုံးဟာ သိက္ခာ၊ ကျင့်ဝတ်အညီ ဖြစ်ဖို့လိုပါမယ်။
အစိုးရရဲ့ အာရုံပြောင်းလှည့်ကွက်ကို နင်းဝင်နေကြတယ်ဆိုတဲ့သဘောက ခု လူအများစု မိမိရဲ့အွန်လိုင်း ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှ ရာဇဝတ်မှုသတင်းကို တင်ပြပုံ၊ ဖြန့်ဝေပုံ သတင်းကျင့်ဝတ်နဲ့မညီဖြစ်နေတာကို အဓိကဆိုလိုတာဖြစ်ပြီး ရာဇဝတ်မှုသတင်းကို လူမျိုး၊ ဘာ သာ ကွဲပြားမှုအသားပေးဖော်ပြပြောဆိုကာ အစိုးရအကြိုက် လူမျိုး၊ ဘာသာမုန်းတီးရေးတွေ ဖြစ်ပေါ်စေဖို့ (မသိလို့ပဲဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ) အင်တိုက်အားတိုက် ကူညီနေသလိုဖြစ်နေပါတယ်။ ဒီသဘောဟာ ခုလတ်တလောဖြစ်ခဲ့တဲ့ရာဇဝတ်မှုနှစ်ခုလုံးကို လူအများစု (ဘက်နှစ်ဘက်လုံး) တုံ့ပြန်ပုံမှာ အကျုံးဝင်ပါတယ်။
သတင်းဖြစ်စဉ်တခုကိုတင်ပြရင် ပါဝင်ပတ်သက်သူရဲ့ ဘာသာ၊ လူမျိုးဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ ဖော်ပြစရာမလိုပါ။ ဥပမာ – မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုး၊ ဘာသာခြားဖြစ်ဟန်တူတဲ့ အစိုးရဝန်ထမ်း မီးရထားစက်ခေါင်းမောင်းသူတဦး သက်စွန့်ဆံဖျား ခရီးသည်ရဲ့အသက်ကို ကယ်ခဲ့တဲ့သတင်းမှာ သူရဲ့လူမျိုးနဲ့ ဘာသာကို အဓိကအသားပေး ဖော်ပြစရာမလိုပါ။ ဒါက ကောင်းတဲ့လုပ်ဆောင်မှုဖြစ်လို့ မိမိ လူ့အဖွဲ့အ စည်းမှာ လူနည်းစုဖြစ်နေတဲ့အုပ်စုကို အထင်မြင်မှား၊ အမုန်းသံသယတွေရှိနေလို့ ဖြေလျော့စေချင်တဲ့သဘောနဲ့ လူမျိုး၊ ဘာသာကို ဖော်ပြ တာဆိုရင်လည်း ဒုတိယဦးစားပေးအနေနဲ့ သတင်းနောက်ကွယ်မှ မသိမသာ ပညာပါပါနဲ့ဖော်ပြရမှာ ဖြစ်ပါတယ်။ ရာဇဝတ်မှုလိုသတင်းမှာ ဘာသာ၊ လူမျိုးကိုထည့်ခြင်းကတော့ ဘာအကြောင်းပြချက်နဲ့မှ (ဘယ်လိုနည်းနဲ့မှ) မဖြစ်သင့်တဲ့ကိစ္စပါ။ ရာဇဝတ်မှုဖြစ်တယ်။ ကျူးလွန် ကြောင်း သံသယဖြစ်ခံရတဲ့သူတွေ အဖမ်းခံထားရတယ်။ သူတို့ကို တရားရုံးမှာ တရားဥပဒေနဲ့အညီ အပြစ် ရှိ/မရှိ စုံစမ်းဖော်ထုတ်မယ်။ အပြစ်ရှိရင် ပြစ်မှုနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကို ကျခံစေမယ်။ တရားရုံးလုပ်ငန်းစဉ်တလျောက် တရား၊ ဥပဒေနဲ့ ညီ/မညီ၊ အဂတိ ကင်းမကင်း၊ တရားမျှတမှု ရှိ/မရှိ သက်ဆိုင်ရာ ဒေသက လူမှုအဖွဲ့အစည်းတွေနဲ့ သတင်း၊ မီဒီယာက စောင့်ကြည့်မယ်။ တရားရုံးရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) နောက်ဆုံး တရားစီရင်ချက်က တခုခုချွတ်ချော်ရင် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုတော့ လုပ်ဆောင်သင့်တယ် စတဲ့ မေးခွန်းထုတ် မှုတွေ၊ ဆန္ဒသဘောထား တင်ပြတောင်းဆိုမှုတွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ သတင်း၊ မီဒီယာက လုပ်ဆောင်မယ်။ ဒါဟာ ရိုးရှင်းတဲ့ တရားဥပဒေစိုးမိုးတဲ့ ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာဖြစ်ရမယ့် ဖြစ်စဉ်နဲ့ လုပ်ငန်းသဘောတွေပါ။ ရာဇဝတ်မှုနဲ့ မသက်ဆိုင်တဲ့ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေရဲ့ ဘာသာ၊ လူမျိုးကွဲပြားမှုကို ထည့်စရာအကြောင်းမရှိပါ။
တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်တွေမှာလည်း ဘာသာ၊ လူမျိုး ကွဲပြားသူတွေကြားဖြစ်တဲ့ ရာဇဝတ်အမှုအခင်းတွေမှာ မလိုလားအပ်တဲ့ ပယောဂတွေ ကပ်ပါလေ့ရှိပါတယ်။ ပထမ ရာဇဝတ်မှု ဖြစ်ဖြစ်ချင်း အကျူးလွန်ခံရသူရဲ့ မိသားစုဝင်က တရားဥပဒေရဲ့ အဆုံးအဖြတ်ကို မ စောင့်နိုင်ဘဲ စိတ်ခံစားမှုနဲ့ ကိုယ်တိုင်လက်စားချေခြင်းဖြင့် ပြန်လည် (ဒုတိယ) ရာဇဝတ်ကျူးလွန်မိတာတွေ ရှိလေ့ရှိပါတယ်။ ဒီလိုအခြေ အနေဟာ မတူကွဲပြားတဲ့ လူအုပ်စုနှစ်ခုအကြားမှာ အမုန်းတွေ၊ သံသယတွေ တိုးပွားလာစေပြီး လွတ်လပ်တဲ့တရားစီရင်မှုကို ထိခိုက်စေ တတ်ပါတယ်။ ဒီလိုသဘောတွေကို ဇာတ်အိမ်ပြုထားတဲ့ A Time To Kill (1996) ရုပ်ရှင်ကိုလေ့လာကြည့်ပါ။ ဒီရုပ်ရှင်မှာ တရားရုံးရဲ့ နောက်ဆုံးဆုံးဖြစ်ချက်မှာ မှုခင်းတခုလုံးရဲ့ဖြစ်စဉ်၊ နောက်ခံနဲ့သဘောကို ခြုံငုံသုံးသပ်ပြီး စိတ်ခံစားမှုအရ ပြန်လည်ပြစ်မှုကျူးလွန်သူရဲ့ လုပ် ဆောင်ချက်ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။ ဒီလို စိတ်ကူးယဉ်ဇာတ်လမ်းတခုကိုတောင် လူထူဆီ ထုတ်လုပ်ဖြန့်ချီတဲ့အခါ တရား ဥပဒေစိုးမိုးမှုကိုထိပါးစေတဲ့ အငြင်းပွားဖွယ်ရာကိစ္စဖြစ်တဲ့အတွက် ဝေဖန်သုံးသပ်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ တချို့နိုင်ငံတွေမှာ ဒီရုပ်ရှင်ပြ သ တဲ့အခါ ဒီလို တရားဥပဒေမဲ့ ကိုယ်ပိုင်တရားစီရင်မှု အရ လူသတ်ခွင့် ရှိရဲ့လားဆိုတဲ့ မေးခွန်းသဘောပေါ်လွင်အောင် ဇာတ်ကားအမည်မှာ မေးခွန်း (Query) သင်္ကေတ ထည့်စေတယ်။
ယထဘူတကျကျ၊ ဓမ္မဓိဌါန်ရှိရှိ ဆင်ခြင်သုံးသပ်ရင် ကိုယ်ပိုင်တရားစီရင်မှုသဘောဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ တဦးချင်း ပုဂ္ဂလိက အနေနဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တချို့ရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်လို့ ပြစ်မှုတချို့ဖြစ်လာတာကို နားလည်လက်ခံပေးနိုင်ကောင်း ပေးနိုင်ပေမယ့် အများစုသဘောကိုတော့ ကြပ်ကြပ်မတ်မတ်နဲ့ ကာကွယ်တားဆီးရမှာဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့သလို လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး အသွင် တင်းမာနေမှုတွေရဲ့ အဓိက လက်ငင်းအကြောင်း အစိုးရ ရဲ့ အာရုံလွှဲ သွေးထိုးမှုအပေါ် လူတွေက အလိုက်သင့် အစိုးရအကြိုက် မတုန့်ပြန်မိဖို့က နောက်မှာသတိပြုဆင်ခြင်ရမယ့် အရေးကြီးအ ချက်ဖြစ်ပါတယ်။ ဘာသာ၊ လူမျိုး ကွဲပြားမှုကို ခွဲခြားချင်စိတ်အပါအဝင် အခြား ရှေးရိုးစွဲ ကျဉ်းမြောင်းတဲ့ အယူဝါဒ၊ အတွေးအခေါ်တွေကို တဦးချင်းက လက်မခံတဲ့ စိတ်နဲ့ တွန်းလှန်ဖယ်ရှားရင်း စံပြနေထိုင် ပြောဆို၊ ပြုမူ၊ ကျင့်ကြံ၊ တွေးခေါ် ဖို့လိုပါတယ်။ အထူးသဖြင့် မိမိ ပြောဆို သုံးနှုန်းတဲ့ စကားလုံးနဲ့ဖြန့်ဝေတဲ့ သတင်းတင်ပြပုံက အခြားလူမျိုး၊ ဘာသာအုပ်စုတခုခုကို အထင်အမြင်လွဲမှားစေတာမျိုး မဖြစ်အောင် လုံးဝရှောင်ကြဉ်ရပါမယ်။
လက်ရှိဗမာ့လူ့အဖွဲ့အစည်း (ပညာအရည်အချင်း၊ လက်ရှိနေထိုင်တဲ့နိုင်ငံ မသက်ဆိုင်) မှ ဗမာတွေ အွန်းလိုင်းမှာ သုံးနှုန်းပြောဆိုတဲ့ အသုံး အနှုန်းနဲ့ လုပ်ဆောင်နေတဲ့အပြုအမူ အများစုဟာ လူသားကျင့်ဝတ်ပိုင်းဆိုင်ရာအရကြည့်မယ်ဆိုရင် အင်မတန် အားနည်းနေပါတယ်။ ပထမဆုံးအနေနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူတွေ စံနှုန်းအနေနဲ့ ဘယ်လိုအရာတွေကို အမှန်လို့သတ်မှတ်ထားတယ်။ ဘယ်လိုအရာ တွေကိုတော့ အမှားလို့ ခံယူတယ်၊ ဘယ်လိုအပြုအမူ၊ အပြောအဆိုကတော့ဖြင့် ကျင့်ဝတ်နဲ့ မညီဘူး၊ ရှက်စရာကောင်းတယ် အစရှိတဲ့ လူပီ သတဲ့ အတွေးအခေါ်၊ အနေအထိုင်၊ အသုံးအနှုန်းတွေကိုလေ့လာပြီး အမှန်တကယ် ကျင့်ကြံနေထိုင်ရပါမယ်။ မိမိရဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာနဲ့ အညီ ပြုမူ၊ ကျင့်ကြံ၊ ပြောဆို လူပီသစွာ နေထိုင်တတ်မှုကို ဂုဏ်ယူတတ်ရပါမယ်။ ဗမာပီသဖို့၊ တရုတ်ပီသဖို့၊ အိန္ဒိယ ပီသဖို့ ထက် လူပီ သဖို့က အရေးကြီးတယ်ဆိုတာကို နားလည်လက်ခံရပါမယ်။
ဒီနေရာမှာ လူအများ သိစေ၊ ကြားစေနိုင်တဲ့နေရာတွေမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ် သုံးစွဲမှုတွေရဲ့ အတိမ်အနက်၊ အကျိုးအပြစ်ကို သိနား လည်ပြီး လူ့ကျင့်ဝတ်နဲ့အညီ ပြောဆိုတတ်ဖို့ အင်မတန် အရေးကြီးတဲ့အကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။
ဥပမာ – ခု ဖြစ်ခဲ့တဲ့ ရခိုင်လူသတ်မှုသတင်းကို အစိုးရမီဒီယာအပါအဝင် မီဒီယာတချို့နဲ့ လူအများစုက အသတ်ခံရသူတွေကို “ကုလား” ဆို တဲ့ အသုံးအနှုန်း သုံးနေတာ တွေ့ရတယ်။ ပြည်ပ အခြေစိုက်၊ အထူးသဖြင့် အနောက် နိုင်ငံရောက် ဗမာဗီဒီယာတွေက မူဆလင်လူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတယ်။ ဒါကို တချို့က သိပ်မကျေနပ်တဲ့သဘောနဲ့ ခနဲ့တဲ့တဲ့ပြောတာတွေလည်း ဖတ်ရတယ်။ ခနဲ့သူတွေထဲမှာ အတန်းပညာ တတ်လို့ ခေါ်ဆိုနိုင်သူတွေ ပါတာတွေ့ရတော့ လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းနေမှုက ပိုမိုသိသာထင်ရှားစေ ပါတယ်။
“ကုလား” ဆိုတဲ့ ဝေါဟာရဟာ မည့်သည့်ဝေါဟာရမှ ဆင်းသက်လို့ဖြစ်စေ၊ ရှေးယခင် မည်ကဲ့သို့အဓိပ္ပာယ်နဲ့ သုံစွဲခဲ့သည်ဖြစ်စေ လက်ရှိ ခေတ် ယဉ်ကျေးတဲ့လူ့အသိုင်းအဝန်းနဲ့ မသင့်လျော်တဲ့အတွက် လူအများကို သက်ရောက်မှုရှိတဲ့ သတင်းရေးတာ၊ ဖတ်တာ၊ ကြေညာတာလို နေရာမျိုးမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းအားဖြင့် မသုံးရပါ။ သုံးလို့ရှိရင် Pejorative (ရင့်သီးသလို) ဖြစ်လို့ပါ။ ဒါမျိုး လူမျိုးစု (သို့) လူအုပ်စုတစုကို ထိခိုက်နေနိုင်စေတဲ့အသုံးအနှုန်းတွေကို ရှောင်ကြည်သုံးစွဲခြင်းကို အင်္ဂလိပ်လို Political Correctness (PR) ဖြစ်အောင် သုံးခြင်းလို့ ခေါ်ဆိုပါတယ်။ PR ဆိုတာ နိုင်ငံရေးအားဖြင့် မှန်ကန်မှုလို့ တိုက်ရိုက်သဘော ဘာသာပြန်လို့မရပါ။ ထိုသို့ပြန်ပြီး လူပြိန်းတွေးနဲ့ နိုင်ငံခြားသားဆီက ထောက်ပံ့ငွေယူနေလို့ သူတို့ကျေနပ်အောင်၊ တနည်းအားဖြင့် နိုင်ငံရေး မှန်ကန်မှုသဘောနဲ့ ပြည်ပသတင်းဌာနတွေက မသုံးစွဲခြင်း မဟုတ်ပါ။ သတင်းအဖွဲ့အစည်းမှာရှိရမယ့် ကျင့်ဝတ်ကြောင့် မသုံးစွဲခြင်းပါ။ သတင်းဌာနတွေသာမက လူ့ကျင့်ဝတ်သိတဲ့၊ ရှိတဲ့ တဦးချင်း လူပုဂ္ဂိုလ်တွေလည်း လူအများကိုသက်ရောက်စေတဲ့နေရာမျိုးတွေမှာ ပြောဆိုပြုမူရင် PR ဖြစ်အောင် သုံးစွဲရပါတယ်။ ဒါဟာ ယဉ် ကျေးတဲ့လူ့အဖွဲ့အစည်းက လူပီသတဲ့လူတွေရဲ့ အပြုအမူပါ။
PR ဖြစ်အောင် ပြောဆိုပြုမူခြင်းဆိုတာ လူမျိုး၊ ဘာသာကိစ္စတခုတည်း မဟုတ်ပါ။ အတွေးအခေါ်၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ကျား/မ လိင် ကွဲပြားမှု၊ အလုပ်အကိုင်၊ ကိုယ်အင်္ဂါ ချို့ယွင်းမှု စတဲ့ သီးခြားသဘောဆောင်တဲ့ ကွဲပြားမှုတွေကိုနင်းပြီး ပြောဆို၊ သုံးစွဲခြင်း မပြုတာအားလုံးကို ဆိုလိုတာပါ။
PR ကို ဥပမာပေးရရင် …. “အသိဉာဏ်ဖွံ့ဖြိုးမှု နှေးကွေးသူ၊ ချို့ယွင်းသူ” “Intellectually disabled” လို့သုံးစွဲမှ PR ဖြစ်မှာပါ။ အဲ့လို မဟုတ် ပဲ “ငပေါ” “သောက်ရူး” “Retard” လို့သုံးစွဲရင် ရိုင်းစိုင်းလို့ပါ။
မျက်စိမမြင်သူကို “အမြင်အာရုံ ချို့တဲ့နေသူ” “Visually Impaired”၊ နားမကြားသူကို “အကြားအာရုံချို့တဲ့နေသူ””Hearing Impaired” လို့သာသုံးစွဲရပြီး “မျက်ကန်း” “Blind”၊ “နားပင်း” “Deaf” လို့ သုံးစွဲရင် သူတပါးရဲ့ ချို့ယွင်းမှုကို နှိမ်ပြီးခေါ်သလိုဖြစ်လို့ ရှောင်ကြည်ရပါမယ်။
အလားတူပဲ လူမျိုးစု ကွဲပြားမှုနဲ့ပတ်သက်ရင် အာဖရိကအနွယ်ဝင် အမေရိကန်တွေကို “အာဖရိကန် အမေရိကန်” “African American” လို့ပဲ သုံးစွဲရပြီး “ငမည်း..၊ နီဂရို” “Black (or) Negro” လို့ မသုံးစွဲရပါ။ လူဖြူကိုလည်း “ဥရောပအနွယ်” “Caucasian” လို့သုံးစွဲမှ ယဉ်ကျေး ပါတယ်။
ကျား/မ ခွဲခြားမှုသဘော မဖြစ်ပေါ်စေဖို့အတွက်လည်း “ဥက္ကဌ” ကို “Chairperson” လို့သာ ယေဘုယျသဘောသုံးနှုန်းရပြီး ကျားဗဟိုပြု “Chairman” လို့ မသုံးရပါ။ အလုပ်အကိုင်တွေမှာ ကျား/မ ခွဲခြားမှုမရှိအောင် “မီးသတ်သမား” “Firefighter”၊ ရဲအရာရှိ “Police Officer” စသည်ဖြင့် လိင်ခွဲခြားမှုမရှိ သုံးစွဲရပြီး “Fireman”၊ “Policeman” လို့ မသုံးစွဲရပါ။
ဒီလို အသေးစိတ်သတိထားပြောဆိုနေမှုတွေကို နေရာတိုင်းမှာ လုပ်နေရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ယဉ်ကျေးတဲ့ လူတယောက်အနေနဲ့ နားလည် သဘောပေါက်ထားဖို့လိုပြီး သင့်တော်သလို အသုံးပြုတတ်ရပါမယ်။ အထူးသဖြင့် လူအများ မြင်နိုင်၊ ကြားနိုင်၊ သိနိုင်တဲ့ နေရာ တွေမှာ မတူကွဲပြားခြားနားတဲ့ အုပ်စုတစုကို မထိခိုက်စေအောင် သုံးနှုန်းတတ်ရပါမယ်။ ဥပမာ – လိင်တူခြင်း ကာမတိမ်းညွတ်သူတွေကို “အခြောက်” လို့ လူသိရှင်ကြား မသုံးစွဲသင့်ပါ။ “လိင်တူချစ်သူများ” လို့သာ ယဉ်ယဉ်ကျေးကျေး၊ လူတဦးချင်းရဲ့ လွတ်လပ်တဲ့အခွင့်အရေး ကို စာနာနားလည်စိတ်ရှိရှိနဲ့ သုံးစွဲရမှာပါ။
တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်တွေမှာ အသားရောင် အညို၊ အမည်း အရေပြားရှိတဲ့သူတွေကို “ငမည်း” (ဝါ) “ဘလက်ကီ”လို့ လူသိရှင်ကြား ခေါ်မိလို့၊ ကိုယ်ခန္ဓာ အလေးချိန်တိုးလွန်းနေသူတွေကို “လူဝကြီး” လို့ ခေါ်မိလို့ တရားစွဲခံရ၊ အပြစ်ပေးခံရတာတွေ အများကြီးပါ။
အထူးသဖြင့် ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးစုံ ဒွေးရောယှက်တင် နေထိုင်ဆက်ဆံလာနေတဲ့ မျက်မှောက်ခေတ် ခေတ်သစ်ကမ္ဘာမှာ မတူညီတဲ့ လူမျိုးစုအချင်းချင်း အထင်အမြင်လွဲမှားစရာ၊ ခွဲခြားမှုသဘောဆောင်တဲ့ အသုံးအနှုန်း၊ အပြောအဆို၊ အပြုအမူတွေကို ရှောင်ရပါမယ်။ မြန် မာတွေ အမေရိကန်နိုင်ငံသားဖြစ်သွားရင် မြန်မာ-အမေရိကန် (Burmese-American) လို့ပဲ ခေါ်ဆိုကြပါတယ်။ အလားတူပဲ လက်ရှိ ဗမာ နိုင်ငံမှာမှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆိုသုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းဖြစ်လာမှာပါ။ မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ၊ မြန်မာ-တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ-အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တဦးချင်း စံနမူပြုသုံးစွဲခြင်းဖြင့် မတူကွဲပြားခြားနားမှုတွေရှိနေလို့ အတွေးအခေါ်၊ ဓလေ့ထုံးစံ၊ အနေအထိုင် တွဲကွဲပြားနေတဲ့၊ တနည်းအားဖြင့် သဘာဝအပိုင်းအခြားတွေရှိနေလို့ စိတ်နှလုံးချင်း နီးစပ်၊ ထိ စပ်ဖို့ ခက်ခဲနေသယောင်ရှိနေတဲ့ လူသားအချင်းချင်း တဦးအပေါ်တဦး စာနာနားလည်စိတ်ပိုလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာနိုင် မှာဖြစ်ပါတယ်။ လူသားအားလုံးမှာ ဘုံအဖြစ်တည်ရှိနေတဲ့ လူသားအချင်းချင်း ချစ်ခင်လေးစား စာနာထောက်ထားမှု၊ ချစ်ခြင်းမေတ္တာ တွေနဲ့သာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကိုတည်ထောင်နိုင်ပြီး နိုင်ငံလည်း ကာယ၊ စိတ္တသုခချမ်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။
အခုဆောင်းပါးမှာတင်ပြခဲ့တဲ့ အစိုးရရဲ့ လုပ်ကြံအာရုံလွှဲမှု၊ ဒီသွေးထိုးလှုံဆော်မှုကို လူအများစုကပါ ဘာသာ၊ လူမျိုးအပေါ်အခြေခံတဲ့ စိတ တွေ အနည်းအများ ရှိတာအပေါ်မူတည်ပြီး မလိုလားအပ်တဲ့ တုန့်ပြန့်မှုတွေရဲ့ အကျိုးဆက်၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရှိရမယ့် လူ ယဉ်ကျေးတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေကို စာဖတ်သူတွေအားလုံး နားလည်သဘောပေါက် လက်ခံနိုင်မယ်လို့မျှော်လင့်တယ်။
လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခသဘောဆောင်နေတဲ့ တင်းမာမှုတွေ၊ အမုန်းတွေ၊ သံသယတွေရဲ့ နောက် ခံသမိုင်း အရင်းအမြစ်အကြောင်းတွေဖြစ်တဲ့ စစ်အစိုးရ ပိတ်ဆို့ဝါဒဖြန့်မှိုင်းတိုက်ခဲ့တဲ့ အစွန်းရောက် မျိုးချစ်စိတ်တွေ၊ ပြင်းထန်တဲ့ အမျိုးသား ရေးဝါဒတွေ၊ လူမျိုးကြီး ဝါဒတွေ၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်တွေအကြောင်းနဲ့ လူနည်းစုနဲ့ လူများစုမှာ လူနည်းစု ဘာသာ၊ လူမျိုးခြားက စီးပွားရေးအသာစီးရနေမှု၊ ဓနအင်အားကွာခြားချက် လျှော့ချနိုင်ဖို့ကို ကျင့်ဝတ်ညီညီ၊ သိက္ခာရှိရှိ၊ ဘာသာ၊ လူမျိုးခွဲခြားတဲ့ ပုံစံမျိုး မဟုတ်ဘဲ တရားဥပဒေ၊ စီးပွားရေးစနစ်၊ လူမှုအဖွဲ့အစည်းတို့ရဲ့ အထောက်အပံ့နဲ့ ကြံဆောင်နိုင်တဲ့ အကြောင်းတွေကို နောင်ဆောင်း ပါးတွေမှာ အလျင်းသင့်သလို ဆက်လက်ဆွေးနွေးပါမယ်။
ဟုတ်ပါတယ်….ဒါပေမယ့် တော်တော်များများက ဒေါသပါလာရင် သတိလွတ်ပြီး ဆဲချင်ရာဆဲနေကြတာ တွေ့ ဘူးပါတယ်..တစ်ခါတစ်ခါ ဆဲနေကြတဲ့ ကွန်မန့် တွေဖတ်ရတိုင်း …
ဒို့ မြန်မာတွေ တယ်လဲဆဲနည်းပေါင်းစုံတတ်ပါလားလို့ သိရပါတယ်..
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
Sent at 3:27 PM on Friday
ငြိမ်းချမ်းကြပါစေ.သမိုင်းအဆက်ဆက် အာဏာရှင်တွေ ကဖျက်ဆီးခဲ့တဲ့ အသိပညာချို့ ယွင်းမှုဟာ ကမ္ဘာဆုံးတိုင် ခံရမဲ့  သဘောပါဘဲ.နေမ၀င် အင်ပါယာရှင် များရဲ့ 
မပြီးပြတ်တဲ့ ယိုင်းပင်းမှုဟာ မြန်မာအတွက်တော့ ငရဲပါဘဲ
It is totally depend on Education,knowledge,and encyclopedia,. Mostly,we have closed our eyes from 1962 till now,so, the more percentage of our people are lack of knowledge.So,it is easy for those persons who wants to create problems,among race and religion.especially in the Western part of Burma.Easy to dye the colours of both religions,in that region.i am totally appreciate ,and fully support your article.