>Maung Thaw Ka – Essay

>

ယမကာညနေခင်း (၄)
မောင်သော်က
ဒီဇင်ဘာ ၁၃၊ ၂၀၁၁


ဤညနေခင်းတွင် ရောက်ရှိလာကြသူများမှာ ပင်စင်နာကြီးနှင့်အတူ မလာသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ထုတ်လုပ်သူ (ပရိုဂျူဆာ) တစ် ဦးတို့ဖြစ်သည်။ ပရိုဂျူဆာကြီး၏လက်တွင် စကော့ဝီစကီတစ်လုံးပါလာသည်ကြောင့် လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုပြုရပါ၏။

သော် ။ ။ အမယ် ပရိုဂျူဆာ ဒါရိုက်တာကြီး၊ မပေါ်လာ အတော်ကြာနေပါပြီလား၊ ဗီဒီယိုထုတ် လုပ်ကိုင်ရေးတွင် လုပ်ကိုင်နေရလို့ မအားနိုင် အောင် ဖြစ်နေတယ်ထင်ပါရဲ့။
ဒါ ။ ။ လာပါတယ်ဗျာ။ ခင်ဗျားက နယ်ဟောပြောပွဲတွေထွက်နေတာနဲ့ အိမ်မှာမရှိတာကိုတော့ မပြောဘူး။ ခင်ဗျားရဲ့မဒမ်ကြီးကိုလည်း မေး ကြည့်ပါဦး။ ခရစ္စမတ်လည်းမရှိ၊ နယူးရီးယားလည်း မတွေ့နဲ့ အိမ်မှာပဲနေသေးသလား အောက်မေ့ရတယ်။

ပင် ။ ။ ဟုတ်သားပဲ။ ခင်ဗျားက နယ်လှည့်စားသောက်လာလို့ မျက်နှာကြီးကို ပြဲနေတာပဲ။ တယ်စိုပြည်နေပါလား။ ကိုင်း ဝီစကီနဲ့တန်အောင် ရေခဲ ဆော်ဒါတော့လုပ်ဗျာ။ ကျုပ်က အရက်ပုလင်းဖွင့်တဲ့နေရာမှာ လက်နှေးရင် ကြိုက်တာမဟုတ်ဘူး။ “ပုလင်းတစ်လုံးဖွင့်ရန်နှင့် မိန်းမပျို တစ်ဦးကိုနမ်းရန် မည်သည့်အခါမျှ တုံ့ဆိုင်းခြင်းမပြုလေနှင့်” ဆို တဲ့စကားကို ကျင့်သုံးတဲ့လူတွေမဟုတ်လား … ဟဲ ဟဲ ဟဲ။
သော် ။ ။ မြို့ရွာအနှံ့ လိုက်စားသောက်တယ်မပြောပါနဲ့ဗျာ။ ပြည်သူ့မေတ္တာကိုခံယူပါ။ “မြို့မေတ္တာခံယူတဲ့ သားပါဗျ … ဗျို့ဟစ်ကာ မာန်ထူလို့ မကြွားလိုက်ချင်ပါဘူး” လို့တောင် ဆိုလိုက်ချင်ပါသေးတယ်။

ဒါ ။ ။ ကြားပါတယ်ဗျာ။ ခင်ဗျားက အတော်လည်း အဟောအပြောကောင်းတယ်လို့ သတင်းကြီးနေတဲ့ သူတစ်ယောက်ပါ။ ကြုံရင် ကျွန်တော် တောင် လိုက်နားထောင်ချင်ပါသေးတယ်။
သော်။ ။ အလကားပါဗျာ။ ဘာမှအဟောအပြော ကောင်းတာမဟုတ်ပါဘူး။ လူတွေက သူတို့ရင် ထဲမှာ ပြောချင်လွန်းလို့ တစ်ဆို့နေတာတွေကို ကျွန်တော်တို့က သူတို့ကိုယ်စားအမိုက်ခံပြီး စင်မြင့်ပေါ်တက်ပြောပေးနေလို့ ကောင်းတယ်လို့ထင်ကြတာပါ။ မောင်ကျော်ဟိန်း “ကျွန်တော့် ကိုယ်စားပြောပေးပါ” ဆိုတာကို ကျွန်တော်တို့က လက်တွေ့ကျင့်သုံးနေတာပါ။

ပင်။ ။ သြော် ခင်ဗျားတို့က သူများကိုယ်စား ကိုယ့်ဗိုက်နဲ့ဓားထိုးခံတဲ့ လူမိုက်တွေပေါ့နော်။ ဘာပြုလို့ အမုန်းခံပြီး သက်သက်လျှောက်ပြော နေရတာလဲ။ ဘာလဲ လက်ဆောင်ပစ္စည်းတွေ ဘာတွေ မက်လို့လား။
သော်။ ။ လက်ဆောင်က အဓိကမဟုတ်ပါဘူးဗျာ။ မြို့နယ်အစီအစဉ်နဲ့ ခရီးသွားရတာ အဆင်ပြေတယ်။ ကျုပ်တို့လည်း ရင်ချောင်ဆေး တိုက်ကျွေးရတာ ကုသိုလ်လည်းရပါတယ်။ လက်ဆောင်ကတော့ “ပုဆိုးတစ်ကွင်းနဲ့လည်း မိုးအလင်းဟောခဲ့ရပါတယ်” လို့ စမ်းစမ်းနွဲ့ (သာယာဝတီ) ပြောသလိုပါပဲ။ ကျွန်တော်ကတော့ဖြင့် ငါးချဉ်တစ်တွဲနဲ့လဲ ဖင်ပြဲအောင်ဟောခဲ့ရပါသဗျ။ ကြာတော့ လာဖိတ်လို့သာ လက်ခံ လိုက်ပါဟောပြောရတယ်။ ကိုယ့်ကိုယ်ကို သံသယဖြစ်ပြီး ဟောပြောချင်စိတ်တောင် မရှိတော့ပါဘူး။ ကျွန်တော့်ဆိုလိုချက်ကိုမှ သဘော ပေါက်ကြရဲ့လား၊ “ဟောရင်းသာ ပျံတော်မူရမည်၊ ဆန်ဖြူဖြူ တစ်ခွက်မှ ထွက်ပုံမရ” တဲ့ ဟောပြောပွဲတွေကလည်း အများသားဗျ။ လူတွေ က ရယ်ရရင် ကြိုက်တယ်။ ကျုပ်တို့က ဟာသလူရွှင်တော် ဇာဂနာတို့ မိုးကျော်တို့မှ မဟုတ်တာ။

ဒါ ။ ။ ဟောပြောပွဲအတွေ့အကြုံလေးတွေ ပြောစမ်းပါဦးဗျာ။ မှတ်လောက်သားလောက်ရှိတာတွေပေါ့။ လုပ်ပါ ခင်ဗျားသောက်တာလည်း နှေးလှချည်လား။
သော်။ ။ ကျုပ်က ခင်ဗျားတို့လို ယမကာသောက် ရေတံလျှောက်ပမာဆိုတဲ့လူ မဟုတ်ဘူးဗျ။ ကျုပ်နည်း ကျုပ်ဟန် နဲ့ အရက်ကောင်းကောင်းကို ဇိမ်နဲ့ ဆွဲမြုံသောက်တာ။ ဖိုးသောက်ကြာလို့တောင် နာမည်ပြောင်းရကောင်းမလား စဉ်းစားနေသေးတယ်။ ထူဆန်းတဲ့ဖြစ်ရပ်နဲ့ စိတ်မကောင်း တာကတော့ ပွဲဦးထွက် ဟင်္သာတမှာ ဖြစ်ရတယ်။

ပင် ။ ။ ဘယ်လိုဖြစ်တာလဲဗျ။
သော် ။ ။ ကျွန်တော့်မှာက အကြွေးတင်နေတဲ့ ဟောပြောပွဲလည်း ရှိတယ်။ မနှစ်က ဟင်္သာတရောက်ပြီးမှ။ လဲကျပြီး လက်နာထားလို့ မဟောနိုင်ဘဲ ပြန်လာခဲ့ရတာ။ ဒီနှစ်တော့ ဦးစားပေးလက်ခံလိုက်တယ်။ ကျုပ်ရယ် လူကြမ်းမင်းသား အောင်သင်းရယ်၊ ချစ်ဦးညိုရယ်ပေါ့။ ဟင်္သာတလည်းရောက်ရော ကျုပ်တို့ကို ဦးဆောင်ဖိတ်ကြားတဲ့ စာပေလုပ်သားအဖွဲ့ဥက္ကဌ ဦးအုန်းမြင့် အသက်ပျောက်နေတာနဲ့ တန်းတိုး တော့တာပဲ။

ဒါ ။ ။ ဟယ် … ဘာဖြစ်လို့ဆုံးတာလဲ။
သော် ။ ။ နှလုံးရောဂါဆိုရမှာပေါ့ဗျ။ ရန်ကုန်ကလာမယ့် စာရေးဆရာတွေ ဟောပြောဖို့ စင်ဆောက်၊ မီးသွယ်၊ ထိုင်ခုံတွေစီစဉ်နဲ့ ပင်ပန်းပြီး စင်မြင့်လည်းအဆင်သင့်ဖြစ်ရော သူလည်း ဗုန်းခနဲလဲကျသေဆုံးတော့တာပါပဲ။

ပင် ။ ။ ဟာ … စိတ်မကောင်းစရာကြီးဗျာ။
သော်။ ။ အဲဒါပေါ့ဗျာ။ ဒါ့အပြင် ဒီလူက “ရွှေပြည်တန်” ဆိုတဲ့ တည်းခိုခန်းအသစ်တစ်ခုဆောက်ပြီး အဲဒီတည်းခိုခန်းဖွင့်ပွဲကို စာရေးဆရာတွေ ပထမဆုံးတည်းခိုသူတွေအဖြစ်နဲ့ စီစဉ်ထားပြန်တော့ ပိုလို့ရင်မောရသပေါ့။ ကျုပ်တို့လည်း တည်းခိုခန်းမှာ တည်းခိုရ ကောင်းနိုး၊ မကောင်းနိုး ချီတုံချတုံ ဖြစ်ရတာပေါ့။ သို့သော် ကျန်ရစ်သူမိသားစုများက တော်ရှာကြပါတယ်။ ဘယ်ကိုမှ တခြားအတည်းမခံဘူး။ ဟောပြောပွဲလည်း အပျက်မခံဘူး။

ကွယ်လွန်သူ စာပေလုပ်သားဥက္ကဋ္ဌရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ “ရွှေပြည်တန်မှာပဲ တည်းခိုပါဆိုလို့၊ ကျုပ်က အခန်းနံပါတ် ၁ မှာ ပထမဆုံးသောတည်းခိုသူအဖြစ်နဲ့ တည်းခိုခဲ့ရတယ်။ စာပေဟောပြောပွဲလည်း အတိုင်းထက်အလွန် အောင်မြင်ပါတယ်။ ချစ်ဦးညိုက လည်း အတော်အပြောကောင်းတယ်။ ကျောင်းတုန်းမှာ သာကောင်းသေးတယ်။ ခါတိုင်းသူက လင်္ကာဒီပချစ်သူဟောတယ်။ ကျောင်းကုန်း မှာတော့ စန္ဒကိန္နရီနဲ့ ကိန္နရာချောင်းခြားကို ဟောပြောအသုံးတော်ခံတယ်။ တကယ့် လွမ်းမောစရာ၊ ကြေကွဲစရာ ပြဇာတ်လေးပါ။ ဇာတ်က တိုလွန်းတော့ ကြည့်ရတာ မ၀ဘူးဗျ။

ဒါ ။ ။ ချစ်ဦးညိုက အစုံရသားပဲနော်။ စာလည်းရေးတယ်၊ ရုပ်မြင်သံကြားမှာ သီချင်းလည်း ဆိုတယ်။ ဗီဒီယိုလည်း ရိုက်တယ်။ ရုပ်မြင်သံကြား မှာ သီချင်းလည်း ဆိုတယ်။ ဗီဒီယိုလည်း ရိုက်တယ်၊ အခု တစ်ခန်းရပ် ပြဇာတ်လည်း ကသေးတယ်လား၊ တယ်ဟုတ်တဲ့လူပဲ။
သော် ။ ။ နောက် ၀မ်းနည်းဖို့ကောင်းတဲ့ ဟောပြောပွဲတစ်ခုလည်း ကြုံခဲ့ရသေးတယ်။ အဲဒါ ကတော့ နယ်မှာမဟုတ်ဘူးဗျ၊ ရန်ကုန်မှာတင်ပဲ။

ပင်။ ။ အလို – ရန်ကုန်မှာ ဖြစ်ရသလား။ ဘယ်လိုများ ကြုံခဲ့ရသလဲဗျာ။
သော် ။ ။ ဟုတ်တယ်၊ ဗဟန်းရပ်ကွက် ငါးထပ်ကြီးဘုရားခြေရင်းမှာ၊ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ ဟောပြောပွဲမှာ ဘယ်သူတွေနဲ့အတူ ဟောပြောရမယ်ဆိုတာ မမေးမစမ်းနဲ့ လိုက်ခဲ့မိတယ်။ ဟိုကျတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးနဲ့ တန်းတိုးတော့တာပါပဲ။ အဲဒါ မမေးမစမ်း လိုက်ခဲ့မိတာ ကျုပ်အမှားပဲ။ နောက်ကိုတော့ မရတော့ဘူး။ ဘယ်သူတွေနဲ့ ဟောရမှာလဲလို့မေးပြီးလိုက်မှ တော်ကာကျမယ်။ အထူးသဖြင့် ကျုပ်က ဖားတစ်ပိုင်း ငါးတစ်ပိုင်းစာရေးဆရာတွေ၊ စာပေစင်မြင့်ကို အလေးအနက်မထားတတ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ တစင်တည်း မှာ ယှဉ်တွဲပြီး မဟောချင်ဘူးဗျ။

ဒါ ။ ။ အလို ဘာဖြစ်လို့။
သော်။ ။ ပရိသတ် မသန့်ဘူး။ စင်နာတယ်လို့ခေါ်တယ်။ လာတဲ့ပရိသတ်အများက စာပေ၀ါသနာရှင်က နည်းနည်းရယ်။ ရုပ်ရှင်ရူးတွေက များတယ်။ စာပေဟောပြောမယ်ဆိုတဲ့ သရုပ်ဆောင်ကလည်း စာပေဟောပြောမှုကို ဗန်းပြပြီး၊ သူ့ရဲ့ပိတ်ကားပေါ် ကျော်ကြားမှုကို မာန ထောင်ပြီး စာပေစင်မြင့်ကို အလွဲသုံးစားပြုသွားကြတာ များတယ်။ ဒါကြောင့် တတ်နိုင်ရင် သူတို့နဲ့အတူ ကျုပ်မဟောချင်ဘူး။ ဒီကိစ္စမှာ ကျုပ်ကလည်း တရားခံ ဖြစ်နေပြန်သေးတယ်။

ပင် ။ ။ ဘယ်လိုကြောင့် ခင်ဗျားကပါနေရတာလဲ။ ငှဲ့စမ်းပါဦးဗျာ။ နောက်ထပ် ၀ီစကီတခွက်လောက်၊ ခင်ဗျားကလည်း တယ်လက်နှေးတာပဲ။
သော်။ ။ တမြန်မနှစ်က စမ်းချောင်း၊ ကျောင်းကုန်းလမ်းက စာပေ၀ါသနာရှင်တွေက ဟောပြောပွဲလုပ်ဖို့ ကျုပ်နဲ့ လာတိုင်ပင်တယ်။ သူတို့က ရုပ်ရှင်နယ်က တစ်ယောက်ယောက်လည်း ထည့်ချင်တယ်လို့ ပြောတယ်။ ကျုပ်က မြတ်လေးကို ဖိတ်ပါလားလို့ အကြံပေးလိုက်တယ်။

ပင် ။ ။ ဘာပြုလို့ ခင်ဗျားက မြတ်လေးကို အကြံပြုရတာလဲ။
သော် ။ ။ ဟာ မြတ်လေးက သီချင်းရေးဆရာ၊ ကဗျာဆရာ၊ စာရေးဆရာဗျ။ နောက်မှ အပေါင်းအသင်းမှားပြီး ရုပ်ရှင်နယ်ရောက်သွားတာ။ အဲဒါကြောင့် ကျွန်တော်က သူ့ရဲ့မူလဇာတိ စာရေးဆရာအနေနဲ့ အဖိတ်ခိုင်းတာ။ မြတ်လေးကလည်း လာဟောပြောပါတယ်။ နာရီဝက် လောက် ဆိုပြီး နှစ်နာရီလောက် ဟောပြောသွားတယ်။ ကျွန်တော်က “မင်း ဘာပြုလို့ ဒီလောက်ကြာကြာဟောရသလဲ” လို့မေးတော့ “အစ်ကိုရေ ကျွန်တော်ဟောရင် ပရိသတ်က များသထက်များလာလို့ အားတက်ပြီးဆက်ဟောတာနဲ့ ကြာသွားတယ်” လို့ပြောတယ်။ ဒီငနဲ က ပရိသတ်မှမမြင်ဖူးဘဲကလား။ ဟုတ်တယ်လေ ပိတ်ကားပေါ်ကလူက ဘယ်လိုမြင်ဖူးပါ့မလဲ။ သူမြင်ဖူးတာက ကြက်ပွဲပရိသတ်လောက်ပဲ မြင်ဖူးတာကလား။

ပင် ။ ။ အဲဒါနဲ့ ဘယ်လိုဆက်စပ်သလဲ။
သော် ။ ။ အဲဒါနဲ့ မနှစ်ကလာပြန်ရောဗျ။ သူတို့က ကျော်ဟိန်းကို ဖိတ်ချင်ပါတယ်တဲ့။ ကျွန်တော်က ကျော်ဟိန်းကို ဘာလို့ဖိတ်ချင်ရတာလဲ။ ကျော်ဟန်းက စာရေးဆရာမှမဟုတ်ဘဲဆိုတော့ သူတို့က ကျော်ဟိန်းဟာ ငယ်စဉ်က စမ်းချောင်းကျောင်းကုန်းလမ်းမှာ နေသွားခဲ့ဖူးပါတယ် တဲ့။ ဒါကြောင့် လမ်းထဲက လူငယ်လေးအနေနဲ့ဖိတ်ချင်တာပါတဲ့။ အဲဒီတော့ ကျွန်တော်က ပြောလိုက်တယ်။ ဖိတ်ချင်ရင် ဖိတ်ပါ။ သူတို့ ဆန္ဒအရ ဖိတ်ပါ။ သူတို့ဆန္ဒအရ ဖိတ်ပါ။ ဒါပေမဲ့ ကျွန်တော်တော့ စင်မတက်ဘူး။ ပြီးတော့ မောင်ကျော်ဟိန်းကို ပြောလိုက်ပါ။

ဟောဒါ စာပေစင်မြင့်၊ ရုပ်ရှင်သရုပ်ဆောင်ရဲ့စရိုက်တွေကို ခွာချခဲ့၊ စတီရီယိုအဆိုတော်ဂိုက်မဖမ်းစေနဲ့လို့မှာလိုက်တယ်။ အမောင် ကျော် ဟိန်းကလည်း ရည်မွန်ပါတယ်။ သူ မဟောပြောတတ်ကြောင်းဝန်ခံပြီး ချမ်းမြေ့ဆရာတော်ရဲ့ ပိုင်ဆိုင်မှုဒုက္ခတရားကို လေးမိနစ်လောက် ဟောပြီး ဆင်းသွားပါတယ်။ ဒီနှစ်တော့ မောင်ကျော်ဟိန်းလည်း စာပေဟောပြောပွဲ ဗိုင်းရပ်ပိုးဝင်ပြီး ရေကျော်မှာ တစ်နာရီလောက် မေတ္တာသုတ် ဟောပြောရွတ်ဖတ်သွားတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ပြည်လုံးချမ်းသာဆေးပေါ့လိပ်ကို အကြောင်းမဲ့ ထုတ်ဖွာပြပြီး စာပေ စင်မြင့်ကို စီးပွားရေးကြောငြာစင်မြင့်လုပ်အသုံးချတာတော့ ပြောစရာရှိတာပေါ့ဗျာ။ သူ့ရုပ်ရှင်မှာသူ ဘယ်လိုသုံးသုံး ကျုပ်တို့မပြောပါဘူး။

ဒါ။ ။ နေစမ်းပါဦး၊ ဗဟန်းမှာ ဘယ်လိုဖြစ်တာလဲ ဆက်ပါဦး။ သရုပ်ဆောင်က ဘယ်သူလဲ၊ ဘယ်လိုစိတ်မချမ်းမသာ ဖြစ်ရတာလဲ။
သော်။ ။ နာမည်တော့ မပြောချင်ပါဘူးဗျာ။ မပြောဝံ့လို့တော့ မဟုတ်ပါဘူး။ ပြောရမှာ ရှက်လွန်းလို့ပါ။ သူ မရှက်ပေမဲ့ ပြန်ပြောရမှာတောင် ကျုပ်ဖြင့် ရှက်မိပါသေးတယ်။ အရှက်မရှိတဲ့ သူ့မျက်နှာဟာ ပဲစိမ်းစားဥကို မြင်းသေးရေစိမ်ထားတာနဲ့ တူတဲ့မျက်နှာမျိုးနဲ့ သရုပ်ဆောင် တစ်ဦးပါ။ လမ်းစဉ်လူငယ်များ၏ စာပေဟောပြောပွဲဆိုတဲ့ သူ့နောက်ဘက်က ဆိုင်းဘုတ်ကြီးကိုမှ အားမနာ၊ စင်ကို စော်ကားတယ်၊ ပရိ သတ်ကို စော်ကားတယ်။ ကျုပ်ကိုလည်း နောက်စပ်စပ်နဲ့ စော်ကားသွားသေးတယ်။ ကျုပ်နဲ့အတူပါလာတဲ့ ကျုပ်သမီးနှစ်ယောက်က အသားကို ဆတ်ဆတ်တုန်နေတာပဲ။

ဒါ။ ။ ဟာ လွန်လှချည်လား၊ ဒါလောက်တောင်ပဲလား။
သော်။ ။ ကျုပ်ပြောပါကကော၊ ပြန်ပြောပြရမှာတောင် ရှက်ပါသေးတယ်လို့။ တက်လာပြီးတော့ အခမ်းအနားမှူး အမျိုးသမီးလေးကို စော် ကားတယ်။ အခမ်းအနားမှူးဟာ ချောပါတယ်တဲ့။ သူကြိုက်ပါတယ်တဲ့၊ ဒါပေမဲ့ သူမချစ်နိုင်ပါဘူးတဲ့၊ သူကတော့ သူ့မိန်းမ ဒိုက်ပုံကိုသာလျှင် ချစ်ပါတယ်တဲ့။

ဒါ။ ။ ဟာဗျာ၊ အဲဒီလိုပဲ တကယ်ပြောသလား။
သော်။ ။ အဲဒီညကလာတဲ့လူတွေ မေးကြည့်လေဗျာ၊ ကျုပ်သမီးတွေက “ပါပါ ဒီကောင်မူးနေသလား” လို့ မေးတယ်။ နောက်ပြီး သူ့မိန်းမ ဒိုက်ပုံရဲ့ရင်သားဟာ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ရက်ကွယ်ဝဲ့လ် (ခ်ျ) မတတ်နိုင်တဲ့ လှုပ်ရှားမှုမျိုးနဲ့ လှုပ်ရှားစေပါတယ်တဲ့။ နောက် တင် သားတွေကလည်း … တော်ပြီဗျာ။ မပြောချင်တော့ပါဘူး။ သူ့မိန်းမရင်သားနဲ့တင်သားကို တိုင်းပြည်ကသိချင်သတဲ့လား။ ကျွန်တော်ဖြင့် သူ့ရဲ့အောက်ခြေလွတ်ပုံကို အံ့သြလို့မကုန် ဖြစ်ရပါတယ်။

ပင်။ ။ ဟာ ဆိုးလှချည်လားဗျာ၊ ပရိသတ်ကို လုံးဝမှအားမနာတော့ဘူးလား။ စာပေဟောပြောပွဲဆိုပြီး ဒီလိုသာပေါက်ကရတွေ တွေ့ကရာတွေ စွတ်ဟောနေမှဖြင့် ဒုက္ခပါပဲ။
သော်။ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်နယ်ပယ်မှာ ကွယ်လွန်သူမင်းသား ကောလိပ်ဂျင်နေ၀င်းနဲ့သူဟာ ဒါပဲလုပ်ပြီး ဒီကိစ္စမရှုပ်ပါဘူးတဲ့။ အဲဒီလိုပြောစဉ်မှာ လက်မကို အရက်သောက်ဟန်ပြုပြပြီး၊ ဒါ မရှုပ်ပါဘူးဆိုတဲ့နေရာမှာ လက်ညှိုးနဲ့ လက်ခလယ် ထောင်ပြီး ထင်သာမြင်သာ လုပ်ပြသေးတော့တယ်ဗျာ။ ဘာဆိုသလဲဆိုတာ သိသိသာသာကြီးဗျာ။

ပင်။ ။ ဟာ ဒါတော့ လွန်လွန်းပြီ။ အရှက်က နည်းလွန်လှချည်လား။
ဒါ ။ ။ ဟင် ပက်စက်လှချည်လားဗျာ၊ မယုံနိုင်စရာပါပဲ။

သော်။ ။ ဒါထက်ပိုဆိုးသေးသဗျာ၊ နားထောင်သာကြည့်တော့၊ ကော်လိပ်ဂျင်က ပြောတယ်တဲ့၊ ဟေ့ မင်းနဲ့ငါဟာ ရုပ်ရှင်နယ်မှာ ဒါ (လက် ညှိုးနဲ့ လက်ခလယ်ထောင်ပြပြီး) မရှုပ်တော့ ဘာဖြစ်သလဲ၊ မရှုပ်တော့ ဘာဖြစ်သလဲ၊ မရှုပ်တော့ မလုပ်ရဘူးပေါ့ကွာလို့ ပြောသတဲ့ဗျာ။
ပင်။ ။ ဟာ ဒါတော့ လွန်ပြီ၊ ယုတ်မာတာသက်သက်ပဲ။

ဒါ။ ။ မိမဆုံးမ ဖမဆုံးမ သားဆိုတာမျိုး ပြောတာပေါ့
သော်။ ။ အဲဒီလိုပဲ ပြောရလိမ့်မယ်။ ဒါပေမဲ့ ကျနော် မပြောပါဘူး။ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးစော်ကားသွားတာကတော့ ဆရာမောင်သော်က မှာ မိန်းမနှစ်ယောက်ရှိတယ်။ ကျွန်တော်ကတော့ ဒိုက်ပုံတစ်ယောက်သာရှိတယ်တဲ့။

ပင်။ ။ ဟာ ဒီကောင် ဘယ်လိုကောင်လဲ။ သူပြောစရာလား ဒီကိစ္စက။
ဒါ။ ။ ဒါ စာပေနဲ့ဘာဆိုင်သလဲ ခင်ဗျားက ပြန်မပြောခဲ့ဘူးလား။

သော်။ ။ ခွေးနဲ့ဖက်ကိုက်နေလို့ဖြစ်ပါမလားဗျာ။ ကျုပ်က စာပေဟောပြောဖို့လာတာ စင်မြင့်ကို အားနာရမယ်။ ပရိသတ်ကို အဓိကထား လေးစားရမယ် မဟုတ်လား။ ကျုပ်က တစ်ချက်ပဲတွက်ခဲ့ပါတယ်။ ဟုတ်ပါတယ် နှစ်ယောက်ရှိပါတယ်။ ခုသုံးယောက်ယူဖို့ ကြိုးစားနေ ပါတယ်။ အဲဒီသရုပ်ဆောင်မှာ နှမလေးများရှိသေးရင် ယူပါဦးမယ်လို့ပြောခဲ့တယ်။ နောက် အယုတ်တမာတွေ ညစ်တီးညစ်ပတ်တွေ ပြော သွားတာလည်း အများကြီးဘဲဗျ။

ပင်။ ။ နေပါဦး အဲဒါကို ပရိသတ်က ဒီလိုပဲငြိမ်ခံနေသလား။ ခင်ဗျားကကော ဒါလောက်လေးဘဲ ပြန်ပြောခဲ့သလား။
သော်။ ။ မပြောတော့ပါဘူးဗျာ သူ့အကြောင်းပြောရရင် ညောင်မြစ်တူးတာ ပုတ်သင်ဥတွေ ပေါ်ကုန်ပါလိမ့်မယ်။ သူ့မိဘတွေပါ ထိခိုက် နစ်နာကုန်ပါလိမ့်မယ်။ သူ့မိဘတွေပါ ထိခိုက်နစ်နာကုန်ပါလိမ့်မယ် သူ့မိဘက သူ့ကို ကြည့်ဆုံးမပါလိမ့်မယ်။

ပင်။ ။ ဝမ်းနည်းစရာကောင်း ရှက်စရာကောင်းလိုက်တာဗျာ။ ဒါသက်သက် စော်ကားသွားတာဘဲ ဒီလိုလူမျိုးကို စာပေစင်မြင့်ထက်က ရိုက် ပုတ်မောင်းထုတ်ဖို့ ကောင်းနေပြီနော်။ ရုပ်ရှင်ပိတ်ကားထက်က လုပ်သလို ထင်ရာလုပ်လို့ရတယ်များ အောက်မေ့နေသလားမသိဘူး။ နောက်ဆုံးမတော့ အောက်တန်းကျတဲ့လူဟာ အောက်တန်းကျကျ ပြုမူတတ်သလား မသိဘူး။ ကိုယ့်ဇာတိ ကိုယ်ပြတာပါဘဲ။
သော်။ ။ ကျွန်တော်ကတော့ သင်ခန်းစာရသွားပြီ။ နောက်ဆိုရုပ်ရှင်သရုပ်ဆောင်နဲ့အတူ တစ်စင်တည်း မဟောပြောတော့ဘူး။ ရုပ်ရှင် သရုပ်ဆောင်ကို နားထောင်ချင်တယ်ဆိုတဲ့လူတွေလည်း ကျုပ်ကိုလာမဖိတ်ကြနဲ့။ ဒါအပြတ်ဘဲ။

ဒါ။ ။ ဒီညနေခင်ဗျား ဂလက်စ်မော့ဝိုင်းမှာ သောက်ရတာ ဝီစကီကတစ်မျိုးကြီးဘဲဗျာ။ ဒေါသကြောင့် ခါးနေတယ်ထင်ပါရဲ့။ ထွီ …. တလော ကသားတည်းမို့ သူ့ကိုယ်စား ကျွန်တော်ရှက်တယ်ဗျ။ ဟီး …. ဟီး …. ဟီး ….။

www.shwezinu.com မှ ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts