>iLaw movement in Thailand

>

iLaw သို့မဟုတ် အင်တာနက်ကနေ ဥပဒေတွေ ပြုပြင်မယ့် လှုပ်ရှားမှု
YPI အင်တာဗျူး
ဒီဇင်ဘာ ၁၃၊ ၂၀၁၁

iLaw ၀က်ဆိုက်တာဝန်ခံ တဦးဖြစ်သူ Yingcheep Atchanont

ထွန်းထွန်းအောင် ဆက်သွယ်မေးမြန်းသည်


ထိုင်းနိုင်ငံရှိ iLaw လို့ အမည်ရတဲ့ အင်တာနက် အွန်လိုင်းပေါ်မှ လူထုတွေအတွက် လိုအပ်နေတဲ့ ဥပဒေတွေ အတည်ပြုဖို့ လူထုတွေအတွက် အခက်အခဲကြုံစေမယ့် ဥပဒေဆိုရင် ပြင်ဆင် ပယ်ဖျက်ဖို့ အစရှိတဲ့ ဥပဒေပြု၊ ဥပဒေပြင်တဲ့ လုပ်ဆောင်ချက်တွေ ၀ိုင်းဝန်း လက်မှတ်ရေးထိုး တင်ပြကြတဲ့ ၀ဘ်ဆိုက် မြန်မာနိုင်ငံက စာဖတ်သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီဝဘ်ဆိုက်ကို တည်ထောင်တာ ၂ နှစ်သာသာပဲ ရှိပါသေးတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ လူထုကိုယ်စားလှယ်တွေကို လူတွေရဲ့ အသံတွေ နားထောင်လာအောင် ခေတ်မှီ အင်တာနက် နည်းပညာကိုသုံးပြီး တိုက်တွန်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အွန်လိုင်း သုံးစွဲသူ တဖြည်းဖြည်း များပြားလာတာနဲ့ အမျှ ဆက်သွယ်ရေး နည်းပညာက လူတွေရဲ့ကိုယ်ရေး ကိုယ်တာ ဆက်သွယ်ရေးသာမကတော့ပဲ နိုင်ငံရေး လှုပ်ရှားမှု၊ လူမှုရေးဘ၀တွေနဲ့ပါ ဆက်နွယ် ပတ်သက်လာနေပါတယ်။

မြန်မာနိုင်ငံသားတိုင်း အင်တာနက် မသုံးနိုင်သေးသည့်တိုင် နီးစပ်ရာ နီးစပ်ရာက အမြင်တွေ၊ အခက်အခဲတွေကို လွှတ်တော်ထဲက အမတ်တွေဆီ တင်ပြပေးနိုင်မယ့် နည်းလမ်းတခု ပေါ်ထွက်လာခဲ့မယ်ဆိုရင် အကျိုးရှိမှာပဲလို့ စဉ်းစားမိတာကြောင့် ထိုင်းနိုင်ငံက iLaw ၀က်ဆိုက်က တာဝန် ယူထားသူ တဦးဖြစ်တဲ့ Yingcheep Atchanont နဲ့ ကိုထွန်းထွန်းအောင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

၁။ ဒီ ပရောဂျက်လေး စလုပ်ဖြစ်ပုံလေးကို ရှင်းပြပေးပါ။ ဘယ်လို စလုပ်ဖြစ်လဲ။ ဘယ်လို အချက်က လုပ်ဖြစ်ဖို့ စေ့ဆော်ပေးခဲ့သလဲ။ လူ ဘယ်နှစ်ယောက်နဲ့ လည်ပတ်နေသလဲ။

ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေအရ၊ ဥပဒေ မူကြမ်း တစ်ရပ်ကို လူတစ်သောင်း လက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြရင် လွှတ်တော်က စဉ်းစားပေးရပါတယ်။ ကျနော်တို့ရဲ့ ပရောဂျက် iLaw က ပြည်သူ့ လှုပ်ရှားမှုနဲ့ အကျိုးအမြတ် မရယူတဲ့ အဖွဲ့အစည်းတွေကနေ ဥပဒေ မူကြမ်းတွေ ထွက်ပေါ်လာအောင် ကူညီပေးတဲ့ အဖွဲ့အစည်းလေးပါ။

ဒီပရောဂျက်လေးကို Jon Ungphakorn က ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူကတော့ လှုမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို Prachatai Online Newspaper ကိုတည်ထောင်သူလဲ ဖြစ်ပါတယ်။ နောက် ဆီးနိတ်တာ အဖြစ်လည်း အရွေးကောက်ခံခဲ့ ရသူတစ်ဦးဖြစ်ပါတယ်။

ဥပမာ အားဖြင့် ပြည်သူတွေ တင်ပြခဲ့တဲ့ ဥပဒေမူကြမ်းများကိစ္စတွေမှာ ပြည်သူ့တွေရဲ့ ပါဝင်နိုင်မှု၊ ပြည်သူ့အသံတွေ ပါဝင်နိုင်ဖို့ Jon ကသတိထားမိခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အဲဒီဥပဒေမူကြမ်းတွေ လွှတ်တော်မှာ အတည်ပြုပေးဖို့အတွက် တွန်းအားပေးဘို့  ပြည်သူတွေအားလုံးက ပါဝင် ထောက်ခံဖို့ လိုအပ်ပါတယ်။

ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေရေးရာ ကိစ္စတွေမှာ ကျွမ်းကျင်သူတွေ မဟုတ်ကျပေမဲ့ ဥပဒေမူကြမ်းတွေကို အတည်ပြုရေးကိစ္စတွေအတွက်တော့ ခွင့်ပြုဖို့ အာဏာ ရှိထားကြပါတယ်။ သူတို့ တွေဟာ သာမန်လူတွေပဲ ဒါပေမယ့် ရွေးကောက်ခံထားရသူတွေပါ။ ဒါကြောင့် လွှတ်တော် အမတ်တွေက ဥပဒေကိစ္စတွေကို စဉ်းစားလုပ်ကိုင်နိုင်သလိုပဲ ကျနော်တို့ ပြည်သူတွေလဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ သူတို့ အသံတွေ အများကြားရအောင် ပိုလုပ်ဖို့တော့ လိုပါမယ်။

ကျနော်တို့ ၀ဘ်ဆိုဒ် www.ilaw.or.th က ပြည်သူ့အသံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်ကို လာရောက်တဲ့သူတွေက ၀ဘ်ပေါ်မှာ ဆွေးနွေးနိုင်တယ်၊ အကြံပြုနိုင်တယ်၊ ထောက်ခံတဲ့ ဖောင်တွေကို Download ချပြီး လက်မှတ်ရေးနိုင်တယ်။ နောက်သူတို့ရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာလဲ စေတနာ့ဝန်ထမ်း အဖြစ်နဲ့ လက်မှတ်တွေ စုဆောင်းပေးနိုင်တယ်။ ဒါအပြင် သူတို့ ကိုယ်ပိုင် သဘောထားတွေကိုလည်း တောင်းဆိုနိုင်ပါတယ်။

ဒီနေ့ အထိတော့ ကျနော်တို့မှာ အချိန်ပြည့် ၀န်ထမ်း (၃) ယောက်နဲ့ လည်ပတ်နေပါတယ်။ တစ်ယောက်က အထွေထွေ မန်နေဂျာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ရှေ့နေတစ်ဦးနဲ့ Data တွေစုဆောင်းပေးတဲ့ သူတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ အချိန်ပိုင်းအဖြစ်ဆောင်ရွက်နေတဲ့သူ တစ်ဦးရှိပါတယ်။ သူကတော့ ကျနော်တို့ ရဲ့  ဒါရိုက်တာ (ညွန်ကြားရေးမှူး) ပါ။

မေး။ ဒီ ပရောဂျက် website လေးကို စလုပ်တော့ ဘယ် အာဏာပိုင် အဖွဲ့မျိုးဆီက ခွင့်ပြုချက် ရယူ ရသေးလဲ။ ဒါမှမဟုတ် ဘယ်ကမှ ခွင့်ပြုချက်မယူပဲ စလုပ်ခဲ့တာလား။

ဖြေ။ မယူခဲ့ပါဘူး။ ကျနော်တို့ ဘယ်သူဆီကမှ ခွင့်ပြုချက်မတောင်းခဲ့ဘူး။

မေး။ ဒါဆိုရင် ဒီပရောဂျက် လည်ပတ်နေပြီးမှ တစုံတယောက်က လာရောက်ဟန့်တားတာ၊ သတိပေးတာ၊ ရပ်ပစ်ဖို့ ပြောတာတွေ ရှိသေးလား။ နောက်ပြီး အားပေးတဲ့ အစိုးရဆိုင်ရာ အဖွဲ့အစည်း၊ ဒါမှ မဟုတ် အသင်းတွေ ရှိလား။

ဘယ်သူမှတော့ ကျနော်တို့ လုပ်ငန်းကို ရပ်ဖို့ မလုပ်ပါဘူး။ တစ်ခါတလေ ကျနော်တို့ လုပ်တဲ့ Campaign ရဲ့ Issue မျိုးပေါ် မူတည်ပြီးတော့ ထောက်ခံတာ မထောက်ခံမျိုးရှိပါတယ်။ ညှင်းပန်းနှိပ်စက်တာတွေ ရပ်တန့်ဖို့ လုပ်တဲ့ Campaign မျိုးဆိုရင် အစိုးရ အပါအ၀င် ကျနော်တို့ ထိုင်းပြည်သူတွေကပါ သဘောတူကြပါတယ်။ တော်ဝင်မိသားစုနဲ့ ဆိုင်တဲ့ ဥပဒေမျိုးဆိုရင်တော့ ပြည်သူအချို့က သဘောမတူပါဘူး။ တခါတလေ သဘောမတူတဲ့ အထဲမှာ အစိုးရပါ ပါဝင်ပါတယ်။ ဒါပေမယ့် တိုက်ရိုက်ကြီးတော့ ရပ်ဖို့ လာပြောတဲ့သူမျိုး မရှိသေးပါဘူး။

ကျနော်တို့ အစိုးရအဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံမှုမျိုးတော့ မရခဲ့ပါဘူး။ ဒါပေမယ့်လည်း NGO တော်တော်များများ ဆီက အားပေးထောက်ခံမှုတွေရတယ်။ အချို့ အဖွဲ့အစည်းတွေဆို ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့လိုမျိုး အလားတူဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက အဆက်အသွယ်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ငွေရေးကြေးရေး အထောက်အပံ့၊ အကြံဥာဏ်တွေ ရပါတယ်။

မေး။ iLaw က ဘယ်လို Issue မျိုးတွေကို အဓိကထားပြီး ဆောင်ရွက်နေတာလဲ။

iLaw က ထိုင်းပြည်သူတွေကို သူတို့ရဲ့အခွင့်အရေးတွေကို တင်ပြနိုင်ဖို့ အတွက် ပညာပေးလုပ်ငန်းတွေ၊ ပံ့ပိုးမှုတွေ လုပ်ပေးနေပါတယ်။ ကျနော်တို့က ပြည်သူတွေ နိုင်ငံရေး၊ လှုမှုရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အင်တာနက်ကနေ တဆင့် ပါဝင်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းအားပေးမှုတွေ လုပ်ပါတယ်။ ပြည်သူတွေက သူတို့ရဲ့ အယူအဆတွေ၊ အတွေးအမြင်တွေ၊ လှုမှု ပြုပြင်ပြောင်းလဲမှုများနဲ့ ဘယ်လို ကိစ္စရပ်မျိုးကိုမဆို ဆွေးနွေးမှုပြုလုပ်နိုင်သလို ကျနော်တို့ ၀ဘ်ဆိုဒ်မှာ ရှိတဲ့ စစ်တမ်းကောက်ယူနိုင်တဲ့ စနစ်၊ မဲပေးနိုင်တဲ့စနစ်၊ သူတို့ ထောက်ခံတဲ့ ဥပဒေဖြစ်ပေါ်လာရေးလက်မှတ်ထိုး ထောက်ခံ တောင်းဆိုနိုင်အောင် ၀န်းကျင်ကောင်းလေး တစ်ခုဖြစ်အောင် လုပ်ထားပေးပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ကျနော်တို့ iLaw က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုခံရများကို မှတ်တမ်းတင်ရန်အတွက် မှတ်တမ်းဋ္ဌာန တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲဒီချိုးဖောက်ခံရမှုတွေမှာ အဓိက သက်ရောက်မှုတွေကတော့ ကွန်ပြူတာနှင့် သက်ဆိုင်သော ရာဇ၀တ်မှုပြစ်မှုဥပဒေ၊ တော်ဝင်မိသားစုဆိုင်ရာ ဥပဒေများ၊ ရုပ်ရှင် ဗီဒီယိုဥပဒေ၊ ဆက်သွယ်ရေးနှင့် အသံလွှင့်မှုဆိုင်ရာ ဥပဒေ စတာတွေဖြစ်ပါတယ်။

အဲဒီဋ္ဌာနကတော့ ယင်းဥပဒေကြောင့် ထိခိုက်ခံခဲ့ရသူများကို ရှေ့နေများနှင့် အထူးကျွမ်းကျင်သူတွေနဲ့ ဆက်သွယ် ပြီး ကူညီပေးပါတယ်။ ဒါ့အပြင် အဲဒီဋ္ဌာနက ပြည်သူများအား နည်းပညာဆိုင်ရာ တရားဥပဒေကိစ္စရပ်များ နားလည်နိုင်ရေး၊ လက်ရှိထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခများကြားထဲအောက် ရှိနေတဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်ခွင့်တို့များ ပါဝင်ပါတယ်။

ခင်ဗျားကြည့်မယ်ဆိုရင် ကျနော်တို့ ပရောဂျက်အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာကြည့်လို့ ရပါတယ်။ http://ilaw.or.th/about

မေး။ အထူးအောင်မြင်ခဲ့တဲ့ Issue မျိုး တစ်ခုလောက် ပြောပြပါလား။

တကယ်တော့ ကျနော်တို့ (iLaw) က အရမ်းကြီးအောင်မြင်မှု ရတယ်လို့ မဆိုနိုင်ပါဘူး။ အချို့ Issue တွေမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အထိ ဖြစ်မလာဘူး။

အချို့ကိစ္စတွေမှာဆို ကျနော်တို့ဟာ ကျနော်တို့ သတ်မှတ်ထားတဲ့ ပန်းတိုင်အထိကို မရောက်ပါဘူး။ ဘယ်လိုနေရာမှာလဲ ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုံခြုံရေး ဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းဘို့  ကမ်ပိန်း(လှုံ့ဆော်မှု) လုပ်တဲ့နေရာတွေမှာတော့ ကျနော်တို့ ရဲ့  ရည်မှန်းချက်ကို မရောက်ပါဘူး။

ဒါပေမယ့် ကျနော်တို့ ကြိုးပမ်းမှု တစ်ခုကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒါကတော့ ဧပြီ ၂၀၁၁ မှာ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ၀န်ကြီးက ကွန်ပြူတာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက် တစ်ရပ်ကို ပါလီမန်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုက ယခုရှိနေတဲ့ ဥပဒေထက် ပိုမိုပြီး အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေ ဖြစ်လာနိုင်ပါတယ်။

အဲဒီ ဥပဒေမူကြမ်း ကိစ္စကို ကျနော်တို့ ကြားကြားချင်း ပါလီမန် အစည်းအဝေး မခေါ်ခင် ၃ ရက်အလိုမှာ ကျနော်တို့ လှုပ်ရှားမှု တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုက တော့ “ကွန်ပြူတာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေ” ကို ရပ်ဆိုင်းပေးရေးပဲ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ကျနော်တို့က ကျနော်တို့ iLaw website, Facebook, Twitter, Emails တွေ ပြည်သူတွေကို လက်မှတ်ထိုးပေးရေးဖို့ အတွက် ကြိုးပမ်းခဲ့ပါတယ်။ အဲဒါအချိန်က ကျနော်တို့ ၀ဘ်ဆိုဒ်မှာ လာကြည့်သူအမြောက်အမြား ရရှိခဲ့ပြီး၊ Facebook မှာလည်း Fan အဖြစ်တွေ အဖြစ် ၂၀၀၀-၃၀၀၀ အထိ ရရှိလာခဲ့ပါတယ်။ Twitter မှာလည်း ရာပေါင်းများစွာသော သူများက လာရောက် ဆက်သွယ်ခဲ့ပါတယ်။ ဒါကြောင့် အခြား တက်ကြွ ဆောင်ရွက်သူများကလည်း ကျနော်တို့ကို သတိထားမိသွားခဲ့ပါတယ်။

မီဒီယာတော်တော်များများမှာ အဲဒီအကြောင်းအရာများကို ရေးသားခဲ့ပါတယ်။ အနုပညာ အသိုင်းအ၀ိုင်းကလဲ လက်မှတ် ၁၉၀၀ ပတ်ဝန်းကျင်လောက် ကောက်ယူနိုင်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးမခေါ်ခင်မှာ ကျနော်တို့ (ထိုစဉ်က) ၀န်ကြီးချုပ် အဘီဆစ် ၀ီဂျချီဝ ဆီလဲ သွားရောက်ခဲ့ပြီး ကျနော်တို့ ရရှိခဲ့တဲ့ လက်မှတ်တွေကို ပေးရင် ယင်းဥပဒေမူကြမ်းကို ရပ်ပေးဖို့ ပြောခဲ့ပါတယ်။ ထိုနောက် ၀န်ကြီးချုပ်က သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ၀န်ကြီး ကိုမေးမြန်းခဲ့ပြီး ယင်းဥပဒေမူကြမ်းကို အဲဒီနေ့ လွှတ်တော် အစည်းအဝေးမှာပဲ ရပ်တန့်ပေးဖို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနက ဆက်ပြီးကြိုးပမ်းနေသေးတဲ့ အတွက် ကျနော်တို့ ကလည်း သူတို့  လှုပ်ရှားမှုကို စောင့်ကြည့်နေပါတယ်။ ဒီ “ကွန်ပြူတာ ရာဇ၀တ်မှု ဆိုင်ရာ ဥပဒေ ရပ်ဆိုင်းရေး” ကိစ္စ က အခုထိ မပြီးမြောက်သေးဘူးပေါ့။

ဒီနေရာမှာ http://ilaw.or.th/node/883 ကျနော်တို့ Activities တွေကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုင်းဘာသာနဲ့ ဖြစ်နေပါတယ်။ Google Translator သုံးပြီး ကြည့်ရင်တော့ နားလည်တဲ့ အဆင့်ကို ရနိုင်ပါတယ်။

မေး။ အဆင်မပြေခဲ့တဲ့ Issue မျိုးရော ရှိလား။ ဘယ်ဟာမျိုးတွေလဲ။

လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေသုံးမျိုးရှိတယ်။ အဲဒါတွေက

(၁) စစ်အုပ်ချုပ်ရေးဥပဒေ

(၂) အရေးပေါ်အခြေအနေမှာ နိုင်ငံတော်အရေးပေါ်ကြေညာခွင့် (၂၀၀၅)

(၃) ပြည်တွင်းလုံခြုံရေး (၂၀၀၇)

အဲဒီ ဥပဒေ (၃) မျိုးက ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပိုင်ခွင့်ကို နိုင်ငံတော်အစိုးရအား ပေးထားတယ်။

မှတ်တမ်းတွေအရတော့ အထက်ပါ ဥပဒေ (၃) မျိုးက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်သောအခါကမှ ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။ အဲဒီဥပဒေတွေကြောင့်ပဲ ထိုင်းနိုင်ငံမှာ ပြဿနာတွေ ပိုပိုပြီး ဖြစ်လာပါတယ်။

အဲဒါတွေထဲမှာ သတင်းတွေကို ပိတ်ဆို့တာ၊ ၀ဘ်ဆိုဒ်တွေကို ပိတ်ဆို့တာနဲ့ ပြည်သူတွေကို လက်နက်နဲ့ အရေးယူပြီး နာကျင်စေတာတွေ ပါဝင်ပါတယ်။ အဲဒီဥပဒေတွေကို ထိုင်းနိုင်ငံတောင်ပိုင်းအပါအ၀င် နယ်စပ်ဒေသတွေမှာ အသုံးပြုနေတာ ၇ နှစ်နီးပါး ရှိပါပီ။ ၂၀၁၀ ခုနှစ်တုန်းက ဗန်ကောက်က နိုင်ငံရေး အကျပ်အတည်းဆိုက်နေတဲ့ အခြေအနေမျိုးမှာတောင် အဲဒီဥပဒေတွေကို အသုံးပြုပြီး ဖြေရှင်းလို့ လူပေါင်း ၉၁ ယောက် သေဆုံးခဲ့ရပါသေးတယ်။

ဒီမိုကရေစီ စနစ်အောက်မှ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ဆိုင်ရာ ဥပဒေကို အဟန့် အတားဖြစ်နေတဲ့ လုံခြုံးရေးဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းပစ်ရေး ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း iLaw ကရေးခဲ့ပြီး ၀ဘ်ဆိုဒ်မှာ တင်ပြီး ဖြန့်ဝေပေးခဲ့ပါတယ်။။ ဒါကြောင့် လူတိုင်းဆီသို့ ရောက်ရှိခဲ့ပါတယ်။ သည့်အပြင်လည်း iLaw က လက်မှတ်စုဆောင်းတဲ့ လှုပ်ရှားမှုလေး တစ်ခုကို ပြုလုပ်ပြီး လက်မှတ် ၁၀၀၀၀ စုဆောင်းဖြစ်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေ ပိုမိုဆောင်ရွက်နိုင်အောင် ကျနော်တို့ အစည်းအဝေးတွေ အများကြီး လိုက်တက်ခဲ့တယ်။ အဲဒီအထဲမှာ ထိုင်းတောင်ပိုင်းက ပတနီနဲ့ ယာလား အထိပါသွားရောက်ခဲ့ပါတယ်။ နောက်ပြီး လူမှုအသိပညာပေးလုပ်ငန်းတွေ အတွက် လှုပ်ရှားမှု အချို့ကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအခါမှာ ဆန့်ကျင်မှု အချို့၊ မနှစ်မြို့သူအချို့နဲ့လဲ ကြုံတွေ့ခဲ့ရသေးတယ်။ ဒါပေမယ့်လည်း ပြဿနာ ကြီးကြီးမားမားတော့ မဖြစ်ပေါ်ခဲ့ပါဘူး။

ကျနော်တို့ တွေ့ရှိချက်ကတော့ ပြည်သူတွေဟာ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်တဲ့ မည်သည့်ဥပဒေမျိုးကို မဆို လက်မှတ်ထိုးဖို့ အရမ်းကြောက်ကြပါတယ်။ လက်မှတ်စုဆောင်းတဲ့ လုပ်ငန်းစဉ်တိုင်းမှာလည်း ကျနော်တို့က မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေ လိုအပ်တာကြောင့် လည်း အဟန့် အတားတွေ ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ၂ နှစ်တာ ကာလအတွင်း ကျနော်တို့ လက်မှတ် ၁၀၀ နီးပါး စုဆောင်းနိုင်ခဲ့ပါတယ်။

မေး။ ရေရှည်အတွက် ဘယ်လောက်အတိုင်းအတာ အထိ ဆက်လုပ်သွားဖို့ ရှိလဲ။

ပြည်သူတွေ ဥပဒေရေးရာတွေ၊ ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းပါဝင်နိုင်ဖို့ကို ကျနော်တို့က အကူအညီတွေပေးဘို့ အတွက် ကျနော်တို့  ၀ဘ်ဆိုဒ်ကနေ တဆင့်ပြုလုပ်သွားပါမယ်။ ကျနော်အခုလုပ်နေတဲ့ Campaign ဟာ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ကျနော်တို့ ရပ်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျနော်တို့က ကျနော်တို့ ၀ဘ်ဆိုဒ်ကို ပြည်သူတွေနဲ့  တိုက်ရိုက်သက်ဆိုင်နေတဲ့ ဥပဒေအချက်အလက်တွေကို စုဆောင်းထားတဲ့ စာကြည့်တိုက်သဖွယ် ဖြစ်အောင် ကြိုးစားထားနေပါတယ်။

ကျနော်တို့  ၀ဘ်ဆိုဒ်မှာ ပြည်သူ့ရေးရာ ဥပဒေတွေအပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့်ဆိုင်ရာ မှတ်တမ်းဌာနကို စတင်ဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်တယ်။ နောက်ပြီး အဲဒါနဲ့ ဆိုင်တဲ့ အမှုတွဲများနဲ့ ဥပေဒတွေကို ကြိုးစားပြီး စုဆောင်းနေပါတယ်။

ကွန်ပြူတာ နည်းပညာဆိုင်ရာ ဥပဒေ၊ ရုပ်ရှင် ဗီဒီယိုနှင့် သက်ဆိုင်သော ဥပဒေရေးရာ ကိစ္စများကိုလည်း စုဆောင်းနေပါတယ်။ နောက်ထပ် ခြေလှမ်းတစ်ရပ်အနေနဲ့တော့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဆိုင်ရာကိစ္စရပ်အတွက် လုထုအား အသိပညာပေးရေး လုပ်ငန်းများလည်းပြုလုပ်နေပါတယ်။ ဒီအပြင့် ရှေ့နေတွေကို နည်းပညာနဲ့ သက်ဆိုင်တဲ့ အမှုများအား ကိုင်တွယ်နိုင်တဲ့ ရှေ့နေတွေ၊ ဥပဒေရေးရာ ကျွမ်းကျင် ပညာရှင်တွေ ဖြစ်လာအောင် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ပေးဖို့ လုပ်ပါဦးမယ်။

မေး။ ဘယ်လိုလူတွေက ပိုစိတ်ဝင်စားကြသလဲ၊ ကျောင်းသား၊ ၀န်ထမ်း၊ ပညာရှင် သာမန်လူ စသဖြင့်ပေါ့။

ဖြေ။ ကျနော်တို့ ပထမဆုံး ပစ်မှတ်ထားတာကတော့ နေ့စဉ် အင်တာနက် သုံးစွဲနိုင်တဲ့ သာမန်ပြည်သူလူထုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ခေတ်မှီ မီဒီယာရဲ့ အားသာချက်တွေကို အသုံးချပြီး ဒီမိုကရေစီ နည်းလမ်းကျကျပါဝင်နိုင်ရေး လုပ်ငန်းစဉ်တွေကို အထောက်အကူ ပေးဖို့ ဖြစ်ပါတယ်။ ခေတ်သစ် မီဒီယာတွေရဲ့ သဘောသဘာဝအရ ခင်ဗျားတို့ဟာ ဘယ်လို Issue မျိုးကို မဆို တန်းတူပါဝင်ပတ်သက်နိုင်ပါတယ်။

အင်တာနက် အွန်လိုင်း လူမှုကွန်ယက်တွေက တအားမြန်တယ်၊ ပူးပေါင်းပါဝင်ဖို့ လွယ်ကူသလို ထိရောက်မှုလည်း တကယ်ရှိပါတယ်။ ကျနော်တို့မှာ အသိုင်းအ၀ိုင်းအစုံနဲ့ ထိတွေ့ပြီးတော့ လုပ်နိုင်စွမ်းတွေ၊ ငွေကြေးတွေ မရှိပါဘူး။ ဒါကြောင့် အင်တာနက်ကို ကောင်းကောင်းအသုံးပြုနိုင်တဲ့ သာမန်ပြည်သူလုထုကိုသာ ပစ်မှတ်ထားနေရတာပါ။

မူရင်း – Yangon Press International



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts