>Aung Thin – Articles

>

ကံ့ကူလက်လှည့် (၂)
အောင်သင်း
ဒီဇင်ဘာ ၁၆၊ ၂၀၁၁


သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် ‘၀’ လုံးတခုကို ၀ိုင်းစက်နေအောင်ရေးလိုက်ပါသည်။ ထို ‘၀’ လုံးပေါ်တွင် အညှာလေးတချက် တပ် လိုက်ပါသည်။

“ကဲ.. ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူအရင်စားမလဲ”
ကျွန်တော်အရင်စားမယ်၊ ကျွန်မစားမယ် ဟူသောအသံများ ညံသွားပါသည်။

“ဟုတ်ပြီ.. မင်းကအငယ်ဆုံးမို့ မင်းကို အလျင်ကြွေးမယ်။ ရော့ .. စားစမ်း” ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင် ဆောင်၍ ခပ်ငယ်ငယ်ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ဆောင်၍ ပါးစပ်ထဲထည့် လိုက်ဟန်ဆောင်ပြီး ‘မြွမ် မြွမ်’နှင့် စားချင်ယောင်ဆောင်ပါသည်။ တတန်းလုံး တ၀ါးဝါး ရယ်ကြပါသည်။

“ကျွန်တော်လည်း စားဦးမယ်” “ကျွန်မကိုလည်း ပေးပါဦး” စသော အလုအယက်တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဉာဏ်စိန်က ဆီး သီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။

“ချိုရဲ့လားဟေ့”
“ချိုတယ် ဆရာ”

“ကဲ.. ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ။ မင်းလည်းတစ်လုံး စားလိုက်ဦး”

ကိုဉာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးယောင် ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင် တောင်ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။

“သူက မစားချင်သေးဘူးတဲ့။ မင်းက ယူစားလိုက်စမ်းကွာ” ဟု ဘေးကကလေးတစ်ယောက်ကို ပြောလိုက်တော့ ဟိုကလေးကလဲ အလွယ် တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။

သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက် စက်မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။

“ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့စားကြည့်စမ်း၊ မချဉ်ဘူးလား”
ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင် ရှုံ့မဲ့ပြီးမှ … “ချဉ်တယ်ဆရာ” ဆိုတော့ အားလုံးကသဘောကျပြီး ရယ်ကြပါသည်။

ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာဟု ပြောကြပါသည်။ ၀ိုင်းဝိုင်း စက်စက်ဆီးသီးကိုရေးပေးလိုက်လျှင် ချိုတယ်ဟု ပြောကြပါသည်။ ကလေးတွေ ဆီးသီးစားတမ်းကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။ ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့..

“ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ”
“သူ့အဘွားကို မမြင်လိုက်ရတော့လို့ပေါ့ဗျာ။ အိမ်ကလူကြီး တစ်ယောက်ယောက်ပါလာရင် ဒီလိုပဲ ငိုနေတက်ကြတယ်ဗျ။ လူကြီးတွေမပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ။ ခဏရှိတော့ သူတို့ကလေးချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွား တာပဲ။ ခက်နေတာက လူကြီးတွေဗျ။ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ။ ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွားဆိုသလိုပေါ့ဗျာ။ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်လည်း မယ်မယ်ရရ မရှိတော့ဘူး မဟုတ်လား”

“ဆရာကို ဘာမှလာပြီးမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ”
“အမယ်. . အဲဒါမျိုးလဲ တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်းဆရာနဲ့နီးနီး ထားချင်ကြတာတွေပေါ့။ ကလေးတွေ မှာ အရပ်အမောင်းက တူတာမဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကိုကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးတွေကို ရှေ့ထားပေးပါ ဘာညာနဲ့လာပြီး ပြော တတ်ကြတယ်။ “ခင်ဗျားတို့ကလေးကိုလဲ သင်ပေးမှာပါ။ မတတ်မှာမစိုးရိမ်ပါနဲ့” လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေက အကဲ အပါဆုံးပေါ့ဗျာ။ ဟိုဘက်အတန်းတွေရောက်တော့လဲ ဘာမှဂရုစိုက်မနေကြတော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ် တန်းဟာ မိဘနဲ့ ပြဿနာအကြုံရဆုံးပေါ့ဗျာ။”

“သူတို့သားသမီးကို ရိုက်တာပြုတာနဲ့ပတ်သက်လို့လည်း ပြဿနာကြုံကြရမယ်ထင်တယ်”
“တစ်ခါတစ်လေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ဆရာ ဆရာမအပေါ်မှာလည်း မူတည် တက်ပါတယ်။ တနေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွားပါပကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ် တောင် ရယ်နေရသေးတယ်။ ‘သူငယ်ချင်းရေ’ တဲ့။ ‘ကဲ.. ငါ့သားကို မင်းဆီအပ်ခဲ့ပြီ။ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ။ မတော် တဆ သေသွားရင်တော့ အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ …တဲ့လေ”

ကျွန်တော်က ရယ်လိုက်မိပါသည်။ မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင် စားနေမိပါသည်။ နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့်တက်သွားသည်ကို တွေ့ရပြန်ပါသည်။

“ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ။ ငါက ၀ယ်မယ်။ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး”
ဝလုံးကို ၀ိုင်းဝိုင်းရေးတက်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါပြီ။

“နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ဆီးသီးကို မ၀ယ်ဘူး။ အဲဒီဆီးသီးမျိုးတွေက အပုတ်တွေ”
သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ “ဒီလိုရေးရမယ်”ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။

“ဘယ်လို၊ ဘယ်လိုရေးမလဲ”
“ဒီလို ဒီလိုရေးမယ်”

ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ်ဝှေ့ရမ်းပြီး အော်ကြပါသည်။

“ဘယ်လိုရေးရင် ဆီးသီးအပုတ်လဲ”
“ဒီလို ဒီလိုရေးရင် ဆီးသီးအပုတ်”

လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။ လက်ယာရစ်ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ရမ်းလေ့ကျင့်စေပြီးနောက် ဆီးသီးတွေ ရေးကြရန် ခိုင်း လိုက်ပါသည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။

ဝလုံးကို လက်ယာရစ်ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ဆရာ ကိုဉာဏ်စိန် လိုက်ပြီးစစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများသိနိုင်ပါ့မလဲဟု ကျွန်တော့်စိတ်တွင် တွေးနေမိပါသည်။

“ဟောဒီမှာဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်။ သူ့ဆီးသီးက အပုတ်ကြီးဆရာ”

ကလေးတစ်ယောက်က လက်ကိုလက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသောကလေးက ချက်ချင်းဖျက်ပစ်ပြီး “ဒီလို ဒီလို ရေးတယ် ဆရာ”ဟု လက်ယာရစ်ဝှေ့ရမ်းပြီး ပြလိုက်ပါသည်။

အင်း.. ဒီလိုဆိုတော့လည်း သူ့ဟာနဲ့သူ ပြဿနာရှင်းသွားသားပဲဟု အောက်မေ့လိုက်ပါသည်။

ဆီးသီးငါးလုံးစီရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဉာဏ်စိန်က ဆီးသီးတွေကိုကြည့်ပြီး ဟိုအလုံးက ပိန်တယ်။ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဲလောက်ချဉ်ရင် မ၀ယ်ဘူး။ ဒီတစ်ခါတော့ ၀ယ်လိုက်မယ် စသည်ဖြင့်ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။

အငိုသန်သောချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဉာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး “အံမယ်.. ဒီ ကောင်က လူကငိုပေမယ့် ဆီးသီးကတော့အချိုသားကွ၊ ဘယ်ဆိုးလို့လဲကွ” ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။ ဟိုချာတိတ် ၀မ်း မြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။

ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏလာပြီးပြနေပြီဖြစ်သော ကြောင့်…
“အံမာ ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ။ ချိုလည်း ချိုတယ်ဟေ့”

ချာတိတ် ကျောင်းပျော်သွားပါလေပြီ။ ကျွန်တော်လည်း ကိုဉာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်းပျော်နေမိပါသည်။ သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်းစသည်တို့ကို ကိုယ်စီကိုယ်ငှသိမ်းကြယူကြပါ သည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်းဘေး နံရံသစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တွေ ယူကြပြီးနောက် အားလုံး မတ်တပ် ရပ်နေကြရပါသည်။

“စာအုပ် ပါပြီလား” ကိုဉာဏ်စိန်က အော်မေးလိုက်ပါသည်။
“ပါ ပါပြီ” ကလေးတွေကအော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။

သူတို့ အတိုင်အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုးမဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။

“ပေတံ… ပါ.. ပြီလား”
“ပါ… ပါ.. ပြီ”

ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီအော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများတန်းမှစ၍ တစ်တန်းစီ တန်း စီပြီး ထွက်ရပါသည်။

“ခင်ဗျားအလုပ်က ပြီးပဲ မပြီးနိုင်ဘူး။ တယ်ရှုပ်ကိုးဗျ”
“ဒီလိုပဲ ကိုယ့်လူရေ.. ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေကို သင်ရတာမဟုတ်ဘူး။ ကလေးတွေဆိုတော့ ကျောင်းဆင်းပြီးရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့၊ ဦးထုပ်ပျောက်၊ ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကိုလာတိုင်ကြတော့တာဗျ။ ဆရာ အထိန်းအသိမ်း ညံ့ရာရောက်တာပေါ့ဗျာ”

သူကပြောရင်းဆိုရင်း ခုံတွေအောက် ငုံ့ကြည့်ပြီး ဟိုဟာရှာသလို ဒီဟာရှာသလို လုပ်နေပြန်သောကြောင့်..
“ဘာရှာနေတာလဲဗျ”
“ဘာတွေများ ကျန်ရစ်ခဲ့သေးလဲလို့ ရှာရတာ။ ခုနက ကျုပ်အော်တဲ့စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့ ဘာတို့ ညာတို့ဆိုတာတွေပေါ့ဗျာ။ ကျန်နေခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့ဗျာ။ ကလေးတွေကိုးဗျ၊ အမိုက်ကလေးတွေ ဘာသိတက်ကြတာ မှတ်လို့”

“ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေ စီပြီးရိုက်ထားတာကို တွေ့တယ်”
“အေးဗျာ.. ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာရှိနေရင် ရှုပ်လွန်းလို့”

“အဲလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းကထုတ်ပေးသလား”
“ဘယ်ပေးလိမ့်မလဲဗျာ”

“ခင်ဗျားက အိတ်စိုက်ပေါ့”
“မစိုက်ရပါဘူးဗျာ။ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက်လာခဲ့တာပါပဲ”

ကျွန်တော်တို့နှစ်ယောက်စလုံး ရယ်လိုက်မိကြပါသည်။

“ဆီးသီးကတော့ ၀လုံးအတွက် လုပ်လိုက်တာပေါ့နော်”
“ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်။ ၀လုံးဆိုတော့ ဘာမှလုပ်ဖို့တောင် မလိုတော့ဘူးပေါ့။ ၀လုံးရေးကြရအောင်ဆိုရင် က လေးတွေ ဘယ်မှာပျော်တော့မလဲ။ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ”

သူက ပြောရင်းရယ်လိုက်ပါသည်။

ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်းအရေးခိုင်းနေပါသည်။

“ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ။ ပြီးပဲ မပြီးနိုင်တော့ဘူး”
“မြန်မာအက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ။ ၀လုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ် တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်းရောက်သွားရင် လက်ရေးလှကျင့်ဖို့အချိန်မရတော့ဘူး။ ကျုပ်အတန်းကတက်သွားတဲ့က လေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှမရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးတာ မခံချင်ဘူးဗျ”

ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့လည်း ကံမ ကောင်း အကြောင်းမလှ၍ ကိုဉာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ငယ်ဆရာ ဦးစံရွှေကြောင့် ကျွန်တော့လက်ရေး အတန်အသင့်ကောင်းခဲ့သည်ကို တွေး၍ ကွယ်လွန်သူဆရာကို သတိရကျေးဇူးတင်လိုက်မိပါသည်။

ကိုဉာဏ်စိန်က ဆက်၍…
“အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ။ အဲဒါတွေကျရင်တော့ ပိုပြီးဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကဆွဲတာတွေ၊ သဝေထိုးကို အပေါ်ကဆွဲတာတွေ၊ အို၊ ကို၊ မိုတို့လို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကို အရင်စပြီးရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆးရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန်ဖတ်ရတာ ခက်သွားတယ်ဗျ”

ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့်တာဝန်ကို အလွန်ရိုသေမိလာသည်။ အချို့သောတိုင်းပြည်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်း ရှိစေလျှက် လစာမြင့်မြင့်ပေးထားကြသည် ဟူသောအချက်ကို သဘောပေါက်လာမိပါသည်။

ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီးပြောဖူးသောစကားကိုလည်း သွားပြီးသတိရလိုက်မိပါသေးသည်။
“ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တက်ကြသေးတယ်ဗျ။ ဓါးပြတ် သွားမှာ ကြောက်ရတာတစ်မျိုး၊ ငိုတာကတစ်မျိုး၊ ရုန်းတာကတစ်မျိုး”

အင်း.. ကိုဉာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့လုပ်ငန်းက ခပ်ဆင်ဆင်ပါပဲလားဟု အောက်မေ့မိသည်။

ဤသို့လျှင် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့်တက်လိုက်ပြန်ပါသည်။
သင်ပုန်းပေါ်တွင် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တတန်းလုံးကို မတ်တပ်ရပ်ခိုင်းလိုက်ပါသည်။

“မင်းနာမည် ဘယ်သူလဲ”
“မောင်ကျော်မြင့်ပါ ခင်ဗျ”
လက်ပိုက်ပြီး ဖြေပါသည်။

“မင်းနာမည်ကကော”
“မောင်ထွန်းစိန်ပါ ခင်ဗျ”

“ညည်းနာမည် ဘယ်သူလဲ”
“ကြော့ယဉ်ဝင်းပါရှင့်”

“အံမယ်.. တယ်ကောင်းတဲ့နာမည်ပါလား။ ကဲ..ကဲ.. ညည်းနာမည်ကကော”
“တည်ကြည်ဝင်းပါရှင့်”

“ဟဲ့.. ငါ့တပည့်တွေ နာမည်တွေက ကောင်းလှချည်လား။ ညည်းနာမည်ကကော”
“နီနီအေးပါရှင့်”

ဤသို့လျှင် ကျောင်းသားအတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ ပြီးမှ…
“ကဲ.. ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေရှိကြတယ်။ နာမည်မရှိတဲ့လူများရှိသလားဟေ့”
“မရှိပါဘူးခင်ဗျ”

“အေး.. မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်းနာမည်ရှိတယ်”
သင်ပုန်းပေါ်ရှိ ကကြီး ခခွေး အက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။

“ညည်းနာမည်က ဘယ်သူလဲ”
“ဖြူနှင်းဝေပါ ဆရာ”

“အေး.. သူ့နာမည်က ကကြီးတဲ့ မှတ်ထား။ ကြားလား ဘယ်သူလဲ”
“ကကြီးပါ ဆရာ”

“ညည်းနာမည်က ဘယ်သူလဲ”
“သန္တာပြုံးပါ ဆရာ”

“အေး.. သူ့နာမည်က ခခွေးတဲ့ မှတ်ထား၊ ကြားလား”

ဤသို့အားဖြင့် ကကြီး၊ ခခွေးများကို မိတ်ဆက်သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေဖတ်ရှုကြရပါသည်။ ကြံစည် စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြားပို့ချရမည်ဆိုသည့်ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်း သင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။
++++

တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ် ကျောင်းပိတ် ရက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်ကအတိုင်း ကိုဉာဏ်စိန်၏သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။

ကလေးတွေက စာတွေအတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်းအဓိပ္ပါယ်အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေး ရမည်၊ ဘုရားကန်တော့၊ မိဘကန်တော့ဆိုတာတွေလည်း ပါ, ပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့် ကိစ္စများအပြင် (ကျွန်တော် မှတ်မိသလောက်) “အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုတာလည်း ပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကို ဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီးဆိုကြရပါသည်။ ထိုသံပေါက်ကိုဆိုကြရာတွင် “တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီး ကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။

ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက်နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက်ထွက်လာကြ တော့ …
“နေပါဦး ကိုဉာဏ်စိန်ရ.. ဟို တောင်းကြီးကိုသာကန်ပစ်ပါဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကိုမသိလိုက်ဘူး”

ကိုဥာဏ်စိန်က ရယ်လိုက်ပြီး …
“သက်သက် အမြင်ကတ်လွန်းလို့ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ဆီမှာ တချို့လူတွေက အလှူလုပ်ရင်လုပ်ပေါ့ဗျာ။ ဘာလို့ အလှူငွေ ခံချင်ရ တာလဲ။ သားသမီးကို မရှိမဲ့ ရှိမဲ့ ရှင်ပြုရတာဆိုရင်တော့ အများကသနားသဖြင့် ၀ိုင်းဝန်းကြတာရှိရင်တော့ ရှိမှာပေါ့။ ခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ဘာထူးလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး။ ကျုပ်ကတော့ ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့ဖူးတာတွေနဲ့ မှန်းပြီးစပ်လိုက်တာပဲ။ မှန်လား မမှန်လားမသိဘူး။ ခြေထောက်နဲ့ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတာ အားရပါးရလှုပ်ရှားပြီး ရွတ်ရဆိုရရင် ပိုကြိုက် တယ်ဗျ။ ဒါကြောင့် ကျုပ်က စွတ်ပြီးထည့်လိုက်တာပဲ”

ကိုဥာဏ်စိန်ကပြောပြီး အားရပါးရ ရယ်နေပါသည်။

“နေပါဦးဗျာ၊ ခင်ဗျားက အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ”
“အေးလေဗျာ.. ကျုပ်ကလည်း ကလေးတွေကို နားလည်စေချင်လို့မှမဟုတ်ပဲ။ လောဘကြီးသူတွေကိုအမြင်ကတ်လို့ ရေးတာပဲ”

“ခင်ဗျားပြောတာတွေကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာနဲ့ ကလေးတွေကို နားမလည် ပါးမလည် ဘာကြောင့်သင် ပေးနေတာလဲ။ ဒါကိုပြောတာပါ။ ကလေးတွေကြီးလာရင် ဒါမျိုးမလုပ်ရအောင် ဆိုလိုတာလား”
“ကလေးတွေကြီးလာတာက နောက်ပိုင်းပေါ့ဗျာ။ လောဘကြီးသူတွေကို အမြင်ကတ်တာကတော့ လောလောဆယ်ဆယ်ပဲဗျ။ ဒီလို ကို အောင်သင်းရေ.. ကလေးဆိုတာမျိုးက သူတို့ရနေတဲ့ စာတို့၊ ကဗျာတို့ကို အလကားနေရင်း အော်ဟစ်နေတက်တာ။ ကလေးတွေဆိုတာကို ခဏခဏကြားနေရင် လောဘကြီးသူတွေလည်း ဒါမျိုးလုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ.. အရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ လောဘကြီးသူတွေအတွက်တော့လည်း မတက်နိုင်တော့ဘူးပေါ့ဗျာ”

ကိုဉာဏ်စိန်က ပြောနေရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။

ကလေးတွေကို စာသင်နေရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဉာဏ်စိန်ကို တအံ့တသြ ကြည့်နေမိပါ သည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတစ်ခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဉာဏ်စိန်တို့လို သူငယ်တန်း ဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လောဟု သံသယဖြစ်လာပါသည်။

စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူကပိုပြီးများသလဲ။ တက္ကသိုလ် ကျောင်းသားဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ သူငယ်တန်းဆိုသည်က ဟို.. တောကြိုအုံကြားလေးတွေထိ အောင် ရှိနေကြသည် မဟုတ်ပါလား။

နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင်အဆုံးအမကိုလွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ ရောက်လာရသည် မဟုတ် ပါလား။ နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဉာဏ် စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်လား။

နောက်ပြီး တက္ကသိုလ်ရောက်သောကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်းကျောင်းသားဆိုသည်ကတော့ တပြည်လုံးလောက်ပါပဲ။ တပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံကို အရေးပါပုံကို တစိမ့်စိမ့်ကျေးဇူးတင် ကြည် ညိုနေမိပါသည်။

သြော်.. ကျွန်တော့်မှာ မြေးမလေးတစ်ယောက်ရလာပြန်တော့ ပိုလို့ပဲ ကိုဉာဏ်စိန်တို့လို သူငယ်တန်းပြဆရာ၊ ဆရာမများ၏ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါသည်။

တခုတော့ရှိပါသည်။ “ယာဖျက်တော့ သူခိုး၊ မြေးဖျက်တော့ အဘိုး” ဟူသော စကားပုံအသစ် ပေါ်မလာလေအောင်၊ ဟို.. ဒေါ်အေးသာ ဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန် သတိထားလေဦးမှပဲ။

မှတ်ချက်။ ။ ငါန်းဇွန် အ.ထ.က ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ်ရေးခဲ့ဖူးပါသည်။ ကိုဉာဏ်စိန်လည်း အငြိမ်းစားယူပြီး ‘ကံ့ကူလက်လှည့်’ ဟူသောအမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီးရောင်းနေသည်ဟု သိရပါကြောင်း။

ပြီးပါပြီ။


pannzagar.blogspot.com မှ ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts