>Wut Hmone – How we Cook the Book in Burma

>

ငွေစာရင်းမကွာအောင် လုပ်နိုင်သော ကြယ်ငါးပွင့်ပြည်တွင်းသင်္ဘောတစင်းအကြောင်း
ဝတ်မှုန် (စင်္ကာပူ)။ နိုဝင်ဘာ ၄၊ ၂၀၁၁
ကျွန်တော် ၁၉၈၉လောက်က သင်္ဘောအင်ဂျင်နီယာအဖြစ်ကြယ်ငါးပွင့်သင်္ဘောနဲ့ ရန်ကုန်၊ စစ်တွေ ခရီးစဉ် လိုက်ပါခွင့်ရပါတယ်။ စစ်တွေရောက်တာနဲ့စက်အဖွဲ့သားတဦးက ကိုနုအတွက် ဝေစုဆိုပြီး၊ ကျပ် ၅သောင်း လာပေးပါတယ်။ တော်တော် လန့်သွားမိတယ်။အစိုးရလစာငွေက ကျပ်၁၂၀၀ ပဲရတာ။ ဒါလောက်များတဲ့ငွကို သင်္ဘောတစ်ခေါက်ထဲနဲ့ ရတယ်ဆိုတော့တော်တော်ရာဇ၀တ်ကြီးတာပဲ ဆိုပြီး၊ မယူရဲဘူး။ အတင်းပေးတာလဲ ရိုးသား၊ငယ်ရွယ်၊ နုနယ်တဲ့ကိုနု ငြင်းပယ်လိုက်တယ်။
သင်္ဘောအင်ဂျင်နီယာချုပ်ဆီ ဒီသတင်းရောက်သွားပြီး၊အင်ဂျင်နီယာချုပ်က ကိုန ရှင်းပြတယ်။
“ညီလေး … ဒါက သင်္ဘောရဲ့ ပိုနေတဲ့ဒီဇယ်ဆီတွေကို အပြင်ရောင်းချပြီး၊ ရတဲ့ငွေတွေကို စက်အဖွဲ့သားတွေ ခွဲဝေပေးတဲ့ ဝေစုငွေပါ..”
လို့ ပြောတယ်။
ကိုနုက ..
” ဆီတွေ အများကြီးပိုတာ၊ ဖြစ်နိုင်ပါ့မလားအကိုကြိး၊တော်ကြာ သင်္ဘောက ဆီမလောက်လို့ လမ်းမှာ ရပ်သွားတာမျိုးဖြစ်သွားရင် ကျွန်တော်တို့အားလုံးကိုယ်ကျိုးနည်းရချည်ရဲ့”
ဒီဇယ်ဆီစာရင်းကို ကိုနု ကိုင်တွယ်ရသောကြောင့်၊သင်္ဘောဆီစားနှုန်းကိုလည်းသိသဖြင့်၊ လက်ကျန်ဆီဖြင့် ရန်ကုန်သို့သင်္ဘောမောင်းရန် မဖြစ်နိုင်ကြောင်းကိုလည်းပြောပြပါသည်။ စိုးရိမ်လှပါသည်။
သင်္ဘောအင်ဂျင်နီယာချုပ်က –
“ကိုနုရယ်။ စာရွက်ထဲမှာ ရေးထားတဲ့သင်္ဘောဆီစားနှုန်းဆိုတာ တကယ်တော့ ပိုပိုသာသာ ရေးထားတာပါ။ ငါတို့ ရှေးက အကိုကြီးများ၊သင်္ဘောအင်ဂျင်နီယာများ ရတဲ့လစာနဲ့မလောက်လို့ ဘေးပေါက်ကြံဖန်ရင်း ဆီရောင်းစားလို့ရအောင်လုပ်ပေးသွားခဲ့တာပါ။ သင်္ဘောရန်ကုန်ထိ မောင်းလို့ရပါတယ်။ လက်ကျန်ဆီနဲ့ ကောင်းကောင်းလောက်ပါတယ်။သင်္ဘောက နှစ်ပေါင်းများစွာကြာ ဟောင်းလာလို့ ဆီစားနှုန်းတက်လာတယ်။ တက်လာတဲ့ ဆီစားနှုန်းကိုပိုပိုသာသာလေး တိုးလိုက်တယ်။ နှစ်ပေါင်းများစွာကြာလာတော့ စာရွက်ထဲမှာ ကိုနုမြင်ရတဲ့ဆီစားနှုန်းက အတုကြီးဖြစ်နေတာပေါ့။ အကိုက ဒီသင်္ဘော လိုက်လာတာ ၁၀ခေါက်မကတော့ပါဘူ။ စိတ်မပူနဲ့ညီလေး..ရော့ယူထား “
ဆိုပြီး ပိုက်ဆံထုတ်ကို ပေးပါတယ်။
ကိုနု .. ငွေထုတ်ကိုယူလိုက်ရပါတယ်။
ဒါပေမဲ့ တခု ထပ်မေးလိုက်ပါသေးတယ်။
“အကို .. ဒါနဲ့ သင်္ဘောကပ္ပတိန်နဲ့အဖွဲ့ကလည်းတရားမ၀င်ကုန်တွေ တန်ချိန်များစွာ တင်နေကြတာတွေ့ရတယ်။ သင်္ဘောစာအုပ်အရ သင်္ဘောတင်နိုင်တဲ့တန်ချိန်ထက်ပိုနေပြီ။ မတန်မဆ ကုန်တွေ ဒါလောက် တင်နေရင် လမ်းမှာ သင်္ဘောတခုခုဖြစ်သွားရင်ပြသနာပဲ။ သူတို့လည်း ကုန်တန်ချိန်အပိုတွေက ငွေတွေကို ခွဲဝေယူနေကြတာ .. ကျွန်တော်တို့ရတဲ့ဝေစုထက် ၃ဆလောက်တောင် များတယ် … “
ဟု စိုးရိမ်စွာမေးလိုက်ပါသည်။
သင်္ဘောအင်ဂျင်နီယာချုပ်က ပြုံးပြီး
” ညီလေး .. သူတို့လည်း အကိုတို့လိုပါပဲ။သင်္ဘော တကယ်တင်နိုင်တာက တန် ၅ ထောင်၊ ၅% လောက် ပိုတင်နိုင်ပါတယ်။ ဒါပေမဲ့ သင်္ဘောက ဟောင်းလာပြီဆိုတော့သူတို့ ကုန်းပတ်အဖွဲ့ကလည်း စာရွက်ထဲမှာ တန် ၄၅၀၀ ပဲ တင်ရင် စိတ်ချရတယ် ရေးထားတယ်။ တရားဝင်တင်နိုင်တာက တန်၄၅၀၀ပဲ။  ဒီတော့ သူတို့ ပိုပြီး တင်ထားတဲ့ ကုန်ချိန်တွေကို သင်္ဘာကြီးကကောင်းကောင်းသယ်နိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ နှစ်အဆက်ဆက်က ကပ္ပတိတ်အကိုကြီးများ စနစ်တကျလုပ်လာခဲ့တာပါ။စက်အဖွဲ့လိုပဲ ကုန်းပတ်အဖွဲ့လည်း ဘေးပေါက်ရအောင်လုပ်ရတာပါ။ သူတို့ ငွေပိုရတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။သူတို့က ကုန်သယ်တွေအများကြီးနဲ့ လုပ်စားရတော့ ရထိုက်ပါတယ် ..”
လို့ စက်ချုပ်ကြီးက ရှင်းပြပါတယ်။
ကိုနုလည်း စဉ်းစားမိပြန်တယ်။
သြော် .. ခေတ်အဆက်ဆက်က လုပ်စားလာတဲ့ပြည်တွင်း၊ ကြယ်ငါးပွင့်သင်္ဘောလိုင်း .. ရှင်းရှင်း ပြောရရင်၊ တိုင်းပြည်ဘဏ္ဍာငွေကို ခိုးစားနေရတာစိတ်မဖြောင့်ပါဘူး။ သို့သော်လည်း ဘာတတ်နိုင်မှာလဲ .. ဆိုရှယ်လစ်ခေတ်က ဒိလိုပဲ လုပ်စားခဲ့ကြတယ်။န.၀.တ၊ န.အ.ဖ လက်ထက်ကြတော့ ရှေးရိုးနည်းသာမက ဗြောင်ပဲ တောင်းစား၊ လုပ်စားလာခဲ့ကြတယ်။တိုင်းပြည်ကြီးလည်း ဖတ်ဖတ်မွဲသွားပါတယ်။ 
သြော် .. ဒါနဲ့၊ ကိုနုလည်း အဲဒီတစ်ခေါက်ပဲကြယ်ငါးပွင့်သင်္ဘောလိုက် ရတယ်။ ရိုးသား၊ စိုးရိမ်တတ်တဲ့ ကိုနုကို စက်အဖွဲခေါင်းဆောင်ကနောက်အခေါက်တွေမှာ မခေါ်တော့ပဲ ချန်ထားလိုက်တယ်။ ကိုနုလည်း စင်ကာပူကို အလုပ်လုပ်ဖို့ထွက်လာခဲ့ရတယ်။အနှစ်၂၀နီးပါးကြာခဲ့ပြီပဲ။
များများ လုပ်စားနိုင်သူများ သူဌေးဖြစ်၊ထောင်ကျ .. အဖြစ်အပျက်များစွာပဲ။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
ရှင်းနေပါတယ်။ အစိုးရဟောင်း ခေါင်းဆောင်များကတာဝန်အရှိဆုံးနဲ့ ..  နောက်ဆုံးအဆင့် ကျွန်တော်ကိုနုလည်း တာဝန်ရှိပါတယ်။
မြန်မာအလင်းသတင်းစာတိုက် ၀န်ထမ်း ၃ဦးက သိန်းပေါင်း ထောင်ချီ ခိုးတယ်ဆိုပြီး အဖမ်းခံရတာတော့ .. ခေတ်အဆက်ဆက်က ခိုးစားခဲ့မှုကို ဒီ၃ယောက်က ခံသွားရပါတယ်။
လောကကြီးက ဒီလိုပါပဲလေ။
(ဧရာဝတီသတင်းဝက်ဆိုက်ကသတင်းခေါင်းစဉ်မှာ မြန်မာ့အလင်း သတင်းစာတိုက်တွင် ငွေ ကျပ် သိန်း ၈၀၀၀ စာရင်းကွာဟနေမှုကြောင့်ဝန်ထမ်းသုံးဦးကို တရားစွဲထားကြောင်း စုံစမ်း သိရှိရသည်။ ငွေကိုင် မန်နေဂျာ၊ စာရင်းကိုင်နှင့်ဖြန့်ချိရေးတာဝန်ခံ သုံးဦးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရဲစခန်းတွင်  အမှုဖွင့် တရားစွဲထားခြင်း ဖြစ်သည်။  http://burma.irrawaddy.org/archives/1887)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts