>Phoe Htet – Essay

>

အဟောင်းချည်းတော့ မလုပ်နဲ့
ဖိုးထက်
ဒီဇင်ဘာ ၁၆၊ ၂၀၁၁


ပြီးခဲ့တဲ့ တနင်္လာက ကျနော့်အလုပ်ပိတ်ရက်ဖြစ်သည်။ စကာင်္ပူမှာ တစ်ပါတ်ကို နှစ်ရက်ပိတ်ရက်ရသောအလုပ်သည် သင့်တင့်လျောက် ပတ်သောအလုပ်လို့ သတ်မှတ်ရမည်ထင်သည်။ စနေညနေကတည်းက သူငယ်ချင်းများအိမ်သို့သွားပြီး ပျော်ပါး၊ စနောက်ကာနေခဲ့သော ကျနော်သည် တနင်္လာညနေခင်းမှာတော့ အိမ်မှာ စာအေးအေးဆေးဆေးဖတ်ရင်း၊ အ၀တ်တွေလျှော်တာ စောင့်ရင်း၊ အခန်းသန့်ရှင်းရေး လုပ်ရင်း နားနားနေနေနေမည်ဟုတွေးကာ ပြန်လာခဲ့သည်။ အခန်းရောက်ပြီး ကွန်ပြူတာဖွင့်ကာ သတင်းတစ်ပုဒ်မှဖတ်လို့မပြီးခင် တယ်လီ ဖုန်း SMS တစ်ခုဝင်လာသည်။

အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုမှာ အတူတူအလုပ်လုပ်ခဲ့ပြီး မိဘတစ်ယောက်လို ကျနော့်အပေါ်သံယောဇဉ်ကြီးရှာသော စင်္ကာပူလူမျိုး (ကျနော် ခေါ်နေကြစကားအရ) ဘိုးတော်ဆီက ဖြစ်သည်။ အဲဒီနိုင်ငံလေးမှာ အလုပ်အတူလုပ်ခဲ့ကြာတုံးအချိန် သူ့ရာထူးက GM ရာထူး။ ကျနော်တို့က Company ရဲ့ အောက်ဆုံးကလူတွေ။ စင်္ကာပူလူမျိုးထဲမှာမှ ရှားရှားပါးပါး စိတ်သဘောပြည့်သော ပညာတတ်ကြီး ပီပီ ကျောသား ရင်သား မခွဲခြားဘဲ အုပ်ချုပ်ခဲ့သော သူ့ကို ကျနော်တို့ကလဲ ချစ်ကြောက်ရိုသေခဲ့ရသည်။ သူအလုပ်ကထွက်ပြီး စင်္ကာပူမှာ အလုပ်ပြန်လာလုပ်သည်အထိ ကျနော်တို့နှင့် သူက အဆက်အသွယ်ပြတ်သည်မရှိခဲ့။ စင်္ကာပူကို ကျနော်တို့ရောက်လာတော့လည်း မကြာ ခဏ ခေါ်တွေ့ကာ ရှေးဖြစ်ဟောင်းတွေပြောကြရင်း တွေ့တိုင်း ဘီယာတိုက်သည်။

အခုလဲ သူ့ဆီက Massage ကို ဖွင့်ကြည့်တော့ ထုံးစံအတိုင်း ဘီယာသောက်ဖို့ ချိန်းခြင်းဖြစ်သည်။ သူ့ဆီက အသံတိတ်နေခဲ့တာ တစ်လ ကျော်ကျော်ရှိသွားပြီ။ ကျနော်လဲ ကျနော့်အလုပ်နဲ့ အခန်း၊ အခန်းနဲ့ အလုပ်။ သူကလဲ အလုပ်အသစ်မှာ ရာထူးကြီးကြီး ရထားသူပီပီ တာ ၀န်ကြီးပုံရသည်။ မတွေ့ဖြစ်၊ မဆုံဖြစ်ကာ အခုမှာ ဆက်သွယ်လာသော သူ့ကို ကျနော်မငြင်းတော့။ သူတိုက်တာတွေ သောက်၊ သူကျွေး တာတွေစား များလှပြီဖြစ်သဖြင့် ငါဘီယာတိုက်ပါရစေဆိုပြီး SMS ပြန်တော့ မင်းလစာထက် ငါလစာက ၁၀ ဆများတယ်။ မင်း အရမ်း တိုက်ချင်ရင် အမြည်းတစ်ပွဲဘဲ ကျွေးဆိုပြီး SMS ပြန်ပို့လာသည်။ ထိုသို့ ကျနော်တို့နှင့် သူ့ကြားမှာ လူကြီးနှင့်လူငယ်ဆိုသည်ထက် ပွင့်ပွင့် လင်းလင်းပြော၊ အပြန်အလှန်အတို့အထိ အစအနောက်မျာဖြင့် သူငယ်ချင်းတွေလိုဖြစ်နေသည်မို့ ကျနော်အားမနာတော့ဘဲ သူနှင့် ဘီယာ သောက်လိုက်သွားခဲ့သည်။

ဆိုင်ရောက်တော့ ကျနော်က ထုံးစံအတိုင်း များများသောက်သည်။ သူကတော့ သူ့ဝသီဖြစ်သည့် ရှေးဖြစ်ဟောင်း အလုပ်အတူတူလုပ်ခဲ့စဉ်က အကြောင်းတွေ ပြန်ပြောရင်း ကျနော့်ကိုနှိပ်ကွပ်။ ကျနော်ကလဲ သူ၏ပိုက်ဆံတွေ အများကြီးဝင်နေပေမယ့် အခုအချိန်ထိ လူပျိုသိုးကြီး ဖြစ်နေသောဘ၀ကို ပြန်လည်ထိုးဆွ။ မိဘလုပ်ကျွေးနေတာကွလို့ပြောသော သူ့ကို ဘယ်တော့အမှန်အတိုင်းဝန်ခံမလဲမေးပြီး နှိပ်ကွပ်။ ကျနော်တို့ ဘီယာဝိုင်းလေးမှာ စိုပြည်စွာ၊ ရိုသေလေးစားစွာနှင့် ရီသံတွေ ဝေစည်နေသည်။

သူ့အလုပ်အကြောင်းကို စကားစပ်မိကြရင်း သူလုပ်နေသောအလုပ်ကို ကျနော်သိခွင့်ရသည်။ သူက စင်္ကာပူ NUS housing management ရာထူး အတော်ကြီးကြီးဘဲဖြစ်သည်။ စင်္ကာပူအစိုးရသည် တစ်နိုင်ငံလုံး GDP ၏ ၂၀ % ကို ပညာရေးအတွက်သုံးသလို နိုင်ငံတစ်ကာမှ သူတို့ကျောင်းကြီးတွေဆီသို့ ကျောင်းလာတက်သော၊ ပညာလာသင်သော ကျောင်းသားများထံမှလည်း အဆာင်ငှားစားသည့်သဘော စီးပွားရေးလုပ်သည်။ ကျနော်တို့ မြန်မာနိုင်ငံ GDP ၏ ၄% ကိုသာ ပညာရေးအတွက်သုံးသော မြန်မာလူမျိုးများနှင့် ၂၀% သုံးသော စလုံး လူမျိုးများပညာရေးမှာ ကွာချင်းတိုင်းကွာနေတာကိုတွေးမိရင်း ကျနော်သောက်နေသော ဘီယာသည် ရင်ပူလွန်းလှသည်။

စင်္ကာပူရောက်ခါစ သူ့အလုပ်ကိုခေါ်ပြသဖြင့် NUS သို့ရောက်သွားသော ကျနော်တို့သည် တောသားမြို့ရောက် အလိုလိုသိမ်ငယ်မိသည်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကိုကြည့်ကာအားကျခဲ့သော လီကွမ်ယုကြီးသည် အဘက်ဘက်က ပြည့်စုံလွန်းသော NUS ကြီးကို ကြည့်ကာ ရင်မောနေသော ကျနော့်ကိုမြင်ရင် ငါ့မြေး နောင်ဘ၀မှာ နိုင်ငံရွေးမမှားစေနဲ့လို့ ပြောလေမလားမသိ။ ကျနော်သောက်နေသော ဘီယာ တွေက ပိုခါးလာသလို ခံစားရသည်။

ဘီယာတွေအတော်ဝင်တော့ ယောင်္ကျားတွေထုံးစံအတိုင်း စကားက တောင်ရောက်၊ မြောက်ရောက်ဖြစ်လာသည်။ မိန်းမတွေ အကြောင်းလဲ ပါသည်။ နိုင်ငံရေးအကြောင်းလဲ ပါသည်။ ဘာသာတရားအကြောင်းလဲ နည်းနည်းပါသည်။ ကျနော်တို့နိုင်ငံ အပြောင်းအလဲကို စိတ်ဝင်တစား လိုက်ပြီး သတင်းတွေ အတော်ဖတ်ထားပုံရသည်။ ကလင်တန်လာတာလဲ သူသိသည်။ အချင်းချင်းကိုက်နေ၊ သတ်နေကြတာလဲ သူသိ သည်။ ကျနော့်ထင်မြင်ယူဆချက်ကိုလဲ မေးသည်။ တကယ့် တော်စဉ်ရေမရ စကားတွေပြောရင်း၊ စားရင်း၊ သောက်ရင်း ကျနော်က သူ့အလုပ်အကြောင်းကိုဘဲ ပြန်မေးသည်။

သူ့အလုပ်က NUS ကျောင်းသူ၊ ကျောင်းသားများနေဖို့ အဆောင်တွေ အခန်းတွေကို ကြီးကြပ်ကွပ်ကဲရသော အလုပ်ဖြစ်သည်။ အခန်းပေါင်း ထောင်၊ သောင်းချီနေတာကို Maintenance လုပ်ဖို့ သူတို့ တင်ဒါခေါ်ဖို့ လုပ်နေကြောင်းပြောရင်း စင်္ကာပူဒေါ်လာ မီလျှံချီသော တင်ဒါ ဖြစ်လာမည်ဖြစ်ကြောင်း ပိုက်ဆံအိတ်ထဲ ၂၀၀ SGD ပါလာသော ကျနော့်ကို ပြောပြရှာသည်။

ကျနော်က Company ထောင်ပြီး တင်ဒါဝင်ပြိုင်ရင် ရမလား။ ဘီယာအ၀ အမြဲတိုက်မယ်ဆိုတော့ ဒါမြန်မာနိုင်ငံမဟုတ်ဘူးဟု အနာကို တုတ်နှင့်ဆွသောအဖြေဖြင့် ပြန်လည်နှိပ်ကွပ်တာ ခံလိုက်ရသည်။ ကျနော်က သိထားသလောက် ဗဟုသုတ နည်းနည်းလေးနှင့် တင်ဒါ အောင်နိုင်သော စလုံး Company နာမည်တွေကို ရွတ်ပြမိသည်။ ကျနော်ရွတ်ပြသော နာမည်တွေထဲမှာ Keppel FMO ပါသည်။ ဘယ်သူ ရ မရတော့ မသိဘူး။ စကာင်္ပူအစိုးရကျောထောက်နောက်ခံ Keppel Corporation ကြီး၏ လုပ်ငန်းခွဲ Keppel FMO က သူများတွေထက် ခေါင်းတစ်လုံး ပိုမြင့်တာပေါ့ဟု ကျနော့်ထင်မြင်ယူဆချက်ကို ပေးမိသည်။

သူ၏ရိုးရိုးသားသား ပြန်ရှင်းပြတာကိုကြားမိတော့ ဘီယာတွေက လည်ပင်းထဲ အတောင့်လိုက်ဝင်သွားသည်။ Keppel FMO အောင်ဖို့ သူ မထင်ကြောင်းပြောသည်။ ဘာလို့လဲလို့ ကျနော်မေးတော့ Keppel FMO စွမ်းဆောင်ရည်ကျလာလို့ အခုလောလောဆယ်တောင် အလုပ် အကြီးကြီးတစ်ခု ဆုံးရှုံးသွားကြောင်း ရှင်းပြသည်။

စင်္ကာပူမှာ Singapore Defense Academy စစ်ကျောင်းကြီး Maintenance လုပ်ဖို့ Keppel FMO က ပထမဆုံး တင်ဒါအောင်ခါ အလုပ် လုပ်နေတာ စာချုပ်သက်တမ်းပြည့်သည်အထိ။ စာချုပ်သက်တမ်းပြည့်ချိန် အမှန်ဆိုလျှင် Keppel FMO ကိုဘဲ ဆက်လက်လုပ်ပိုင်ခွင့်ပေး သင့်သည်။ Keppel FMO ဆိုတာက စင်္ကာပူအစိုးရပိုင် Keppel Corporaton ဖခင်ကြီး၏ သားသမီးတွေဖြစ်သည့် လုပ်ငန်းခွဲအများကြီး တွေထဲကမှ သားတစ်ယောက် (၀ါ) သမီးတစ်ယောက် အဆင့်အတန်းရှိသူ။ သို့သော် စာချုပ်ပြည့်တော့ Singapore Defense Academy ဘုတ်အဖွဲ့သည် တင်ဒါအသစ်ခေါ်သည်။ ပြီးခဲ့သည့် စာချုပ်သက်တမ်းအတွင်း စွမ်းဆောင်ရည်ကျခဲ့သော Keppel FMO ကို ဒေါ်လာ ဆယ် ဂဏန်း သန်းချီတန်လုပ်ငန်းကြီးကိုမပေးတော့ဘဲ ကျန်တင်ဒါပြိုင်ဝင်ပြိုင်သော Company တွေထဲကမှ အကောင်းဆုံးကို၊ အသင့်တော်ဆုံးကို မဲခွဲကာ ရွေးချယ်လိုက်ကြသည်။

ပွင့်လင်းမြင်သာမှု၊ ဒီမိုကရေစီ အခွင့်အရေးသာတူညီမျှဖြစ်မှု စသည့်စနစ်ကောင်းများနှင့် ရှေ့တန်းရောက်နေသော နိုင်ငံတစ်ခု၏ နိုင်ငံသား ဖြစ်နေရတာ ကံကောင်းလေစွတကားဟုတွေးကာ ပူစပ်ခါးလှသောဘီယာကိုစုပ်ရင်း ကျနော့်ရှေ့တွင်ထိုင်နေသော ဘိုးတော်ကို မိုက်ကြည့် ကြည့်နေမိသည်။

ကျနော့်ကို ဘီယာထပ်တိုက်တော့ ကျနော်မငြင်းတော့။ မူးမှအေးမယ့်ဘ၀ပါကွာဟု လူမိုက်တွေးတွေးကာ သူမေးသောမေးခွန်းများက ကြားတစ်ချက်၊ မကြားတစ်ချက်။ ငါ မြန်မာနိုင်ငံစီးပွားရေးလာလုပ်ရင် ဘာလုပ်သင့်သလဲမေးတာလဲပါတယ်ထင်ရဲ့။ အရင်းအနှီး ဘယ် လောက်လောက်နဲ့ ဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲမေးတာလဲ ပါတယ်ထင်ပါရဲ့။ ကျနော် ကောင်းကောင်းပြန်ဖြေမိသလား ၊ မဖြေမိသလား၊ ဒေါသတွေထွက်လို့ သူသဘောတွေကျနေသလား ကောင်းကောင်းမမှတ်မိတော့။

ဘီယာဆိုင်မှထပြီး သူ့ကားနှင့် ကျနော့်အခန်း အနီးဆုံးဘတ်စ်ကားမှတ်တိုင်မှာ ကျနော်ဆင်းတော့ ဘိုးတော်ကို ကျနော် ကောင်းကောင်း နှုတ်ဆက်သည်။ ဘီယာတိုက်လို့ ကျေးဇူးတင်တယ်။ မိန်းမမယူရသေးဘဲ ထပ်ပြီးဘီယာတိုက်ဖို့ နောက်ထပ်မခေါ်ဖို့ စလွှတ်လိုက်တာ ကိုတော့ ကျနော်မှတ်မိသည်။

အခန်းပေါ်ရောက်တော့ ညနေကတည်းက မပိတ်ဘဲပြစ်ထားခဲ့သော ကျနော့်ကွန်ပြူတာက ပွင့်လက်စ။ သတင်းတစ်ခုကို ဖတ်လက်စအတိုင်း ခြေရာ၊ လက်ရာမပျက်။ ကျနော် စိတ်ဝင်တစားဖတ်နေခဲ့သော သတင်းတစ်ပုဒ်။ ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင် ဂုံးကျော် တံတားကြီးတွေ လေးလအတွင်းဆောက်မယ်ဆိုတဲ့သတင်းဖြစ်သည်။ သတင်းကိုပြန်ဖတ်ရင်း ကျနော့်ရင်ဘတ်ထဲက ပျို့တက်လာပြီး အံချမိမှာစိုးသဖြင့် မူးမူးနှင့် အားစိုက်ကြည့်နေရသော ကွန်ပြူတ ကို ပိတ်လိုက်သည်။ နောက်တော့ ကျနော် အိပ်ပျော်သွားသည်ထင်သည်။ အိပ်မက်ထဲမှာ ပါးစပ်ကြီးတွေ အကြီးကြီးတွေက ကျနော့်ကို မျိုချလိုက်ဖို့ ကြိုးစားတာကို ကျနော် ရုန်းကန်နေရသည်။ သို့သော် မရ။ ကျနော် ပါးစပ်ချောက်ကြီးတွေထဲ ကျသွားသည်။ ပါးစပ်ကြီးတွေထဲမှ ကျနော်ကြိုက်သော အဆိုတော်လေးဖြူသီချင်းသံကိုလဲ ၀ိုးတ၀ါးကြားနေ ရ သည်ထင်သည်။

“သီချင်းအသစ်တွေရေးပါ …ကြာလာရင် ရိုးသွားလိမ့်မယ် .. အဟောင်းချည်းတော့ မလုပ်နဲ့ .. အားလုံးကပျင်းတယ်…”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts