>Letters from Michigan – 86

>

မစ်ရှီဂန်ကပေးတဲ့စာ(၈၆)
အောင်ဝေး
စက်တင်ဘာ ၂၀၁၁

၂၀၀၇ စက်တင်ဘာတုန်းက၊ သံဃာတော်တွေ ဦးဆောင် ဆင်နွှဲခဲ့ကြတဲ့ မြန်မာ့ ရွှေဝါရောင်တော်လှန်ရေး အကြောင်း ပြန်ပြောင်းအောက်မေ့ဖွယ်ရာ တချို့ကို တင်ပြထားပါတယ်


မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့များလည်းသာပါရဲ့နော်။ မုတ်သုံမိုးများလည်း ရွာပါရဲ့နော်။ ဒီမှာတော့ အမိတိုင်းပြည် အဝေးကို တွေးလို့ ငေးနေမိတဲ့ စက်တင်ဘာ ညနေခင်းလေးတခုပဲ ဆိုပါတော့။ ငန်းရိုင်းတအုပ်၊ မြားဦးသဏ္ဌာန် လုပ်ပြီး၊ သုတ်ခနဲဆို ကိုယ့်ဦးခေါင်းပေါ်က ဖြတ်ပျံသွားတာကို မျက်စိတဆုံး လိုက်ငေးကြည့်နေခဲ့မိတယ်။

ဒီလို စက်တင်ဘာညနေခင်းတခုမှာပဲပေါ့။ အဲဒီတုန်းက အိပ်တန်းပြန်ချိန်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်က ဘတ်စကား မှတ်တိုင် တခုမှာပဲပေါ့။ ထုံးစံအတိုင်း ညနေ နေမ၀င် မိုးမချုပ်ခင် မြို့သစ်ကလေးတွေဆီကို ပြန်ကြမယ့်လူတွေနဲ့ စုခဲအုံဖွဲ့နေတဲ့ရန်ကုန်ညနေခင်းပေါ့။ မိုးကလည်း သည်းလိုက်၊ စဲလိုက်၊ ဖွဲလိုက်နဲ့ အဆက်မပြတ် ရွာနေတော့တယ်။

အဲဒီအချိန်မှာ ဆူးလေဘုရားလမ်းဘက်ကနေ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမထဲကို ချိုးကွေ့ဝင်လာတဲ့၊ သာသနအလံ တလူလူနဲ့၊ မေတ္တာပို့ စီတန်း လမ်းလျှောက်လာတဲ့ သံဃာတော်အုပ်စုတန်းကြီးကို ဘွားခနဲလည်း မြင်လိုက်ရရော၊ ဘတ်စကားမှတ်တိုင်က လူအုပ်ကြီးဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတော့တယ်။
လူများစုက သံဃာတော်တွေ ချီတက်လာနေတဲ့ တူရူဘက်ကို ပိုပြီး နီးအောင်လို့ ပြေးသွားကြပါတယ်။ လူနည်းစုက သံဃာတော်တွေရဲ့ လမ်းကြောင်းနဲ့ဝေးမယ့်ဘက်ကို ရှောင်ရှားထွက်သွားကြပါတယ်။ ဒါကို ကျနော် သတိပြုလိုက်မိပါတယ်။

လွန်ခဲ့တဲ့(၁၉)နှစ်၊ ဗိုလ်ချုပ်ကြီးစောမောင် န၀တစစ်အစိုးရက အာဏာသိမ်းလိုက်တဲ့ စက်တင်ဘာလ(၁၈)ရက်နေ့၊ အဲဒီနေ့မှာ ရန်ကုန်တမြို့လုံးက သံဃာတော်တွေ အင်နဲ့အားနဲ့ အုံနဲ့ကျင်းနဲ့၊ ဇွဲနဲ့မာန်နဲ့လမ်းမတွေပေါ်ကို ထွက်လာကြတယ်။ ဆူးလေဘုရားကို ဦးတိုက်ပြီး မေတ္တာပို့ ဆုတောင်းကြတယ်။ စီတန်းလမ်းလျှောက်ပွဲကို နွဲခဲ့ကြတယ်။ မိုးတွေကလည်း သဲသဲမဲမဲ ရွာနေတယ်။ သံဃာတော်တွေလည်း မိုးရေတွေ ရွှဲရွှဲစိုနေတယ်။

အစပထမတော့ လူတွေက သံဃာတော်တွေကို ရပ်ငေးကြည့်နေကြတယ်။ နောက်မှသံဃာတော်တွေအနားကို ၀ိုင်းအုံ စုဝေးလာကြတယ်။ နောက်တော့ သံဃာတော်တွေစီတန်းလမ်းလျှောက်ကြတဲ့နောက်ကို ဘေးက ခြံရံပြီး၊ လူအုပ်တန်းကြီး လိုက်ပါသွားတော့တယ်။

စက်တင်ဘာတညနေခင်း၊ ဘတ်စကားမှတ်တိုင်မှာ ကြုံလိုက်ရတဲ့မြင်ကွင်းက ဘာကိုပြသလဲဆိုတော့၊ အဲဒီအချိန်အထိ တချို့လူတွေ အကြောက်တရားနဲ့ နောက်တွန့်နေခဲ့သေးတယ်ဆိုတာပါ။ သံဃာတွေအနားကို မကြောက်မရွံ့ နောက်မတွန့်ဘဲ၊ ရဲရဲကပ်ရဲတာကကျောင်းသားလေးတွေ၊ လူငယ်လေးတွေပါပဲ။
တချို့ အနားမကပ်ရဲတာကို အပြစ်ပြောလို့တော့လည်း မရပါဘူး။

စီတန်းလမ်းလျှောက်နေတဲ့သံဃာတွေကို ရေသန့်ဘူး ကပ်လို့ ဆိုပြီး၊ ကိုယ်ဝန်အရင့်အမာနဲ့ ဗိုက်ကြီးသည်ကိုတောင်၊ နအဖစစ်အစိုးရက အလွတ်မပေးဘဲ၊ လက်ရဲဇက်ရဲ ဖမ်းဆီးပြလိုက်တဲ့ အခြေအနေမှာရှိခဲ့တာ မဟုတ်လား။

ဒါပေမဲ့၊ နောက်ဆုံးမှာတော့ တနေ့ထက်တနေ့၊ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ဆန္ဒပြတဲ့ သံဃစစ်ကြောင်းတွေကလည်း များများလာတယ်။ သံဃာတော်တွေကို ဘေးကနေ လိုက်ပါဝန်းရံနေတဲ့လူတန်းကြီးကလည်း ရှည်ရှည်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃတိုက်ပွဲဟာလူထုတိုက်ပွဲအသွင် ဆောင်လာပါတယ်။

အတက်ကြွဆုံးကတော့ လူငယ်လူရွယ် ကျောင်းသားကလေးတွေပါပဲ။ သူတို့ကိုကြည့်လိုက်တော့ ယောက်ျားလေးတွေက နားမှာ နားကွင်းကလေးတွေနဲ့။ သရီးကွာတား ဘောင်းဘီတိုလေးတွေနဲ့။ မိန်းကလေးတွေ ဆိုရင်လည်း ခေတ်ပေါ်ကိုရီးယားဒီဇိုင်းနဲ့။ စကတ်နောက်ကွဲလေးတွေနဲ့။ တကယ့်ကို ငယ်ရွယ်နုပျိုတဲ့ မျိုးဆက်လေးတွေပါ။ ဒါပေမဲ့ သူတို့ရဲ့မျက်နှာပေါ်မှာတော့ ရိုးသားဖြူစင်ခြင်း၊ ရဲဝံ့စွန့်စားခြင်း၊ အမှန်တရားမြတ်နိုးခြင်း အဆင်းအရောင်တွေနဲ့တောက်ပလို့ပေါ့။

ကိုဒေါင်းကြီး… ဒီမြင်ကွင်းတွေကပဲ ကျနော်တို့ကို၊ စာပေအနုပညာရှင်တွေကို လမ်းပေါ် ထွက်လာအောင် လုပ်ခဲ့တာပါပဲ။ သံဃာတွေက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူထုအတွက် တိုက်ပွဲဝင်နေကြပြီ။ ကျောင်းသား လူငယ်လေးတွေကလည်း ရဲရဲဝံ့ဝံ့နဲ့၊ သံဃာတော်တွေကို ၀န်းရံချီတက်နေကြပြီ။ အဲဒီအချိန်မှာ ကျနော်တို့စာပေအနုပညာရှင်တွေ ဘာလဲ၊ ဘယ်လဲ။

ကိုဒေါင်းရေ၊ ကျနော်တို့ဘယ်လိုမှနေလို့မရတော့ဘူးမဟုတ်လား။ ကိုယ့်အသိစိတ်နဲ့ကိုယ်၊ မိုးထဲရေထဲ သံဃာတော်တွေကိုလိုက်လံစောင့်ရှောက်ကူညီပေးတဲ့သူကပေးနေကြပါပြီ။ ကိုယ်နဲ့လက်လှမ်းမီသလောက်၊ ကိုယ့်အုပ်စုကလေးနဲ့ကိုယ်၊ ကိုယ်တတ်နိုင်တဲ့ဝန်ကို ကိုယ်ထမ်းနေကြပါပြီ။

ဒီလိုအခြေအနေမှာ ကျနော်တို့၊ ကိုဇာဂနာတို့လည်း ခေါင်းချင်းဆိုင်မိကြတော့တာပါ။ ကျနော်တို့တွေဟာ နဂိုကတည်းက စုပေါင်းခေါင်းဆောင်တဲ့ အလေ့အထကို နှစ်သက်လက်ခံကြ၊ လက်တွေ့ ကျင့်သုံးတတ်ကြတဲ့သူတွေ ဆိုတော့၊ အဲဒီတုန်းက အများနဲ့ တိုင်ပင် ညှိနှိုင်းပြီး ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို၊ ပြည်သူလူထု တယောက်အနေနဲ့ လုပ်ခဲ့ကြတာပါပဲ။

ဒီတုန်းက တိုက်ပွဲကို သံဃာတွေကဦးဆောင်နေတာ ဆိုတော့၊ သံဃခေါင်းဆောင်တွေနဲ့ဆက်သွယ်ရတယ်။ သံဃာတွေကို ကျနော်တို့ရဲ့တိုက်ပွဲအမြင်၊ တိုက်ပွဲသဘောထား၊ တိုက်ပွဲလမ်းစဉ်တွေကို လျှောက်ထား တင်ပြကြတယ်။ သံဃာခေါင်းဆောင်တွေရဲ့အမိန့်နဲ့ တားမြစ်ချက်တွေကို လိုက်နာပါ့မယ်လို့ ကတိပေးပြီး၊ စက်တင်ဘာလ(၂၄)ရက်နေ့၊ အထွေထွေသပိတ်ကြီး စတင်ဆင်နွှဲဖို့ ကျနော်တို့တပြည်လုံးကို ကြေညာ တပ်လှန့်ခဲ့တာပါပဲ။

အဲဒီနေ့ကိုရောက်တော့၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားကြီး တ၀ိုက်မှာ သံဃာပရိသတ်နဲ့ လူပရိသတ် သိန်းချီစုဝေးနေပါပြီ။ လူထုဟာ တိုက်ပွဲကို ဆာလောင်နေပါပြီ။ အဲဒီနေ့က ပထမဆုံးလှုပ်ရှားမှုအနေနဲ့ ကျနော်တို့ အရေးပေါ် စီမံပြီး၊ စုဝေး ရောက်ရှိနေကြတဲ့ တိုက်ပွဲဝင်သံဃာတော်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပါတယ်။

အဲဒီလို အရေးပေါ် ဆွမ်းတနပ်နဲ့ တခန်းမရပ်တဲ့ အလွမ်းဇာတ်ကြီး စတင်ခဲ့တာပဲလို့ ဆိုပရစေ။ ကျနော်တို့ စာပေအနုပညာရှင်တွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဆက်ပြောဦးမယ် ကိုဒေါင်းရေ…။

အားလုံးကို သတိတရနဲ့…

အောင်ဝေး
စက်တင်ဘာ ၅-၂၀၁၁။


မူရင်း – လွတ်လပ်တဲ့အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts