>မိုးမခနဲႚ စကားလက္ဆုံ – မဵက်ူမင်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မိုးမခနဲ့ စကားလက်ဆုံ – မျက်မြင်
မြစ်ဝကျွန်းပေါ်မှာ မျက်ရည်တွေချည်းပဲ

မေ ၁၂၊ ၂၀၀၈

မိုးမခဆီကို ရောက်လာတဲ့ အဆက်အသွယ်ရသလောက်ကို စုပြီး တင်ပြတာပါ။

မေး – ရောက်ခဲ့တဲ့ နေရာနဲ့ မှတ်မိသလောက်

ဖြေ – ကွမ်းခြံကုန်းဖက်က ရွာတွေမှာ မှတ်မိသလောက် ကျွန်းချောင်းက လူ ၂၀၀၀ မှာ ၅၀ သေ၊ ဆိပ်ကြီးနဲ့ အနီးကရွာမှာ လူ ၅၀၀၀ ကျော်က ၃၀၀ ကျော် သေတယ်။ အဲလို ကြားတယ်။ ဒေးဒရဲဖက်ဆိုရင် ချောင်းကြီး နဲ့ နှာခေါင်းချောင်ဆိုတာ ရွာလုံးကျွတ်၊ မရမ်းရှင်လမ်း အိမ်ခြေ ၃၀၀၀ မှာ ၈ ယောက်ပဲ ကျန်တယ်။ အဲဒါမျိုးတွေ ကြားနေရတယ်။

မေး – တံငါရွာတွေလား

ဖြေ – ဟုတ်တယ်။ တံငါရွာဆိုတော့ ချောင်လည်တဲ့မိသားစုတွေရှိတယ်။ မုန်တိုင်းပြင်းလာတော့ မိန်းမတွေက လက်ဝတ်ရတနာတွေ ၀တ်ပြီး အလွတ်ပြေးကြတာလို့ ဆိုတယ်။ မလွတ်ဘဲ ရေထဲမှာ ပျက်စီးကုန်ကြရတယ်လို့ သိရတယ်။ ပြန်ဆယ်လို့ရတဲ့ အလောင်းတွေမှာ တချို့မှာ လက်ဝတ်လက်စားတွေ ကို ခုတ်ဖြတ်ယူထားတော့ ကိုယ်အစိတ်အပိုင်းတွေ ပါမလာဘူး။ တောကြောင်တွေလည်း စခန်းထနေတာပေါ့။

မေး – အကူအညီတွေ လာနေပြီဆိုတော့

ဖြေ – စစ်ဆေးရေးဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင်တွေ စစ်၊ နိုင်ငံခြားသားဆိုရင် ပတ်စ်ပို့တွေ စစ်တာတွေ လုပ်နေတယ်။ ယူအန်တို့၊ စားနပ်ရိက္ခာအဖွဲ့တို့ကဆို သွားလို့ရတယ်။ ကျန်တဲ့သူတွေကို ရစ်နေတယ်။ ၀န်ထမ်းတွေကိုတော့ သိပ်မစစ်ဘူး။ ကွမ်းခြံကုန်းဘက်မှာ တွေ့တာ ပြောတာပါ။ ဂျပန်ဘုန်းကြီးအဖွဲ့က အလောင်းတွေ မြင်မကောင်းအောင် ပုတ်ပွပြီး မျောနေတာကြောင့် သူတို့လာကူပြီး အလောင်းကောက်ပေးမယ်လို့ ပြောတာကို နောက် ၁ ပတ်မှ လာခဲ့တဲ့။ အဲလိုကြားတယ်။

မေး – ရန်ကုန်ဘက်ကို ဘာကြားသေးလဲ

ဖြေ – မေတ္တာမွန်ဈေးကတော့ လေဘေးပစ္စည်းရောင်းတဲ့ ဈေး ဖြစ်နေပြီ။ ဘယ်က လေဘေးပစ္စည်းတွေကို ယူပြီး ထုတ်ရောင်းနေသလဲ မသိဘူး။ မှောင်ခိုဈေးလို့ ပြောမလား၊ သူခိုးဈေးလို့ ပြောမလား။ စစ်ကားတွေကလည်း ဓာတ်ဆီတွေ ထုတ်ရောင်းနေကြတယ်။ လိုချင်တာရှိရင် သူတို့ဆီသာ သွားမေးပေတော့ လို့ ပြောရမယ်။

မေး – အစိုးရဖက်က အကူတွေ၊ အလှူတွေ သူတို့ သတင်း၊ ရုပ်မြင်၊ ဘလောက်တွေမှာ အပြည့် ကြေညာနေတာပဲ

ဖြေ – ဟုတ်ပါတယ်။ ထူးကုမ္ပဏီဆိုတဲ့ အဖွဲ့က ကားကြီးတွေနဲ့ ပစ္စည်းတွေကို သယ်လာကြပြီး လမ်းဘေးမှာ စောင့်နေတဲ့ ဒုက္ခသည်တွေကြားထဲ ပစ်ထည့်သွားတာမျိုး လုပ်တာတွေ့ရတယ်။ အစားတွေ ရေတွေ ပျက်စီးကုန်တာပေါ့။

မေး – လွတ်လပ်စွာ လှူဒါန်းနိုင်ကြသည်ဆိုတာမျိုးကကော

ဖြေ – မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်း၊ ပြန်ပေးဆွဲပြီးတော့မှ အလှူကို ခွင့်ပြုတာမျိုးတွေ။ နအဖ အဖွဲ့ဝင်တွေက နယ်မြေတွေ ခွဲပြီး အပိုင်စား ယူထားလိုက်ကြတယ်။ တိုင်းမှူးတွေ လုပ်ပိုင်ခွင့်ကို ခဏထားအုံး။ ကော့မှူးမြို့နယ်ဆိုရင် စွမ်းအင်ဝန်ကြီး လွန်းသီက ထိုင်တယ်။ ဒလမှာဆိုရင် မြို့တော်ဝန် အောင်သိန်းလင်းကို ကျော်ပြီး လုပ်လို့မရဘူး။ သူတို့ကို ပြောပြီးမှ ၀င်ကယ်လို့ရတယ်။ လမ်းမကောင်းရင်လည်း သူတို့က ၀င်မစစ်ဆေးဘူး။ တောကြောင်တွေ လက်ခမောင်း ခတ်နေတာမှ တဖြောင်းဖြောင်းပဲ။ စစ်ဝတ်စုံတွေ ကြယ်တွေ တ၀င်းဝင်းနဲ့ တောကြောင်ကြီးတွေ …

မေး – စာပေစိစစ်ရေးက မုန်တိုင်းသတင်း လိုက်ခွင့်ပေးပြီလား

ဖြေ – တင့်ဆွေက ပြောနေတာကတော့ လွတ်လပ်စွာ ရေးပါ။ တပ်မတော်သားတွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမှန်အတိုင်း ဦးစားပေး တင်ပြပေးကြရမယ်တဲ့။ ဂျာနယ်တိုက်ကြီးတွေကလည်း ကျနော်တို့ကို သတင်းပေးမလိုက်ဘူး။ ကျနော်တို့ သွားချင်တာကို သူတို့ တာဝန်မယူဘူး၊ စီစဉ်မပေးနိုင်ဘူး တဲ့။ ကဲ …

မေး – ဈေးနှုန်းတွေကော တက်လာပြီလား

ဖြေ – ဒီမှာ စာရေးပေးလိုက်တယ်။ ဖတ်ပြမယ်။ ခွန်နီတအိတ် ၂ သောင်း ခွဲ တဲ့။ ခင်ဗျားတော့ ဘာလဲ သိမှာ မဟုတ်ဘူး။ စာဖတ်သူတွေ သိတယ်။ စီးတီးမတ်မှာ ခေါက်ဆွဲခြောက် ၀ယ်လို့ မရတော့ဘူး။ ကုန်ပြီ ဆိုလားပဲ။ ခေါက်ဆွဲခြောက်တို့၊ ဆန်တို့ဆိုတာ နိုင်ငံတော်ရဲ့ အရေးပေါ်တားမြစ် ကုန်ပစ္စည်းတွေ ဖြစ်လာတော့မယ်။ မြေလတ်နဲ့ အထက်ပိုင်းက ဆန်တွေ ပေးမ၀င်တော့ဘူးလည်း ကြားတယ်။

မေး – ဘာတွေ ဖြစ်လာမယ်လို့ စိုးရိမ်နေတာလဲ

ဖြေ – ဖြစ်ဖြစ်ချင်း ၀င်ရင် ကယ်ဆယ်ရေးနဲ့ စောင့်ရှောက်ရေး။ နဲနဲနောက်ကျသွားရင် ကပ်ရောဂါ ကာကွယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု။ အဲဒီထက် နောက်ကျသွားရင်တော့ AID, Relief, Prevention, Reconstruction, Health Care ဆိုတဲ့ ကိစ္စတွေနောက်က လိုက်လာတဲ့ ပြောင်းရွေ့ နေရာချထားရေးတို့၊ ကူးစက်မှု တားမြစ် ဖြတ်တောက်နိုင်ရေး ဆိုတဲ့ Relocation, Containment တို့တွေ လုပ်ဆောင်ရတော့မယ် ထင်တာပဲ။

မေး – ဆိုးလာနိုင်တာတွေကို ပြောနေတာလား

ဖြေ – အစက တသိန်း သေတယ်။ နောက်တော့ တသိန်းခွဲ သေတော့မယ် တဲ့။ နောက် ပိုဆိုးလာတော့မယ်။ အနီးအနားက လူတွေက ပြေးကြမှာပဲ။ ရွှေ့ပြောင်းကြမှာပဲ။ ဒုက္ခသည်တွေကလည်း ပြေးကြမှာပဲ။ အစိုးရအဆင့်နဲ့ ဒီဘေးဆိုးကို လုပ်ကြရမှာ။ လူတွေက ကိုယ်ထူကိုယ်ထနဲ့ ဒုက္ခသည် ၂ သန်းကို ဘာနဲ့ ကူရမှာလဲ။ ခုချိန်မှာ စစ်အစိုးရက အစိုးရ စစ်စစ်တရပ်လို မလုပ်နိုင်ဘူးဆိုရင် – ပြည်သူတွေမှာ ရွေးချယ်စရာက သိပ်မရှိတော့ဘူး ထင်ပါတယ်။

မေး – ဒုက္ခသည်တွေမှာ ပြေးစရာ မြေရှိပါ့မလား

ဖြေ – ပြေးမှာပေါ့။ သေတော့မယ် … ဆုံးရှုံးစရာတွေ ဒီထက်များလာတော့မယ်ဆိုတာ သူတို့က ပိုသိတာပေါ့။ သူတို့ကို အကာအကွယ်ပေးတဲ့ နေရာတခု ဖြစ်မြောက်လာတဲ့အထိ သူတို့ ရွှေ့ပြောင်းလာကြလိမ့်မယ်။ အဲလိုမဖြစ်စေချင်ရင် အမြန်ဆုံး ၀ိုင်းဝန်းကူညီကြပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts