>Journal pieces on Dec 11

>

အလှမယ် တင်ပြစရာ မလို၊ ဟိုတယ်များ ဘိ ဖြစ်ပြီ၊ ဂျာနယ်တစောင် ဘိုလို ထုတ်မည်
အဝေးကြည့်မှန်ပြောင်း
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၁


Messenger ဂျာနယ်၊ ဒီဇင်ဘာ ၁၂


“တင်နောက်ပစ်တာ၊ ရင်ကြီး အရမ်းကော့တာ ဒါမျိုး မဟုတ်တော့ဘူး”
အပြောင်းအလဲတွေ တခါတရံ ဖြစ်နေတဲ့ မြန်မာပြည်မှာ အခု ထပ်ပြောင်းတာ တခုကတော့ လူလုံးပြပွဲမှာပါ။ ကာယအလှမယ် ၀တ်စုံတွေ၊ စတိုင်တွေ ပြောင်းတော့မယ် ဆိုပဲ။
နိုင်ငံတကာဝင်ဆံ့ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်ပုံရပါတယ်။
အမျိုးသားတွေကတော့ ရေကူးဘောင်းဘီနဲ့ပဲ ပြိုင်ရမယ် ထင်ပါတယ်၊ ဒီအကြောင်း သတင်းထဲတော့ ထည့်ရေးမထားပါလေ။


ခပ်သွက်သွက် ရေးထားတဲ့ ဆရာမောင်ဝံသ ဆောင်းပါး
အကျဉ်းသားတွေ ထပ်မလွှတ်ပေးလို့ ဦးသိန်းစိန်ကို မေးခွန်းထုတ်နေကြပြီ လို့ ရေးထားပြီး ဘာကြောင့် မလွှတ်ပေးရတာ ဖြစ်နိုင်ချေရှိတယ် ဆိုတဲ့ အသံတချို့အကြောင်းလည်း ရေးထားပါတယ်။
ဦးနေ၀င်း အစိုးရက လူထုကို နိုင်ငံရေးအပြင်ဘက် ပို့ခဲ့တယ် ဆိုပြီး အဲဒီခေတ် လူထု အခြေအနေကို နိဂုံးပိုင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိ လူထု ဘာလုပ်သင့်သလဲ၊ လက်ရှိ လှုပ်ရှားမှုတွေဟာ စိုးရိမ်စရာ ဟုတ်မဟုတ် ဆိုတဲ့ သူ့အမြင်တွေကို ဆောင်းပါးအဆုံးမှာ ရှင်းပြထားတာ ဖတ်ရမှာပါ။


ဟိုတယ် အတော်များများက ဘိ တွေ ဖြစ်နေ
တတ်နိုင်သူတွေက ဟုတ်တာတွေရော မဟုတ်တာတွေရော တိတ်တိတ်လေး လုပ်ကြဖို့ ဟိုတယ်တွေကို သုံးနေကြပြီ တဲ့။ ဘာတွေလဲ သိချင်ရင် ဖတ်ပါတော့ဗျာ။
အငြိမ်းစားကောလိပ်ကျောင်းအုပ်ကြီး ဆိုသူကို ကိုးကားထားတဲ့ သတင်းပါ။
မသင်္ကာတဲ့ ဟိုတယ်တွေကို ၀င်စစ်ဖို့လိုတယ်လို့ ဥပဒေ ကျွမ်းကျင်သူတဦးရဲ့ ပြောဆိုချက်ကိုလည်း ဖတ်ရပါတယ်။
ဟိုတယ် အတော်များများက ဘိ တွေ ဖြစ်နေတာကတော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မတိုင်ခင်ကတည်းက နိုင်ငံတကာမှာ ဖြစ်နေခဲ့လေတော့ ဒါကို အင်း … ဒါကို …။

သတင်းတိုလေးထဲမှာ ကြော်ငြာတခု ထည့်ထားတာတော့ ကြိုက်တယ်။
ရန်ကုန်က ဟိုတယ်တချို့ ကြယ်ငါးပွင့်အဆင့်ရှိကြောင်း ကြေညာထားတာ အာပလာတွေပါ၊ အဲဒီအဆင့် မရှိပါဘူး တဲ့။ မှတ်ချက်ပြုသူက ကြယ်လေးပွင့်အဆင့်ဟိုတယ်ပိုင်ရှင်တဦး လို့ ဆိုတယ်။
ဒီလူ့ကိုလည်း သုံးပွင့်ဟိုတယ်တွေက အာပလာ လို့ ပြောရင် ပြောနိုင်တယ်။
သြော် – ကြယ် … ကြယ် … ကြယ် …။
ကြယ် ငါးပွင့် မရှိတာလည်း ကောင်းတာပဲ။ ငါးပွင့် ရှိရင် သင်္ဘောနဲ့ တူနေဦးမယ်လေ။ ဟုတ်ဘူးလား။


အမျိုးသမီး၊ မော်တော်ကား နဲ့ လိင်ဆက်ဆံမှု
ဒါက AP သတင်းကို ပြန်ရေးထားတာပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြုပြင်ပြောင်းလဲလိုသူ ရှိသလို ရှေးရိုးဆန်သူတွေ အင်အားကောင်းနေသေးတာကြောင့် တချို့ဒေသတွေမှာ ကားမောင်းခြင်းဟာ အမျိုးသားတွေအတွက်ပဲ ဖြစ်နေပါတော့တယ်။
လိင်ဆက်ဆံမှုကို တားမြစ်ချင်တယ် ဆိုရင်တော့ အမျိုးသားတွေကိုပါ ကားမောင်းခွင့် ပိတ်ပင်လိုက်ရင် ပိုသင့်တော်မယ် လို့ အကြံပြုတဲ့သူ ရှိမလား မသိပါ။

ဦးတေဇသား သတင်း
ကိုပြည့်ဖြိုးတေဇရဲ့ အမှုတခုမှာ ဥရောပတရားရုံးရဲ့ ထောက်ခံမှုရတယ် ဆိုတဲ့ သတင်းပါ။
ဒီထောက်ခံမှုရတာနဲ့ ပတ်သက်ပြီး “မကြာခင်မှာ အတိအလင်း အသေအချာ”ကို ကြေညာပေးသွားမယ် တဲ့။


နံနက်ခင်း ဂျာနယ်၊ ဒီဇင်ဘာ ၁၄

ကိုကိုကိုင်ဇာ အိမ်ထောင်ရှင် ပြန်ဖြစ်ပြီ
အိမ်ထောင်ရှင် ဖြစ်လာတဲ့ ကိုကိုင်ဇာ ဆိုပြီး သတင်းတပုဒ်တွေ့ရလို့ ကူးထည့်ပေးလိုက်ပါတယ်။ ဘယ်တုန်းက ဘယ်သူနဲ့ အိမ်ထောင်ရှင်ဖြစ်သွားတယ်ဆိုတာ သိချင်ရင်တော့ ဖတ်မနေနဲ့။ အဲဒီအကြောင်း သတင်းထဲ ပါဘူးဗျ။

ခန့်စည်သူရဲ့ နိုင်ငံရေး သုံးသပ်ချက်
ရုပ်ရှင်စတားတွေ ပါဝါ ၅၄ သွားလို့ နိုင်ငံရေးစကား ပြောတတ်လာတာများလား မသိပါ။ လက်ဘက်ရည်ဆိုင်မှာ တွေ့ရတဲ့ သတင်းသမားတယောက်က ခန့်စည်သူစကား တယ်ဟုတ်ပါလား ပြောတာနဲ့ ကူးထည့်ပေးလိုက်ပါတယ်။ တကယ်လည်း ကောင်းပါတယ်။ ဖတ်ပါ။

Messenger ဂျာနယ်၊ ရက်စွဲ မမှတ်မိ

ဦးတေဇ ပါဝါ ၅၄ သွား
သူဌေးကြီးဦးတေဇ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တယ် တဲ့။ ရေဒီယိုသတင်း ဘာသတင်းတွေမှာလည်း ပါပြီးသားပါ။ ဘာတွေပြော ဘာကြောင့်တွေ့သလဲဆိုတာ ဒီသတင်းမှာလည်း ရေးမထားပါ။
ထူးသူဌေးကြီးရဲ့ ခြေလှမ်းက ထူးခြားနေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမေစုကို ရန်ပုံငွေ သွားပေးတာ ဖြစ်မှာပေါ့လို့ လက်ဘက်ရည်ဆိုင်မှာ ဆုံရတဲ့ NLD က နိုင်ငံရေးသမားတယောက်က ထင်ကြေးပေးတယ်။ ဒီနိုင်ငံရေးသမားအထင် မှန်ရင်တော့ ဥရောပကလည်း ဦးတေဇကို ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းမှာ သေချာတယ်။
ဥရောပဆရာတွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် ငွေထုပ်ကြီးတွေ ပစ်ပေးပြီးပြီမဟုတ်လား။ ဆက်လုပ် ဆရာတေ၊ ဆက်လုပ်။
ဆရာ အမြော်အမြင်ကြီးလို့ ဒီလောက် ကြီးပွားလာတာ မအံ့သြတော့ပါလေ။

မြန်မာပို့စ် ဂျာနယ်၊ ဒီဇင်ဘာ ၇

သန်း နှစ်ထောင်လိမ်တယ်၊ ပြေးတယ်
လိမ်တဲ့သတင်းတွေကတော့ ကျုပ်တို့ ရန်ကုန်မှာ နေ့တိုင်းကြားနေတာ ဘာဆန်းလဲ။
ဒါကတော့ ဆန်းတယ်။ ငွေအမောင့်လည်း များတယ်။ ဂျာနယ်မှာက ပုံပါ ထည့်ထားတယ်လေ။

သန်း လေးထောင် လိမ်တယ်၊ သူလည်း ပြေးတာပဲ
သန်း နှစ်ထောင်က ဘာဟုတ်သေးလဲ။ ဟောဒီမှာ လေးထောင် တဲ့။ အယုံသွင်းပြီး အချီကြီး လိမ်သွားတဲ့သတင်းပါ။


နော်ဝေသားများ မြန်မာပြည် လာတော့မည်
နော်ဝေ အစိုးရတင် မြန်မာပြည်ကို ဓာတ်ကျတာမဟုတ်၊ သူ့နိုင်ငံသားများလည်း ဓာတ်ကျတော့မယ် ဆိုပဲ။
နော်ဝေကောင်စစ်ဝန်က သတင်းသမားတွေကို ပြောပြတာပါ။ ဘယ်တော့လာမလဲ၊ ဘယ်လောက်များမလဲ ဆိုတာတွေကိုတော့ အနှီ ကောင်စစ်မင်းက မြွက်ကြားသွားဟန် မတူပါလေ။

သတင်းကို အင်္ဂလိပ်လို ထုတ်တော့မယ်
သိပ်ကောင်းတဲ့ အစီအစဉ်ပဲ။ အင်္ဂလိပ်လို ထုတ်တော့မယ်လို့တော့ ကြော်ငြာထဲ ရေးမထားပါ။ ဒါပေမယ့် အလိုရှိကြောင်း ကြော်ငြာမှာ အင်္ဂလိပ်လို ရေးနိုင်တဲ့ အယ်ဒီတာ ၈ ယောက် လိုတယ် လို့ ဆိုထားတယ်။
ဒီတော့ အင်္ဂလိပ်လို ထုတ်ဖို့ အရှိန် ယူနေပြီပေါ့။ ဂျာနယ် တစောင်လား၊ နှစ်စောင်လား မသိသေး။
ဟဲဟဲ၊ ဗြိတိသျှကောင်စီမှာ အင်္ဂလိပ်စာ သင်တန်း တက်ထားတာ ဟန်ကျပြီကွ။
အလုပ်လျှောက်ကြည့်ဦးမှပဲ။
အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အလုပ်လုပ်ကိုင်နိုင်ရမည် တဲ့။ ဒါကတော့ တွဲလုပ်ကြည့်မှ သိမယ့်ဟာပေါ့။ အင်း – အင်တာဗျူး ခေါ်ရင်တော့ မှင်မောင်းကောင်းကောင်းနဲ့ သွားအဗျူးခံလိုက်မယ်။ ကဲ – ရွာစားရေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts