>Mar Mar Aye 394

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၄)

လူငယ်လေးတဦးရဲ့သီချင်း
မာမာအေး
စက်တင်ဘာ ၁၈၊ ၂၀၁၁

BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

“—လိုတာဖြည့် ပိုတာနှုတ် တေးတပုဒ် အသစ် ၀ိုင်းပြီး ဖန်တီးပေးကြရင် ကိုယ်ပိုင်သံစဉ် တေးရေးဆရာတွေ များပြင်သောင်းသောင်း ထွက်ကောင်းပါလိမ့်မယ်—”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ပြီးခဲ့တဲ့အစီအစဉ်မှာ မာအေးတို့ ဂီတကောင်စီကို နာယကအဖြစ် လုပ်ဆောင်ပေးသွားတဲ့ ပုဂ္ဂိုလ်ကြီး တဦးက သူတို့ လူငယ်ဂစ်တာဝိုင်းလေးတွေကိုလဲ ပေါ်လစီခရီးမှာ တနည်းသုံးနိုင်ခဲ့တာဘဲ ဆိုတဲ့ အသိနဲ့ ရှိနှင့်ပြီးသား သဘင်၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ ပန်းပု၊ အနုပညာအစုကြီးထဲ ၀င်နွှဲခွင့်ပေးလိုက်တဲ့အကြောင်း ပြောခဲ့ပါတယ်။

ဒီ လူငယ် အပျော်ကြိုက်တဲ့ ခလေးတွေ ဂီတရွက်ပုန်းသီးအဖြစ် ထွန်းသစ်လာတာလား၊ ဂီတနယ်မြေ တဆစ်တပိုင်း ၀ိုင်းမကြဘို့လား၊ ဘာကို ဦးတည်သွားကြမလို့ပါလဲ၊ ဂီတ၀န်းကျင်မှာမှ မသဲမကွဲသေးခင် “အရှင်မွေးတော့ ချက်ချင်းကြီး” ဆိုတဲ့ စကားပမာ ဂီတကမ္ဘာသေး – တာဝေး ပထမ၊ သူတို့ပါမှ ဖြစ်လာရပါတယ်။

မြန်မာဒိုးပတ်သီချင်းသံဟာ နှလုံးသားထဲမှာ ရိုးရာခေါက်ရိုး ကျိုးနေလို့သာ မမေ့မပျောက်ကြတာပါ၊ သီချင်းအလိုက် ကြားတာနဲ့ ဒါဟာ ဒိုးပတ်သံဟဲ့ ဆိုတာမျိုး သိနေသေးတာမျိုးကို ပြောတာပါနော်။ ဒိုးပတ်သီချင်းသံအလိုက်ကို “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ကျင်းပတဲ့ အချိန်မှာ အသုံးတည့်အောင်၊ ပေါ်လစီ ၀င်အောင်၊ ကြော်ငြာရအောင် ရွေးနှုတ် သီကုံးတဲ့ သီချင်းစာရဲ့ မွေးစားခြင်း ခံလိုက်ရတာကြောင့် ‘စတီရီယို’ လို့ ခေါ်နေတဲ့ ဂီတသစ်တော့ ဖြစ်မသွားပါဘူး။ ဒါကို တပိုင်း ထားလိုက်ပါ။ အဲဒါမျိုး လုပ်လို့ ရနိုင်တယ် ထင်တဲ့ စီးဝါး သွက်သွက်၊ အဖိုးအနဂ္ဂထိုက် အရှူအရှိုက် အဆွဲအငင် ပဒေသာပင်လို သုံးနိုင်တဲ့ သံဆန်းနုယဉ် ကျေးလက်စာသဘင်တွေကဖြင့် အဲဒီလို ခေတ်ထတယ် ဆိုတဲ့ ဟာတွေထဲ ပါတော်မူကုန်ကြပါရော့လား။ ခုဆိုရင် – ရောတဲ့၊ သမတဲ့၊ မွှေတဲ့ ခလေးတွေ လက်ထဲ မောင်ပုလဲထက်များ ဆိုးသွားပြီလား မပြောတတ်ဖူးရှင်။ “အမှားညီလျှင် ဤကို ကျွဲဖတ်”တော့ ဖြစ်လာလိမ့်မယ် အထင်နဲ့ ရင်တထိတ်ထိတ်ပါဘဲ၊ စာနဲ့ ဂီတ ချစ်မိမှတော့ လျှော့မတွက်နိုင်ဘူးရှင်။

ဒါတွေ တိုင်ချင်းလွန်းတော့ သွားနှင့်လေသူ ပြည်သူချစ် စာရေးဆရာမကြီး ဒေါ်ဒေါ်မာကို သတိရ တမ်းတ ဖြစ်မိပါတယ်။ ဒေါ်ဒေါ်က မာအေး မန္တလေး ရောက်လို့ သွားတွေ့ နှုတ်ဆက်တဲ့အခါတိုင်း – ခုလို ဖြစ်လာတာတွေ ပြင်ပက ဖိစီးမှု၊ လွှမ်းမိုးမှုတွေကို ဘယ်လို ကာကွယ်ဖို့ စဉ်းစားထားသလဲ၊ ဘာလုပ်လို့ ရနိုင်သလဲ လို့ မေးခဲ့တုန်းက ဗြုန်းကနဲ မဖြေနိုင်ခဲ့လို့ပါ။ မာအေး အတွေးမပြတ်ခဲ့တာကို သတိရတာလေရှင်။

ဒေါ်ဒေါ်မာ မေးစဦးတုန်းက အခုလောက်လဲ ဗမာဖက်က ပုံမပျက်သေးဘူးကိုး။ မာအေးကလဲ နေရာစုံ၊ သီချင်းမျိုးစုံကို ပုံကျပန်းကျ ဆိုဖြစ်နေတုန်းဆိုတော့ ဒေါ်ဒေါ်မာတို့လို လူကြီးသူမတွေဆီက အတွေးအကျကို အရကောက်မိရုံဘဲ ရှိသေးတာမို့လားရှင့်။

ကူပြီး စဉ်းစားကြည့်ကြပါဦးရှင်၊ နိုင်ငံတကာ ဂီတတွေ ကိုယ့်တိုင်းပြည်က ဂီတထဲ တစိမ့်စိမ့် ၀င်လာစတုန်းကတော့ သူတို့ရဲ့ သီချင်းသားတွေ၊ သူတို့ရဲ့ အသံတွေက ငြိမ့်ညောင်းတယ်၊ ဘယ်ချညာတင် ယူတတ်ရှာတတ်ရင် ပညာရနိုင်တယ်၊ အသံဟိန်းဖို့ အသံပြတ်အောင် သိမ်းဖို့ ဆွဲဆောင်မှု ရှိအောင် ရင်းတွင်းသံ ထည့်တာတို့တော့ မာအေး မှီးခဲ့ နည်းယူခဲ့ရပါတယ်။ သူတို့ဆီက ပညာရှင် အဆိုသမားကြီးတွေရဲ့ ဓာတ်ပြားတွေ နားထောင်နိုင်တဲ့ အချိန်မှာ မာအေးက အဆိုစမ်းခဲ့ရတာကိုးရှင့်။ ဒီလို ဒီခေတ်အဖြစ်မျိုးတွေ ဖြစ်လာလိမ့်မယ်လို့လဲ မထင်ခဲ့မိတာ အမှန်ဘဲ။

ပြီးတော့လဲ သီချင်းဆိုတာဟာ မူလကတော့ ၀ါသနာပါဘဲ။ နောက် အောင်မြင်လာတော့ ၀မ်းစာပညာ ဖြစ်သွားတော့တာပေါ့။ ဂီတနဲ့ ဆိုတဲ့ ပညာတရပ်ကို အလုပ်တခုလို လုပ်လာရတဲ့အခါကျတော့ အလုပ်ရှင်က အခရာ ဖြစ်လာပါတယ်။ သူ့စိတ်ကူးကို ပုံဖေါ်ပေးဘို့ တာဝန် ဖြစ်လာရတယ်။ ဒီသီချင်းမျိုး မဆိုချင်ပါဘူး – ရှောင်ပါရစေရှင် လို့ ဘယ်လို သွားညင်းရမလဲ၊ သူကလဲ သူ့အလုပ် သူလုပ်တာ မဟုတ်လား။ ရုပ်ရှင်ကိစ္စ ဆိုပါတော့ —- ဒါရိုက်တာက သူလိုချင်တဲ့ အဓိပ္ပါယ်နဲ့ ရေးခိုင်းဆိုခိုင်းခဲ့တာချည်းပါဘဲ၊ သူကလဲ ပရိသဒ်တွေ အပြင်မှာ ဘာတွေကြိုက်နေတာလဲ၊ ဘယ်သီချင်းမျိုးတွေ တိုးနေသလဲ ဖြိုးနေသလဲ ဆိုတာပါ နားစိုက်ရတာ၊ သိမှ ဖြစ်တာ ဆိုတော့ ခေတ်နဲ့ တထပ်ထဲကျအောင် လုပ်ကြ စီစဉ်ကြမှာဘဲ။ သဘောပေါက်ရဲ့မဟုတ်လား သောတရှင်။ အမျှင်မပြတ်ရတဲ့ကိစ္စ ဒါကလဲ တကြောင်းပေါ့နော။

ကက်ဆက်ခွေတွေဖက်မှာတော့ မာအေး ကံကောင်းပါတယ်။ အဲဒီနေရာမှာကျတော့ – ပြန်ဆိုတေးတွေ ခေတ်ထချိန်နဲ့ ထပ်ပြီး တိုးနေလို့ပါ။ မာအေးလဲ ပြန်ဆိုတေးလောက ကြုံကြိုက်ခဲ့တာပေါ့။ ဒါကြောင့် ခေတ်ဟောင်းသီချင်းတွေ သဘင်အငြိမ့်ခေတ်က သီချင်းတွေ ပြန်ဆိုခွင့်ရတဲ့အခါ ထုတ်လုပ်သူတို့အကြိုက် ရွေးလာတဲ့ သီချင်းတွေထဲက ကိုယ်ကြိုက်တဲ့ သီချင်းတွေကိုချည်း ရွေးထုတ်သီဆိုခွင့် ပေးကြတဲ့အတွက် အမြဲဘဲ ကျေးဇူးတင်နေမိပါတယ်။ မြန်မာသံသီချင်းတွေ လက်ကျန် များများ ကျန်တင်ရစ်စေလိုတဲ့ စေတနာကြောင့် ကိုယ်ပိုင်စီးပွားလုပ်သလို ကျိုးစားပေးခဲ့ပါတယ်။ အမှန်ပြောတာပါနော်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရောက်ရစေရဲ့။

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တယ်လို့ ပြောတာဟာ မင်္ဂလာဖြစ်မှာပါနော်။ ပြန်ဆိုတေး ဆိုတဲ့အထဲမှာ ခေတ်မီ ခေတ်ပေါ် စတီရီယိုခေါ်တဲ့ ကေါ်ပီတွေလဲ ပါတာပေါ့ရှင်။ မာအေး အနေနဲ့ လူငယ်တွေ နာမည်ယူ ကျော်ကြားထားတဲ့ စာသားနဲ့ သီချင်းမျိုးကို ပြန်လိုက်ဆိုရမှာ မသင့်တော်ဘူးလို့ ယူဆမိတာကြောင့် အသံသွင်းမယ့် ထုတ်လုပ်သူတချို့ကို ဆွေးနွေးကြည့်ပါတယ်၊ သီချင်းရဲ့အလိုက်ဟာ မူလကတည်းက သူများအသံဘဲ၊ ကမ္ဘာမှာပါ နံမည်ကြီးလို့ ဒီမှာပါ သီချင်းဖြစ်နေပြီ၊ ကိုယ့်ဥာဏ်နဲ့ကိုယ် ဒီအသံကို စာတမျိုးနဲ့ ကပ်ကြည့်ကြဘို့ ကောင်းတဲ့ အကြောင်းပေါ့ရှင်။ ဒိပြင်တခု ရှိသေးတယ်၊ ရှောင်ချင်တာကို ဆောင်စရာနဲ့ ပြောင်းကြည့်တဲ့သဘောပါ။

ကိုယ့်ဆရာများ ၀န်းကျင်မှာ ၀ါသနာပါလို့ ကိုယ့်သီချင်းစာလေး ကိုယ်ရေး၊ ကိုယ့်အသံလေး ကိုယ်ထည့်ကြည့်နဲ့ နေကြတဲ့ လူငယ်တွေ ရှိနိုင်ပါတယ်၊ အဲဒါမျိုးလို ကိုယ်ပိုင်စာနဲ့ ကိုယ်ပိုင်အသံနဲ့ စိတ်ကူး စပ်ဆိုထားတဲ့ သီချင်းလေးတွေ တွေ့လာရင် ရှိနေရင် ပို့ပေးလိုက်ပေါ့။ လိုတာဖြည့် ပိုတာနှုတ် တေးတပုဒ် အသစ် ၀ိုင်းပြီး ဖန်တီးပေးကြရင် ကိုယ်ပိုင်သံစဉ် တေးရေးဆရာတွေ များပြင်သောင်းသောင်း ထွက်ကောင်းပါလိမ့်မယ်ပေါ့ရှင်။ အဲဒီစကားကြောင့် ကျိုးစား ရေးကြည့်တဲ့ လှိုင်းက ခလေး – မောင်ထွန်းအေးရဲ့လက်ရာ မြည်းစမ်းကြည့်စေချင်ပါတယ်ရှင် –

အဖူးအငုံတွေ မွှေးပျံ့သန့်စင်စွာ လေပြေထဲမှာ အမောဖြေခဲ့တာ xx မောင့်ရင်ခွင်ထဲမှာ အချစ်ဆိုတဲ့ အနမ်းကမ္ဘာ၊ ကြင်နာသူ အေးမြစရာ xx မောင့်အလိုအတိုင်းသာ ပုံအပ်ချစ်တာ အမှန်ပါ၊ အချစ်တယောက်ထဲပါ xx မောင့်အပေါ်မှာ စွဲလန်းချစ်နေတာ၊ ဘာနဲ့နှိုင်းမလဲ နှိုင်းယှဉ်ကြည့်ပါ၊ ဝေဒနာဆို အဝေးမှာ၊ နေပါစေ အမုန်းကမ္ဘာ၊ မကြင်နာသူများရဲ့နေရာ၊ ချစ်ဇာတ်သိမ်းမှာ ပျိုကြောက်မိတာ၊ အမှန်ပါ၊ အမုန်း မဆိုနဲ့ကွာ xx
မောင် တကယ်ရက်စက်မှာလား၊ မောင်တကယ်မုန်းမေ့မှာလား၊ အနှစ်နှစ် အလလ ချစ်ခဲ့ကြတာ လူတိုင်းအသိပါမောင်၊ စွဲစွဲလန်းလန်း ချစ်ခဲ့ကြတာ နှလုံးသားအသိပါမောင်၊ တခြားပွင့်ပန်းတွေ – မောင်နမ်းမိမှာစိုး တိုးကာကြောက်နေတာ xx (အချစ် ဘယ်ရောက်နေမှ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts