ရသဆောင်းပါးစုံ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လက်ရှိမြန်မာ့နိုင်ငံရေးကို ကံနှင့်ဝဋ်ရှုထောင့်မှ သုံးသပ်ခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အရှင်စန္ဒိမာ (မွန်စိန်တောရ)    – လက်ရှိမြန်မာ့နိုင်ငံရေးကို ကံနှင့်ဝဋ်ရှုထောင့်မှ သုံးသပ်ခြင်း

(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၄

(၁)

…….အုပ်စိုးသူတွေဟာ အတိတ်ကံကောင်းခဲ့လှပြီး ယနေ့ အဖိနှိပ်ခံတွေက အတိတ်ကံမကောင်းကြဘူးဆိုတဲ့ သဘောကို တပည့်တော် လက်မခံနိုင်တာပါဘုရား။ လုပ်ချင်တာလုပ်ခဲ့ပြီး အတိတ်ဝဋ်ကြွေးကြောင့်ပါဆိုပြီး ပုံချနေတာကို ဘဝင်မကျမိတဲ့ကိစ္စပါ။ ဒီစဉ်းစားနည်းက ဖိနှိပ်ခံရသူတွေကို နလံထူနိုင်မယ့် အမြင်နဲ့အတွေးကို ကန့်သတ်ပိတ်ဆို့ထားလို့ ဖြစ်ပါတယ်။      

တပည့်တော် ဒီအတွေးရတာ ဗိုလ်သိန်းဆွေ (ထောက်လှမ်းရေး) လွတ်လာတော့ အင်တာဗျူးမှာ သူက သူတို့လုပ်ရပ်ကို အတိတ်ဝဋ်ကြွေးနဲ့ ခုခံကာကွယ်နေလို့ အဲဒီကနေစပြီး စဉ်းစားမိတာက စတာပါဘုရား။

နောက်တစ်ခုက ဘာသာရေးအယူအဆကို မိမိ ပြုလုပ်မှုအတွက် ဒိုင်းသဖွယ်ကာကွယ်နေတဲ့ကိစ္စပေါ့။

ကျောင်းအစ်မကြီး မယ်နုကို ဆရာတော် ဦးဗုဓ်က မိန့်သလိုပေါ့။ …ဟဲ့ မယ်နု သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ် ဆိုတဲ့ စကားလိုပေါ့ဘုရား။

တပည့်တော်ကို ဝဋ်နဲ့ အတိတ်ကံ ဆိုတာသာ ရှင်းလင်းတော်မူပါ။……
(၂)

အထက်ပါ စကားရပ်တွေက ဒကာတစ်ယောက်နဲ့ ဒီရက်ပိုင်းအတွင်း အွန်လိုင်းမှတဆင့် စာရိုက်ဆွေးနွေးဖြစ်ခဲ့တဲ့အထဲမှ သူ့ဆွေးနွေးချက်စကားတချို့ကို ပြန်လည်ဖေါ်ပြတာ ဖြစ်ပါတယ်။

အရင်ဆုံး ပြောသင့်တာက လူတွေဟာ သူတို့ရဲ့ အသက်အရွယ် အတွေ့အကြုံ လေ့လာသိမြင်ထားခဲ့မှုတွေ၊ သူတို့လက်ခံထားတဲ့ အယူဝါဒ ဘာသာတရားယုံကြည်မှုတွေနဲ့ သူတို့ရဲ့ မိသားစုအသိုင်းအဝိုင်း စတဲ့ နောက်ခံအကြောင်းတွေ တဦးနဲ့တဦး ကွဲပြားခြားနားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ အတွေးအမြင် အယူအဆတွေလည်း ကွဲပြားသွားရတယ် ဆိုတာပါ။ ကမ္ဘာကြီးလုံးတာကို လက်မခံနိုင်တဲ့ လူတွေ ရှိနေသေးသလိုပေါ့။  

မကြာခင်က ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ကိစ္စဆိုရင် လူတွေရဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့ ခွဲခြမ်းစိစစ်နိုင်မှုစွမ်းရည် ဉာဏ်ပညာရေချိန်ကို အကဲစမ်းခွင့်ရခဲ့တဲ့ ဖြစ်ရပ်လို့လည်း ပြောနိုင်မယ်ထင်ပါတယ်။

ယခု ကိုပါကြီးအလောင်းကို ရန်ကုန်သယ်ယူဖို့လုပ်တော့ သံဃာ ၈ ပါးလောက်က မွန်အယူဓလေ့အရ အရပ်ဒေသကို ထိခိုက်နစ်နာစေတာကြောင့် သယ်ယူခွင့် မပြုနိုင်ဘူးဆိုပြီး ခြိမ်းခြောက်တားမြစ်မှုတွေ လုပ်ပါသတဲ့။ လူသားမဆန်လောက်အောင် ညှင်းဆဲနှိပ်စက် အသေသတ်ပြီးကာမှ ရုပ်အလောင်းကို ကောင်းမွန်စွာ သဂြိုင်္ဟ်ခွင့်မရအောင် နှောက်ယှက်သူတွေ ရှိနေသေးတာကို သိရတော့ အတော်လေး အံ့သြသွားမိပါတယ်။ ထူးဆန်းတာက နှောက်ယှက်သူတွေဟာ သံဃာတွေဖြစ်နေတာပါ။ သံဃာတွေဖြစ်နေသော်လည်း မေတ္တာတရားခေါင်းပါး ကိုယ်ချင်းစာနာစိတ် နဲလှချည့်လားလို့ အများအထင်အမြင်သေးစရာ ဗုဒ္ဓသာသနာတော်အတွက်လည်း ဂုဏ်သိက္ခာညှိးနွမ်းစရာတွေပါ။ သူတို့ဟာ ရဟန်းသံဃာအစစ်တွေ ဟုတ်မှဟုတ်ပါလေစ။ တဦးတယောက် အဖွဲ့အစည်းတခုခုက စေခိုင်းလွှတ်လိုက်တာများလား။ သံသယဝင်စရာပါ။ ဗုဒ္ဓတရားတော်အရ ဥတုဇရုပ်သာဖြစ်တဲ့ အသတ်မဲ့ အဝိညာဏက ရုပ်အလောင်းဆိုမှဖြင့် ဘာကိုမျှ ထိခိုက်နစ်နာအောင် မလုပ်နိုင်တော့ပါဘူး။  

(၃)

ကံအကြောင်းကို နားလည်ဖို့ဆိုရင် အချိန်ယူ လေ့လာမှုများစွာ လုပ်ဖို့ လိုအပ်တာအမှန်ပါ။ ယခု ဆောင်းပါးမှာ ဆွေးနွေးချက်လောက်နဲ့ အလုံးစုံ ရှင်းလင်းသွားလိမ့်မှာ မဟုတ်တာ သေချာပါတယ်။ စာရေးသူကိုယ်တိုင် ပိဋကတ်ကျွမ်းကျင်သူ မဟုတ်တာလည်း တကြောင်းပါ။      

လူတဦးချင်းစီမှာ တရံမလပ် ဖြစ်ပေါ်မှု ချုပ်ပျက်မှု (ဥဒယ ဝယ) စိတ်အစဉ်အတန်း (စိတ္တဝီထိ) ဆိုတာရှိပါတယ်။ လက်ရှိဘဝ စိတ်အစဉ်အတန်းရဲ့ အစက ပဋိသန္ဓေစိတ်ဖြစ်ပြီး နောက်ဆုံးစိတ်က စုတိစိတ်ဖြစ်ပါတယ်။ စုတိစိတ်ချုပ်ပြီးတာနဲ့ နောက်ထပ်ဘဝသစ်ရဲ့ အစ ပဋိသန္ဓေစိတ်ဖြစ်ပြန်ပါတယ်။ ဤနည်းအားဖြင့် ဘဝတွေ တခုပြီးတခု ပြောင်းသွားပေမယ့် စိတ်အစဉ်အတန်းကတော့ တခုတည်းပါ။ စိတ်အစဉ်အတန်း တခုတည်းဆိုသော်လည်း မပြောင်းမလဲ တပုံစံတည်း ဖြစ်တည်နေတဲ့ အစဉ်အတန်းတော့  မဟုတ်ပါဘူး။ ဖြစ်ပေါ်မှု ချုပ်ပျက်မှု စဉ်ဆက်မပျက်ရှိနေပေမယ့် ချုပ်ပျက်တော့မယ့် စိတ်ဟာ အသစ်ဖြစ်ပေါ်လာမယ့် စိတ်ကို အထောက်အပံ့ကျေးဇူးပြုပြီးမှ ချုပ်ပျက်သွားပါတယ်။ စသည်ဖြင့် စိတ်အမျိုးမျိုး တရံမလပ် ဖြစ်ပေါ်ချုပ်ပျက်လျှက် အပြန်အလှန် ကျေးဇူးပြုနေကြပုံ သဘောတရားတွေကို ပဌာန်းတရား ၂၄ ပါးက ရှင်းပြပါတယ်။  

စိတ်အစဉ်အတန်းမှာ ကောင်းမွန်တဲ့ စိတ်သဘာဝတွေရော ယုတ်ညံ့တဲ့ စိတ်သဘာဝတွေကိုပါ စဉ်ဆက်မပျက် သိုမှီးသိမ်းဆည်းသွားပါတယ်။ ကောင်းမွန်တဲ့ စိတ်သဘာဝ များပြားစွာ သိုမှီးသိမ်းဆည်းထားတဲ့ စိတ်အစဉ်အတန်းမှာ လူကောင်းတယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ယုတ်ညံ့တဲ့ စိတ်သဘာဝ များပြားစွာ သိုမှီးသိမ်းဆည်းထားတဲ့ စိတ်အစဉ်အတန်းမှာ လူဆိုးလူမိုက်လူယုတ်မာတယောက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဤနည်းအားဖြင့် သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓလောင်းလျာများ၊ အဂ္ဂသာဝကလောင်းလျာများ၊ မဟာသာဝကလောင်းလျာများဟာ ဘဝပေါင်းမရေမတွက်နိုင်လောက်အောင် ကောင်းတဲ့ စိတ်အရည်အသွေးတွေကို စိတ်အစဉ်အတန်းမှာ စုဆောင်းသိမ်းဆည်းလာခဲ့ရာက သမ္မာသမ္ဗုဒ္ဓဖြစ်နိုင်လောက်တဲ့ စိတ်အရည်အသွေးတွေ ပြည့်ဝသွားတဲ့အခါမှာ သမ္မာသမ္ဗုဒ္ဓ္ဓဘုရားအဖြစ်ကို ရောက်တော်မူခဲ့တာ ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓလောင်းလျာများလည်း အလားတူပါ။

အဂ္ဂသာဝက မဟာသာဝကလောင်းလျာများဟာလည်း ဘဝပေါင်းများစွာ ကောင်းမွန်တဲ့ စိတ်အရည်အသွေးတွေကို စိတ်အစဉ်အတန်းမှာ ထည့်သွင်းစုဆောင်းလာခဲ့ရာက နောက်ဆုံး အဂ္ဂသာဝက  ဖြစ်နိုင်လောက်တဲ့ စိတ်အရည်အသွေးတွေ ပြည့်ဝသွားတဲ့အခါမှာ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့လို အဂ္ဂသာဝကကြီးတွေ ဖြစ်လာခဲ့ပြီး မဟာသာဝကဖြစ်နိုင်လောက်တဲ့ စိတ်အရည်အသွေးတွေ ပြည့်ဝသွားတဲ့အခါမှာ ရှင်မဟာကဿပ ရှင်အာနန္ဒာတို့လို မဟာသာဝကကြီးတွေ ဖြစ်လာပါတယ်။

ကောင်းတဲ့ စိတ်အရည်အသွေးတွေကို စိတ်အစဉ်အတန်းမှာ ထည့်သွင်းသိမ်းဆည်းတယ်ဆိုတာက ပါရမီဖြည့်တဲ့ သဘောကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်ကမ္ဘာမှာ လူအများ ကြည်ညိုလေးစားချစ်ခင်မှုကို ခံကြရသူတွေ၊ ဉာဏ်ပညာကြီးမား စိတ်ထားပြည့်ဝသူတွေနဲ့လည်း ပါရမီသဘောကို ချိန်ထိုးစဉ်းစားနိုင်မယ် ထင်ပါတယ်။

(၄)

…….အုပ်စိုးသူတွေဟာ အတိတ်ကံကောင်းခဲ့လှပြီး ယနေ့ အဖိနှိပ်ခံတွေက အတိတ်ကံမကောင်းကြဘူးဆိုတဲ့ သဘောကို တပည့်တော် လက်မခံနိုင်တာပါ ဆိုတဲ့ စကားကို ဆွေးနွေးရမယ်ဆိုရင် –  

အတိတ်ကုသိုလ်ကံကြောင့် ယခုဘဝ ကောင်းတာတွေကို ရရှိခံစားရတယ်ဆိုတာ မှန်သော်လည်း အတိတ်ကံတခုတည်းကြောင့်တော့ မဟုတ်ပါ။ အတိတ်ကုသိုလ်ကံအကျိုးပေးနိုင်ဖို့အတွက် ပစ္စုပ္ဗန်မှာ ဉာဏ်ဝီရိယစိုက်ထုတ် လုပ်ကိုင်မှုတွေ လိုအပ်ပါတယ်။  

ဉာဏ်ဝီရိယစိုက်ထုတ်ဆိုရာမှာ လိမ်လည်လှည့်ပတ် ခိုးဝှက်လုယတ် သတ်ဖြတ်မှု စသည်မှ ရှောင်ကြဉ်ပြီး မိမိသူတပါးနှစ်ဦးသားကို အကျိုးကျေးဇူးဖြစ်ထွန်းစေတဲ့ သမ္မာအာဇီဝ သမ္မာဝါယာမတွေလား။ လိမ်လည်လှည့်ပတ် ခိုးဝှက်လုယတ် သတ်ဖြတ်မှု စသည့် မိမိသူတပါးနှစ်ဦးသားရဲ့ အကျိုးစီးပွါးကို ဆုတ်ယုတ်ပျက်စီးစေမယ့် အပြစ်ရှိတဲ့ မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမတွေလား ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ ဥပမာ ဘိန်းဘုရင်တွေ ဘီလျှံနာဖြစ်နေကြသလိုပါ။ 

အတိတ်ကုသိုလ်ကံ အကျိုးပေးခွင့်သာအောင် ပစ္စုပ္ဗန်အကုသိုလ်ကံတွေက ထောက်ပံ့ပေးတတ်တဲ့ သဘောတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ သူတပါးမျက်ရည်ကျပြီးမှ ဥစ္စာတိုးပွါးကြီးပွါးချမ်းသာနေကြသူများ စဉ်းစားဆင်ခြင်သင့်လှပါတယ်။   

အဓမ္မဝါဒီတွေရဲ့ မိစ္ဆာဝါယာမနဲ့ အထက်စီးမှ အနိုင်ကျင့်စော်ကား ခေါင်းပုံဖြတ်မှုတွေကို အရှုံးပေးခေါင်းငုံ့ခံမလား။ တွန်းလှန်ဖယ်ရှားမလား ဆိုတာကတော့ ပုဂ္ဂိုလ်တဦးချင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ပါတယ်။ မတရားမှုကို အရှုံးပေးခေါင်းငုံ့ခံဖို့ ဘယ်ပညာရှိကမှ သင်ပြထားတာ မရှိပါဘူး။ အခွင့်အခါကို သိပြီး မတရားမှုကို ဆန့်ကျင်တွန်းလှန်ဖယ်ရှားလျှက် လောကငြိမ်းချမ်းကြီးပွါးကြောင်း ညီညွတ်မျှတကြောင်း တရားများကိုသာ ပညာရှိတွေက ညွှန်ကြားဆုံးမထားပါတယ်။ 

မင်းကျင့်တရားဆယ်ပါး၊ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား ၇ ပါး စတဲ့ ညွှန်ကြားချက်သြဝါဒတွေဟာ အထင်အရှားပါ။ လက်ရှိနိုင်ငံအုပ်ချုပ်နေကြသူတွေရဲ့ မူဝါဒလမ်းစဉ်နဲ့ လက်တွေ့ပြုမူလုပ်ကိုင်နေတာတွေကို မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိယတရား ၇ ပါးဆိုတဲ့ စံတွေနဲ့ တိုင်းတာလိုက်ရင် အလွဲကြီးလွဲနေတာကို တွေ့နိုင်ပါတယ်။    

(၅)

ဝဋ်နဲ့ အတိတ်ကံအကြောင်းကို ဆွေးနွေးရမယ်ဆိုရင် –

ဝဋ်ဆိုတာ လည်ပတ်တယ်လို့ အဓိပ္ဗါယ်ရပါတယ်။ အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိပါတယ်။ အကြောင်းတရားတွေပြုလုပ်နေသမျှ အကျိုးတရားတွေ ထပ်မံပေါ်ပေါက်နေအုံးမှာပါ။  အကြောင်းအကျိုးမပြတ် ဖြစ်ပေါ်လည်ပတ်နေတဲ့သဘောကို ဝဋ်လို့ ခေါ်ပါတယ်။ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ဆိုပြီး ဝဋ်ကို သုံးမျိုးခွဲခြားထားပါတယ်။  

အဝိဇ္ဇာအမှောင်ဖုံးထားလို့ တွယ်တာစွဲလမ်းမှု တဏှာဥပါဒါန်ဖြစ်ရတာပါ။  အဝိဇ္ဇာတဏှာဥပါဒါန်သုံးပါးကို ကိလေသဝဋ်လို့ ခေါ်ပါတယ်။ ကိလေသဝဋ်ကြောင့် ကောင်းတာကို လုပ်တတ်သလို မကောင်းတာကိုလည်း လုပ်တတ်ပါတယ်။ ကောင်းတာရော မကောင်းတာရော ပြုလုပ်မှုမှန်သမျှကို ကမ္မဝဋ်လို့ ခေါ်ပါတယ်။

ကုသိုလ်ကမ္မဝဋ်ကြောင့် ကောင်းတဲ့အကျိုးပေးမှုတွေနဲ့ အကုသိုလ်ကမ္မဝဋ်ကြောင့် မကောင်းတဲ့ အကျိုးပေးမှုတွေ ရှိလာရပါတယ်။ အကျိုးပေးမှုကို ဝိပါကဝဋ်လို့ ခေါ်ပါတယ်။ ဝဋ်သုံးပါးရှိနေသရွေ့ ဘဝတွေရနေပါအုံးမယ်။ ကောင်းတဲ့ဘဝ ရမလား မကောင်းတဲ့ဘဝ ရမလားဆိုတာကတော့ မိမိကိုယ်တိုင်ပြုလုပ်ခဲ့ ပြုလုပ်ဆဲ ကမ္မဝဋ်အပေါ်မှာ မူတည်ပါတယ်။  

(၆)

ချုပ်လိုက်ရင်တော့ ဗုဒ္ဓက မိစ္ဆာဒိဌိ မိစ္ဆာသင်္ကပ္ဗ မိစ္ဆာကမ္မ န္တ မိစ္ဆာဝါစာ မိစ္ဆာအာဇီဝ မိစ္ဆာဝါယာမ စသည်ဖြင့် မှားယွင်းတဲ့ အယူ အတွေး အလုပ် အပြော အသက်မွေးမှု အားထုတ်မှုတွေကို ရှောင်ကြဉ်စေပြီး သမ္မာဒိဌိ သမ္မာသင်္ကပ္ဗ သမ္မာကမ္မ န္တ သမ္မာဝါစာ သမ္မာအာဇီဝ သမ္မာဝါယာမ စသည်ဖြင် မှန်ကန်တဲ့ အယူ အတွေး အလုပ် အပြော အသက်မွေးမှု အားထုတ်မှုတွေကို လိုက်နာကျင့်သုံးစေပါတယ်။  

ဒါကြောင့် အာဏာရှိသူတွေနဲ့ သူတို့ရဲ့ အပေါင်းအပါ လက်တဆုတ်စာလူတစုအနေဖြင့် မတရား ရရှိထားကြတဲ့ ဥစ္စာစည်းစိမ်တွေအတွက် အတိတ်ကုသိုလ်ကံရဲ့ အကျိုးပေးတွေပါဆိုပြီး တလွဲဂုဏ်ဖေါ် ဘဝင်မြင့်မာန်ထောင်နေကြတာကတော့ အသိဉာဏ်နဲ အရှက်သိက္ခာကင်းမဲ့တဲ့ ကိစ္စသာ ဖြစ်ပါတယ်။  

အဓမ္မဝါဒီ အာဏာရူးတွေရဲ့ အဖိနှိပ်ခံ အနိုင်ကျင့်ခံ အစော်ကားခံ အညှင်းဆဲခံ အသတ်ဖြတ်ခံနေကြရတဲ့ ပြည်သူတွေအနေနဲ့ အတိတ်အကုသိုလ်ကံရဲ့ အကျိုးပေးမှုကြောင့် ဆင်းရဲဒုက္ခခံစားနေကြရတာပဲလို့ ဝမ်းနည်းပူဆွေး စိတ်ပျက်အားလျှော့ အညံ့ခံအရှုံးပေးရန်လည်း မသင့်ပါ။  

အကြောင်းသင့်အခွင့်သာ ရာသီဥတုသာယာခိုက်မို့ မတရားမှုစက်ကွင်းမှ လွတ်ကင်းနေကြသေးလို့ အထိုက်အလျှောက် သက်သောင့်သက်သာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ခွင့် ရရှိနေကြတဲ့ ပြည်သူများအနေဖြင့် မတရားမှုတွေကို လက်ပိုက်ကြည့်မနေကြဘဲ တရားတဲ့ဖက်မှ ရပ်တည် အားနဲသူတွေကို စိတ်ဓါတ်ခွန်အားသာမက စွမ်းနိုင်သမျှ လက်တွေ့ကူညီပံ့ပိုးလျှက် မတရားမှုတွေကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တွန်းလှန်ဖယ်ရှားကြခြင်းသည်သာ ဗုဒ္ဓလမ်းစဉ်နဲ့ အမှန်တကယ်ကိုက်ညီပြီး ဓမ္မဝါဒလွှမ်းခြုံလျှက် တရားမျှတငြိမ်းချမ်းသာယာတဲ့ နိုင်ငံကို တည်ဆောက်နိုင်မှာ မုချဧကန်  အမှန်ပင် ဖြစ်ပါတယ်။  

(ဤဆောင်းပါးကို ရေးဖြစ်အောင် အားပေးတိုက်တွန်းသူ Facebook မိတ်ဆွေလည်းဖြစ် ဓမ္မမိတ်ဆွေလည်းဖြစ်တဲ့ (Kyaw Maw) ဒကာကျော်မော်ကို အထူးကျေးဇူးတင်ပါတယ်။ မိမိရေးခဲ့သမျှ ဆောင်းပါးများနဲ့ ပတ်သက်ပြီး moncandima@gmail.com မှတဆင့်လည်း ဝေဖန်အကြံပြုနိုင်ပါတယ်။)        

အရှင်စန္ဒိမာ (မွန်စိန်တောရ)   


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts