>သတင်းတိုထွာ ၁၄

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၄
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၂၊ ၂၀၀၈

မြန်မာအစိုးရစာရင်းတွင် သေနှုန်းတိုး

အစိုးရရုပ်သံက မုန်တိုင်းကြောင့် သေဆုံးသည့်အရေအတွက်မှာ သုံးသောင်းကျော်သွားကြောင်း ယနေ့ ကြေညာလိုက်သည်ဟု AP သတင်းဌာနက ဆိုသည်။
ယနေ့ကြေညာလိုက်သည့် ပမာဏမှာ ၃၁၉၃၈ ဖြစ်သည်။ ယမန်နေ့က စာရင်းမှာ ၂၈၄၅၈ ဖြစ်သည်။

သတင်းထူးများ မြန်မာပြည်တွင်ဖော်ပြပြီ (မိုးမခ)

ရန်ကုန်တွင်ထုတ်ဝေသည့် ဂျာနယ်များတွင် မုန်တိုင်းသတင်းကို ထည့်သွင်းဖော်ပြကြသည်။ အင်တာနက်မှတဆင့် ဖတ်ရှုနိုင်သည် ဘိုင်ဝီကလီ ဂျာနယ်တွင် မုန်တိုင်းသတင်းကို စာမျက်နှာ ၁၀ တွင် ဖော်ပြထားသည်။
ပျံလွန်တော်သွားပြီဖြစ်သည့် သာမညဆရာတော်နှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကိုလည်း ထည့်သွင်းထားသည်။ သို့သော်လည်း မကြာသေးမီက ဆရာတော်၏ ရုပ်ကလပ်တော် ခိုးယူခံရသည်ဟူသော အချက်ကို ဖော်ပြထားခြင်းမရှိပါ။
မြန်မာပြည်တွင် သတင်းရေးသားသည့်အခါ အာဏာပိုင်များ ခွင့်ပြုချက် ပေးနိုင်သည်အထိသာ ခန့်မှန်းပြီး ရေးသားကြသည်။ ထုတ်ဝေသူအချို့ကလည်း အခွင့်ထူးများ မျှော်ကိုးပြီး အာဏာပိုင်တို့နှင့် သင့်မြတ်ရန် ကြိုးစားကြသည်။

အမေရိကန်ရေတပ် မြန်မာပြည်သို့ချည်းကပ် (AP သတင်းဌာန)

အမေရိကန်စစ်သင်္ဘော ၃ စီး မြန်မာနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Doug Crowder က သတင်းထောက်များအား ပြောလိုက်သည်။ ခွင့်ပြုချက်ရသည်နှင့် မုန်တိုင်းဒုက္ခသည်များအား သွားရောက်ကူညီရန် အဆင်သင့်ပြင်ထားခြင်းဟု ဆိုသည်။
ယခုအခါ သင်္ဘောများ ဘင်္ဂလားပင်လယ်အော်တွင်ရောက်နေသည်ဟု သိရသည်။
(ညနေ ၃း၃၀)

ဒုက္ခသည် သိန်း နှစ်ဆယ် (AP သတင်းဌာန)

“အကူအညီကို အရေးတကြီးလိုနေတာ လူ ၂ သန်း ရှိတယ်ဗျာ။ အခြေအနေက သိပ်ဆိုးနေပြီ။ အကူအညီတွေကတော့ ရောက်ပါတယ်။ ရောက်ပေမယ့် နှေးနေတယ်။” ဟု ဘန်ကောက်မှ

ကုလအရာရှိတစ်ဦးဖြစ်သူ ရစ်ချက်ဟိုဆေးက ပြောပြသည်။ ကူညီရေးပစ္စည်းများသာမက ပြည်ပမှ ကျွမ်းကျင်သူများကိုလည်း ၀င်ခွင့်ပြုရမည်ဟု ဆိုသည်။

(နေ့ ၃း၀၀)

ကယ်ဆယ်ရေးပစ္စည်း ဘိုကလေးတွင်ဝယ်နိုင်ပြီ (RFA မြန်မာပိုင်း)

ရောက်လာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အမိုးအကာတွေနဲ့ အစားအသောက်တွေကိုတော့ ဘိုကလေးမြို့က အဆောက်အဦးတချို့မှာ သိမ်းဆည်းထားပြီး ဒီနေ့အချိန်ထိ လေဘေး ဒုက္ခသည်တွေကို ဝေငှပေးတာတွေ မရှိသေးဘဲ စစ်အစိုးရ အာဏာပိုင်တွေက ရောင်းစားတာတွေ လုပ်နေတယ်လို့ ဘိုကလေးမြို့ခံ တဦးက ပြောပါတယ်။
“ဒီမှာ ကျနော်တို့ အခြေအနေက ဘယ်လိုဖြစ်နေသလဲ ဆိုတော့ ကယ်ဆယ်ရေး ပစ္စည်းတွေကို တရုတ်ဘုံကျောင်းတို့ ဗလီတို့၊ ချစ်တီးဘုရားကျောင်းတို့ထဲမှာ ထည့်ထားပြီး အဲဒီပစ္စည်းတွေကို အာဏာပိုင် အဖွဲ့အစည်းက ထုတ်ရောင်းနေပါတယ်။ အဓိကအားဖြင့် ညဘက်တွေမှာ ရောင်းတယ်။ စီးပွားရေးလုပ်နေတဲ့ ဆိုင်တွေကို ရောင်းတာပေါ့၊ လူထုလက်ထဲကို ဘာမှမရောက်ဘူး၊ နောက်ဆုံးဘယ်လောက်ထိ အကျင့်ပျက်သလဲဆိုရင် ရေသန့်ဆေးတွေအစ ထုတ်ရောင်းပစ်တယ်။”
စစ်အစိုးရ အာဏာပိုင်တွေ ရောင်းစားထားတဲ့ အဲဒီပစ္စည်းတွေကို ဘိုကလေးမြို့ ကမ်းနားလမ်း တရုတ်တန်းဈေးမှာရှိတဲ့ ဆိုင်တွေမှာ ဒေသခံပြည်သူတွေနဲ့ လေဘေး ဒုက္ခသည်တွေက ပြန်ပြီးတော့ ဝယ်ယူ သုံးစွဲနေရပါတယ်။
(မေ ၁၁)

လေယာဉ် ရန်ကုန်ရောက်ပြီ (AP သတင်းဌာန)

ထိုင်းမှ ထွက်ခွာလာသည့် ကယ်ဆယ်ကူညီရေးပစ္စည်းတင် အမေရိကန်စစ်လေယာဉ် ရန်ကုန်သို့ ဆိုက်ရောက်လာသည်။

ချန်တာဘူရီခရိုင် လေတပ်စခန်းတစ်ခုတွင် ကူညီရေးပစ္စည်းများတင်ဆောင်နေသော စီ-၁၃၀ လေယာဉ်။ သေမင်းတမန်မုန်တိုင်းအပြီး ၁၀ ရက်အကြာတွင် သွားရောက်မည့်လေယာဉ်ဖြစ်သည်။ (ဓာတ်ပုံ Reuters)

အမေရိကန်လေယာဉ် ရန်ကုန်သွားပြီ (AP သတင်းဌာန)
ကယ်ဆယ်ကူညီရေးပစ္စည်းတင် အမေရိကန်စစ်လေယာဉ်တစ်စီးသည် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ယနေ့ ထွက်ခွာသွားသည်။ မနက်ဖြန်တွင်လည်း လေယာဉ်နှစ်စီးစာအကူအညီ ထပ်မံပေးပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။
အမေရိကန်စစ်လေယာဉ်အား မြန်မာပြည်သို့ဝင်ခွင့်ပေးခြင်းမှာ အမေရိကန်အစိုးရအား ရန်ဘက်အဖြစ်သတ်မှတ်ထားသော မြန်မာစစ်အစိုးရအတွက် မဟာစွန့်စားခန်းဖြစ်သည်။ စစ်ခေါင်းဆောင်များသည် နိုင်ငံတကာကူညီကယ်ဆယ်ရေးကျွမ်းကျင်သူများကို လက်ခံလေ့မရှိပေ။ ကုလသမဂ္ဂအကူအညီပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်း နှောင့်နှေးရန် စီစဉ်ထားသည်။
အမေရိကန် စစ်ဘက်ပြောခွင့်ရအရာရှိက စစ်လေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းမရှိဟု ဆိုသည်။ ခြင်ထောင်၊ ပလပ်စတစ်စ၊ သောက်ရေ စသည့် အကူအညီပေးရေးပစ္စည်းများသာ တင်ဆောင်သွားသည်ဟု ဆိုသည်။
(နေ့ ၁၂း၀၀)

နိုင်ငံတကာကူညီရေးအဖွဲ့များ၏သဘောသဘာဝ (BBC မြန်မာပိုင်း)
ဒေါက်တာယဉ်ယဉ်နွယ် ပြောပြသည်။

“အင်ဒိုနီးရှား ဆူနာမီတုန်းကလည်း အဲသလို ကြန့်ကြာပါတယ်၊ သုံးလေးရက်နေမှပဲ သွားတာပဲ၊ အဲဒီမှာလည်း လေယာဉ်ပျံကွင်းတွေဘာတွေ ပျက်၊ လမ်းတွေပျက်၊ သယ်ယူပို့ဆောင်ရေးက မလွယ်တော့ ကြန့်ကြာပါတယ်။ အဓိကကတော့ ဒုက္ခသည်တွေဆီ အမြန်ဆုံးရောက်အောင် ဆောင်ရွက်ပေးဖို့ပဲ ရှိတယ်။ – –
အဖွဲ့အစည်းလိုက်ကတော့ သွားရမှာပဲ။ ဌာနေကိုယ်စားလှယ် တစ်ယောက်နှစ်ယောက်နဲ့တော့ ဘယ်လိုမှ မရဘူး။
ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီ ရရှိတဲ့ငွေကြေး၊ ရရှိတဲ့ ပစ္စည်းဥစ္စာတွေ အားလုံးက ဒိုနာ(အလှူရှင်)တွေဆီက ရတာကိုး။ တော်တော်များများက အနောက်တိုင်းကပေါ့။ သူတို့ဆီက ရရှိတော့ ဘယ်လိုပဲဖြစ်ဖြစ် ငွေကြေးပဲဖြစ်ဖြစ် ပစ္စည်းတွေပဲဖြစ်ဖြစ် ဝေငှပြီးရင် ပြန်ပြီး ရီပို့လုပ်ရတယ်(အစီရင်ခံရတယ်)။
ပြန်ပြီး ရီပို့လုပ်ရတော့ ဘယ်လိုဝေငှတယ်၊ ဘယ်သူတွေကရတယ်၊ ဘယ်နေရာမှာ ဘယ်လောက်ဝေငှတယ်ဆိုတာ အမြဲတမ်း မော်နီတာလုပ်နေဖို့ လိုပါတယ်၊ ယူအင်န်က။”
(မေ ၇)
(ဒေါက်တာယဉ်ယဉ်နွယ်သည် ယူနီဆက် အဖွဲ့၏ တရုပ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၄ခုနှစ် ဆူနာမီဖြစ်ပွားခဲ့စဉ်က ကယ်ဆယ်ရေး၊ ကူညီရေး၊ စီမံခန့်ခွဲမှု အတွေ့အကြုံ ရှိခဲ့သူဖြစ်သည်။)
(ဓာတ်ပုံကြည့်ရန် နှိပ်ပါ
ကိုယ်ရေးအချက်အလက် ဖတ်ရှု၊ နားထောင်ရန် နှိပ်ပါ။)
ရန်ကုန်ဒုက္ခသည်များကို အနုပညာရှင်အချို့ ကူညီ (VOAမြန်မာပိုင်း)
ဇာဂနာပြောပြသည်။

“ကိုကျော်သူရှိတယ်၊ ကျနော်ပါတယ်၊ လွင်မိုးပါတယ်၊ လူမင်းပါတယ်၊ အိန္ဒြာကျော်ဇင်ပါတယ်၊ မျိုးစန္ဒီကျော်ပါတယ်၊ နေတိုးခန့်စည်သူ၊ မိုက်တီး ဒါရိုက်တာ၊ ဦးအောင်လွင်ညောင်ညောင်၊ ငှက်ပျောကြော်မေသန်းနုတို့ပါတယ်။
နောက် ဝေဠုကျော်ပါတယ်။ သူကတော့ တော်တော် ပင်ပန်းရှာပါတယ်။ သူကိုယ်တိုင် မော်တော်ကားနဲ့ မောင်းပြီးတော့၊ သူကိုယ်တိုင် ဆန်ပြုတ်ကျိုပြီးတော့ ရွာတွေထဲကို သူကိုယ်တိုင် လိုက်တိုက်တယ်။

ကျော်ရဲအောင်တို့လည်း ပစ္စည်းတွေကို လာပို့ပါပြီ။

စိုးမြတ်သူဇာတို့၊ စိုးမြတ်နန္ဒာတို့ ညီအမတွေလည်း ဆန်အိတ်တွေနဲ့ ၀ယ်လာပြီး ပို့မယ်လို့ အကြောင်းကြားပါတယ်။ သူတို့ကိုယ်တိုင် လူတွေကြားထဲကို ကိုယ်တိုင် ဆင်းပြီး ဝေတော့ ပိုကောင်းတာပေါ့။
တကယ်ဒုက္ခရောက်တဲ့သူတွေရဲ့ လက်ထဲကို ရောက်အောင် ကျွန်တော်တို့ စီစဉ်ပြီး ၀ိုင်းလုပ်ကြ တာပေါ့။ ကျွန်တော်တို့က သူများ လှူတဲ့ ပစ္စည်းကို ကြားထဲကနေ ဖြတ်စားနပ်စားလုပ်ပြီးတော့ လုပ်တာမဟုတ်တဲ့အတွက်တော့ ၀မ်းသားတယ်လေ။ တချို့ကတော့ လာပြီးတော့ သူတို့ဆီကနေ တဆင့်လှူပါ၊ သူတို့မှ လှူတဲ့ အလုပ်တွေကို သူတို့ပဲ လုပ်ပါရစေဆိုပြီး လာပြောတဲ့ သူတွေလည်း ရှိတယ်။
ဒီနေ့လိုက်အကူအညီတောင်းတာက ဆရာဝန်တွေနဲ့ ဆေးပစ္စည်းတွေကို တောင်းတဲ့အခါကျတော့၊ ဆရာဝန်တွေ အားလုံးက အကုန်လုံး အကူအညီတောင်းခံရတဲ့သူ ၁၁ယောက်ရှိတယ်။ ၁၁ယောက်လုံး ပျော်ပျော်ရွှင်ရွှင်ပဲ ၀မ်းပန်းတသာနဲ့ သူတို့ ကူညီပါ့မယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဆေးဝါးလည်း မနက်ဖြန်ဆိုရင် တော်တော်ကို စုံစုံလင်လင် ရလောက်ပါတယ်။
မိုဘိုင်းယူနစ်သဘောမျိုး လုပ်ပြီးတော့ မော်တော်ကားနဲ့ ဆေးလိုက်ကုဖို့ မနက်ဖြန် ကွန်းခြံကုန်း၊ ဒေးဒရဲ၊ တွံတေးတို့ကို လှည့်ပြီးတော့ ဆေးကုမယ်။ အစားအသောက်လဲ ဝေမယ်။
ပြည်သူတွေဟာ ကျေးဇူးရှင်ပါ။ ထမင်းရှင်ပါဆိုပြီး မျက်ရည်တွေ၊ မျက်ချေးတွေနဲ့ စင်ပေါ်တွေကလည်း ပြောနေကြတဲ့ အနုပညာရှင်တွေလည်း တပုံကြီးရှိတာပဲ။ – – –
ပြည်သူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ အိမ်မှာရှိတဲ့ ပိုက်ဆံလေးတွေ၊ သူတို့အိမ်မှာရှိတဲ့ အင်္ကျီလေးတွေတောင် ပြည်သူတွေကို မလှူဒါန်းနိုင်ဘူးလား။ – – –
တခြားပြည်သူတွေကိုလည်း ပြောချင်ပါတယ်။ – – – အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ပြုံခဲနေကြတဲ့သူတွေ သူတို့သောက်မယ့် ဘီယာတစ်လုံးအတွက် နှစ်ထောင်ကျတယ်ဆိုရင် အဲဒီပိုက်ဆံလေး နှစ်ထောင်က ဒီဘက်မှာ လူဆယ်ယောက်အတွက် ဆန်ပြုတ်ဖြစ်ပါတယ်။ – – –
ကိုယ်ထိမှ ကိုယ်နာရကောင်းမှန်း မဖြစ်ကြပါနဲ့၊ သူများထိလည်း နာရကောင်းမှန်း သိကြပါလို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။”
(မေ ၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts