(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇
“သားကသူ့ရဲ့ ကိုယ်လေးလှုပ်ပြီး ကလိုက်တိုင်း ချစ်စရာကောင်းလို့ ခဏ ခဏ လုပ်ခိုင်းမိတယ်၊ ဧည့်သည်တွေ လာလည်ရင် လည်းလုပ်ခိုင်း၊ မိသားစုတွေချည်းရှိတဲ့ အချိန်လည်းလုပ်ခိုင်းနဲ့ပေါ့၊ အားလုံးက သူ ကနေတာလေးကို ကြည့်ပြီး ချစ်တဲ့စိတ်နဲ့ လုပ်ခိုင်းပေမယ့် တရက်မှာတော့ သားက မျက်နှာလေးမဲ့ပြီး ကပြတယ်၊ သူ မလုပ်ချင်တာကို ကျွန်မအတင်းခိုင်းလိုက်မိပြီ ထင်တယ် … ….”
ဒီစကားတွေဟာ ကျွန်မနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက ရင်ဖွင့်လာတဲ့ စကားသံ တချို့ပါ။
တခါတလေမှာ မိဘတွေဟာသူတို့ရဲ့စိတ်သာယာကျေနပ်မှုရစေဖို့အတွက် ကလေးငယ်တွေကို သူတို့ရဲ့ဆန္ဒတွေမပါဘဲ၊ အတင်းအကျပ် စေခိုင်းမိမှန်းမသိဘဲ စေခိုင်းမိသွားတတ်ကြပါတယ်။ မူကြိုအရွယ်၊ ကျောင်းနေအရွယ်ကလေးတွေကတော့ သူတို့မလုပ်ချင်တာမကြိုက်တာကို ပြန်ပြောတတ်ကြပေမယ့်၊ သိတတ်စအရွယ် ကလေးငယ်လေးတွေမှာတော့ ဘာမှပြန် မပြောနိုင်၊ မိခင်၊ ဖခင်တွေကခိုင်းတာမို့ မလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်းလုပ်နေကြရတတ်ပါတယ်။
တကယ်တော့ ကလေးတွေမှာလည်း ကျွန်မတို့ လူကြီးတွေလိုသူတို့ရဲ့ကိုယ်ပိုင်ခံစားချက်၊ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိနေသင့်ပါတယ်။ ဒါကိုတချို့သောလူကြီးမိဘတွေကလေ့လာမှုအားနည်းလို့ မသိကြသော်လည်း၊ တချို့သောလူကြီး မိဘတွေကတော့ သိနေပါလျက်နဲ့ ကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်တတ်ကြပါတယ်။ ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့ အတွေး နဲ့ ကိုယ့်အမှားကို အမှန်လို့ ယူဆချင်စိတ်ကာဖုံးကွယ်ပစ်တတ်ကြပါတယ်။
ဆိုခဲ့တဲ့ အဖြစ်အပျက်ဟာဆိုရင် မိခင်ဖြစ်သူက သူ့ရဲ့သားငယ်အပေါ် ချစ်တဲ့စိတ်နဲ့ စေခိုင်းလိုက်တာပါပဲ။
ဒါပေမယ့် အဲ့ဒီခိုင်းစေမှုဟာ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ အပိုဒ် (၁၆)ပါ “ကလေးများမှာ သူတို့ရဲ့ပုဂ္ဂလိကလွတ်လပ်ခွင့်ရှိရမယ်” ဆိုတာကိုမိခင်ဖြစ်သူကိုယ်တိုင်က ဖောက်ဖျက်ကျူးလွန်လိုက်တာပါပဲ။ ဒါ့အပြင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို မိခင်ဖြစ်သူကိုယ်တိုင်က လျစ်လျူရှုပြီး ကိုယ့်စိတ်တိုင်းကျ ခိုင်းစေတာဖြစ်တာကြောင့် Child Abuse လို့ခေါ်တဲ့ ကလေးသူငယ်များကိုညှဉ်းပန်းနှိပ်စက်မှုကို မိခင်ကိုယ်တိုင် ကျူးလွန်လိုက်ရာလည်းကျပါတယ်။
ကလေးများဟာ သူတို့ရဲ့ကိုယ်ပိုင် အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ဆော့ကစားခွင့်၊ လွတ်လပ်စွာ လှုပ်ရှား ပြုမူနေထိုင် ခွင့်တွေ ရရှိသင့်ပါတယ်။ မသင့်တော်တဲ့အရာ၊ အန္တရာယ်ဖြစ်နိုင်တဲ့အရာကို မိဘတွေအနေနဲ့ တားမြစ်ပိတ်ပင်ရမယ်ဆိုရင် တောင် သူတို့ရဲ့ အသက်အရွယ်နဲ့ သင့်တော်တဲ့၊ နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ အကျိုးအကြောင်းပြပြောဆိုဆုံးမသင့်ပါတယ်။ လိုအပ်တာထက်ပိုနေတဲ့ စိုးရိမ်လွန်ကဲခြင်း၊ ပူပန်ခြင်း၊ တားမြစ်ခြင်းနှင့် ခြိမ်းခြောက်ပြောဆိုခြင်းတွေဟာကလေးတွေကိုစိတ်ပိုင်းဆိုင်ရာမှာထိခိုက်အောင် မိဘတွေက ပြုမူလိုက်တာပါပဲ။
ထင်ရှားတဲ့ ဥပမာအနေနဲ့ပြရမယ်ဆိုရင်တော့ “ကြောင်ကြီးကိုက်လိမ့်မယ်၊ အိပ်တော့၊ သူရဲကြီးထွက်လာမယ်နော်၊ လျှောက် မသွားနဲ့၊ လက်မည်းကြီးလာပြီ၊ ခွေးမည်းကြီးကိုက်မယ်” ဆိုတဲ့ စကားလုံးတွေဟာ ကလေးတွေကို အန္တရာယ်ရှိစေနိုင်တဲ့ အတွက် စိုးရိမ်စိတ်နဲ့ပြောတာဖြစ်သော်ငြားလည်း၊ တဖက်မှာတော့ ကလေးတွေကိုစိတ်ပိုင်းဆိုင်ရာမှာ ကြောက်စိတ်တွေ ၀င်လာအောင် ခြိမ်းခြောက်ခြင်းလည်း မည်ပါတယ်။
ငယ်ငယ်ကတည်း ကြောက်စိတ်ကိုအခြေခံပြီး ကြီးပြင်းလာတဲ့ ကလေးတွေဟာ အကြောင်းအရာတခုကို ရင်ဆိုင်ရတဲ့ အခါတိုင်းမှာ ကြောက်စိတ်ကိုသာ အခြေခံပြီး စဉ်းစားတွေးခေါ်မှုတွေကို ပြုလုပ်တတ်ကြသလို၊ ကြောက်စိတ်ကြောင့် ကိုယ်ပိုင် စဉ်းစားဆင်ခြင် ဆုံးဖြတ်တတ်တဲ့ စိတ်တွေပျောက်ဆုံးပြီး၊ အခြားလူကိုသာ မှီခိုတတ်တဲ့ အကျင့်ပါသွားတတ်ပါတယ်။
ဒါဟာ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုတွေထဲက တခုဖြစ်တဲ့ “ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်ပြား အောင်ပြုလုပ်ခြင်း” ဆိုတဲ့ အချက်နဲ့ ငြိစွန်းတာကြောင့် လူကြီးမိဘတွေအနေနဲ့ သတိထားဆင်ခြင်သင့်လှပါတယ်။
လူကြီးတွေ သိလျက်နဲ့ မှားနေကြတဲ့ အချက်တွေထဲက နောက်တခုကတော့ အွန်လိုင်းလူမှုကွန်ရက် မီဒီယာတွေမှာ ကလေးတွေရဲ့ပုံတွေကိုတင်တာပါပဲ။ ကိုယ်မွေးထားတဲ့ သား၊ သမီးကိုချစ်တဲ့စိတ်နဲ့ ပုံတွေကိုတင်တာမှာ ပြဿနာမရှိဘူး ဆိုပေမယ့်၊ မသမာတဲ့သူတွေက ကိုယ့်ရဲ့သားသမီးပုံတွေကို ယူပြီးအခြားနေရာမှာအလွဲသုံးစားတွေလုပ်နိုင်တာကိုတော့ သတိရှိသင့်လှပါတယ်။
သိပ်မကြာခင်တုန်းက လူမှုမီဒီယာတခုဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ ကလေးဓာတ်ပုံကိုအလွဲသုံးမှုတခုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတခုကိုကာယကံရှင်ဖြစ်သူမိခင်ကရေးထားတာကိုဖတ်လိုက်ရပါတယ်။ မိခင်ဟာ သူမရဲ့ သမီးမိန်းကလေးပုံကိုသူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်လေ့ရှိသူဖြစ်ပါတယ်။ တရက်မှာသူမရဲ့ သမီးလေးပုံကို မသမာသူတယောက် Share သွားတဲ့အပြင် ပုံရဲ့အောက်မှာရိုင်းစိုင်းတဲ့ မှတ်ချက်တွေကိုတောင်ပြုသွားပါသတဲ့။ ဒါကြောင့် နောင်ဆိုရင် သူမသမီးလေး ပုံကိုလည်း တင်တော့မှာ မဟုတ်သလို၊ မိဘတွေကိုလည်းကလေးတွေရဲ့ ပုံတွေကိုမတင်သင့်ကြောင်းရေးထားတာကိုတွေ့ရပါတယ်။
ဒါကိုကြည့်ချင်းအားဖြင့် မိဘတွေကိုယ်တိုင်က ပြုလုပ်လိုက်တဲ့ ကိစ္စအချို့ဟာမထင်မှတ်ဘဲ ကလေးတွေရဲ့ အန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လိုက်နိုင်တယ်ဆိုတာပါပဲ။ သားသမီးတွေကိုအလွန်အကျူးတွေစိတ်ပူပင်၊ ဘာမလုပ်ရ၊ ဘယ်မသွားရစသည်ဖြင့်တားမြစ်ပိတ်ပင်ကာအစိုးရိမ်လွန်နေတတ်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်တိုင်က အန္တရာယ်တွင်းထဲကိုဆွဲခေါ်နေမိတဲ့အဖြစ်မျိုးတွေ မလုပ်မိအောင် မိဘတိုင်းသတိထားသင့်လှပါတယ်။
ကလေးဓာတ်ပုံကိစ္စကိုပြောမယ်ဆိုရင်တော့ နောက်ထပ်ပြောစရာတွေအများကြီးရှိနေပါသေးတယ်။ အဲ့ဒီထဲကမှ မပြောမဖြစ် ပြောရမယ့် အကြောင်းအရာကတော့ ကလေးတွေရဲ့ မိမွေးတိုင်းဖမွေးတိုင်းပုံကို လူမှုမီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်ကို တင်တာပါပဲ။ ဒါဟာလည်း မိဘတွေကကိုယ်မွေးထားတဲ့ သားသမီးတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်ခြင်း တနည်းအားဖြင့် Child Abuse လုပ်ခြင်းပါပဲ။
တချို့မိဘတွေကျပြန်တော့လည်း ကိုယ်တိုင်ကိုယ်ကျ ပညာတွေ ပျံလန်နေအောင် သိထားတတ်ထားပေမယ့်၊ ကလေးတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လေ့လာ အကဲခတ်မှု အားနည်းတတ်ကျပါတယ်။ အလုပ်များ၍ဖြစ်စေ၊စီးပွားရေး၊ လူမှုရေးစတဲ့ အကြောင်းကိစ္စ အမျိုးမျိုးတွေကြောင့် ကလေးတွေရဲ့စိတ်ခံစားမှုကိုအချိန်ပေးကာနားထောင်ပေးဖို့ဝေးစွ ကလေးကိုပင် အော်ဟစ် ဆူပူမာန်မဲတာ မျိုးတွေတောင် လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတွေမှာ မိဘနဲ့နီးကပ်စွာထိတွေ့ဆက်ဆံရမှာကိုတောင် ကြောက်ရွံ့လာတတ်ကြပါတယ်။ ဒီလိုကလေးတွေဟာ မိဘအရင်းအချာ ရှိနေပါလျက် အထီးကျန်ဆန်စွာ ကြီးပြင်းလာရတတ်ပါတယ်။
ထိုအချက်တွေထက် ပိုဆိုးသောအချက်တခုကတော့ ချစ်ပြီးကြောက်အောင် လုပ်ထားခြင်းပင်ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုး ကိုအထူးသဖြင့်မိခင်ဖြစ်သူတွေကလုပ်တတ်ကြပါတယ်။ ကလေးတိုင်းဟာသူတို့ရဲ့မိဘတွေကိုအားကိုးအားထားရာအဖြစ် ချစ်ကြတာဟာ သဘာဝတရားပါပဲ။ အဲ့ဒီလိုကလေးတွေရဲ့ ချစ်ခြင်းကိုအသုံးချပြီး ကိုယ်လိုရာကိုအပျော့ဆွဲဆွဲပြီးကလေးရဲ့စိတ်ကိုကိုယ်လိုသလိုပုံဖော်တတ်တာဟာမိခင်ဖြစ်သူတွေက အများဆုံးပြုလုပ်တတ်ကြပါတယ်။
သမီးလေးကမေမေ့ကိုမချစ်ဘူးလား၊ ချစ်ရင် ဒါကိုမစားရဘူးနော်။ သားလေးကမေမေ့ကိုမချစ်ဘူးလား၊ ချစ်ရင် ဒါကိုမလုပ် ရဘူးနော် ဆိုတဲ့စကားတွေဟာကလေးတွေရဲ့ မိခင်အပေါ်မှာထားတဲ့ မေတ္တာကိုအသုံးချပြီးကလေးကိုကိုယ်လိုချင်သလို ကြိုးကိုင်ချယ်လှယ်လိုက်တာပါပဲ။ ဒါဟာလည်း ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုလို့ခေါ်တဲ့ Child Abuse ဖြစ်တဲ့ အချက် (၁၆) ချက်ထဲက တချက်အပါအ၀င်ပါပဲ။
ဒီလိုမိခင်တွေကချစ်ခြင်းမေတ္တာကိုခုတုန်းလုပ်ကာ ကြိုးကိုင်ခြယ်လှယ်ခံထားရတဲ့ ကလေးတွေမှာသူတို့လုပ်ချင်တာ၊ ပြော ချင်တာ၊ စားချင်တာကိုဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုမေးခွင့်မရှိပဲအလိုလိုရပ်တန့်ပစ်လိုက်ကြရတတ်ပါတယ်။
တကယ်ပဲမဖြစ်မနေတားမြစ်ပိတ်ပင်ရတော့မယ့် အကြောင်းအချက်တွေ ရှိနေတယ်ဆိုရင် အမေ့ကိုချစ်ရင်၊ အဖေ့ကိုယ်ချစ် ရင်ဆိုတဲ့ စကားလုံးတွေနဲ့ ကလေးတယောက်ရဲ့ နုနယ်ငယ်ရွယ်သေးတဲ့ အသိစိတ်ကို ပြင်းထန်စွာ စိတ်ခံစားမှု Emotion ဖြစ်စေပြီး ကိုယ်လိုချင်သလိုထိန်းချုပ်ကြိုးကိုင်ဖို့ ကြိုးစားမယ့်အစား၊ ဒီအစားအစာကတော့ ဘာကြောင့် မစားသင့်တယ်၊ ဒီနေရာကတော့ ဘာကြောင့်မသွားသင့်တယ်၊ ဒီစကားကတော့ ဘာကြောင့်မပြောသင့်တယ်ဆိုတာကိုကျိုးကြောင်းညီမျှစွာနဲ့ ချစ်ခြင်းကို အလွဲသုံးစားလုပ် အပျော့ဆွဲခြင်၊ ခြိမ်းခြောက်ခြင်း ကင်းတဲ့စကားလုံတွေဖြင့် ရှင်းပြသင့်ပါတယ်။ ဒီလိုအကျိုး သင့်အကြောင်းသင့် ရှင်းပြပြောဆိုခြင်းဟာကလေးငယ်တွေရဲ့ စဉ်းစားဆင်ခြင်ဉာဏ်ကို ရင့်သန်စေရုံသာမက၊ ကလေးတွေ့ ရဲ့ စိတ်ဓာတ်ရေးရာကိုပါ ရင့်ကျက်စွာ တွေးခေါ်မြော်မြင်တတ်စေပါတယ်။
ဒီနေ့ခေတ်မှာ ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခံရမှု၊ ကလေးလုပ်သား၊ ကလေးသူငယ်တွေ လူကုန်ကူးခံရမှု စသည်ဖြင့် အသံတွေကျယ်ကျယ် လောင်လောင်ပြောနေကြတဲ့ကာလဖြစ်ပါတယ်။ ဒီလိုပြောဆိုနေကြတဲ့ သူတွေထဲမှာ သက်ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်းပါသလို၊ ရပ်ရွာအခြေစိုက် လူမှုအဖွဲ့အစည်းတွေလည်း အများကြီးပါကြပါတယ်။ တဦးတယောက်ချင်းစီက ကျယ်ကျယ်လောင်လောင် ပြောနေကြသူတွေလည်းရှိပါတယ်။ ဒီလူ တွေထဲမှာ မိဘတွေလည်း အများကြီးပါဝင်နိုင်ပါတယ်။
ဒါကြောင့် ကလေးသူငယ်အခွင့်အရေးကိုမိဘတွေကိုယ်တိုင်က ချိုးဖောက်မှုမှကင်းဝေးကြစေဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ အသေးအဖွဲကိစ္စလေးတွေကစလို့၊ ရုပ်ပိုင်းဆိုရာ၊ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အခြေအနေတွေအထိကိုယ့်သားသမီးတွေအပေါ်မှာ သိလျက်နဲ့ကိုယ့်ရဲ့အတ္တကြောင့် ကျူးလွန်မိနေသလား၊ မိမိကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျူးလွန်မိနေ သလားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ကြစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
ခင်လေး
၁၄-၁-၂၀၁၇(မှတ်ချက် – ပညာပဒေသာ အပတ်စဉ်ဂျာနယ်တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)