>Than Win Hlaing – Articles

>

သမ္မတဦးသိန်းစိန် အာဆီယံအလှည့်ကျဥက္ကဌဖြစ်ထိုက်ရဲ့လား
သန်းဝင်းလှိုင်

သြဂုတ် ၂၅၊ ၂၀၁၁

သရုပ်ဖော်ပုံအား ဤနေရာမှ ယူပါသည်။

(၁၈) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ၂၀၁၁ နှစ် မေလ (၈) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်း ရှင်းစင်တာမှာ ကျင်းပပြီးစီးသွားပါပြီခင်ဗျား။ တကယ်တော့ အင်ဒိုနီးရှားနိုင်ငံဟာ၂၀၁၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲများဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက၂၀၁၄ နှစ်မှာ အလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်ချင်တဲ့ကိစ္စကို ဆုံးဖြတ်ချက်မချမှတ်နိုင်ဘဲ အာဆီယံ ခေါင်းဆောင်များက ဆက်လက်စဉ်းစားဆုံးဖြတ် သွားမယ်လို့ပဲထည့် သွင်းပြောကြားသွားပါတယ်။

အမှန်ကတော့ ၂၀၁၄ ခုနှစ် အလှည့်ကျဥက္ကဌ တာဝန်ယူမဲ့နိုင်ငံက လာအိုနိုင်ငံပါ။ လာအိုဟာ အလှည့်ကျ ဥက္ကဌတာဝန်ယူဖို့ အဆင်သင့် မဖြစ်သေးတာရယ် မြန်မာနိုင်ငံဟာအစိုးရသစ်ပေါ်လာပြီမို့ အလှည့်ကျဥက္ကဌတာဝန်ယူရေးအတွက် မြန်မာနိုင်ငံမှ အရပ်ဝတ်လဲထားတဲ့ အစိုးရသစ် နိုင်ငံခြားဝန်ကြီး ၀ဏ္ဏမောင်လွင်က ပြီးခဲ့တဲ့ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ လျှောက်ထားခဲ့တာပါ။ မြန်မာနိုင်ငံအစိုးရဟာပြီးခဲ့တဲ့ ၂၀၀၆ နှစ်ကတည်းက အလှည့်ကျတာဝန်ယူရမဲ့နိုင်ငံပါ။ ဒါပေမဲ့ လူ့အခွင့်ရေးချိုး ဖေါက်မှုတွေ၊ ဒီပဲယင်း လူသတ်မှုကျူးလွန်းခဲ့တာတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားခဲ့သူ ခေါင်းဆောင်များစွာ ဖမ်းဆီးထောင်ချခဲ့တာတွေကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားပေးကန့်ကွက်မှုကြောင့် အလှည့်ကျော်ပြီး ဖ်ီလစ်ပိုင် နိုင်ငံကို လွှဲပေးလိုက်တာပါ။

အခုတဖန် သမ္မတသစ် ဦးသိန်းစိန်ဦးဆောင်နေတဲ့ မြန်မာအရပ်ဝတ်လဲထားတဲ့ အစိုးရသစ်ဟာ ၂၀၁၄ နှစ်မှာ အလှည့်ကျဥက္ကဌလုပ်ပါရ စေလို့ အသံလည်းထွက်ရော ပြည်တွင်းပြည်ပက ၀ိုင်းကန့်ကွက်လိုက်တာ ကြွက်ကြွက်ကိုညံနေတာပါပဲခင်ဗျာ။ အာဆီယံအလှည့်ကျဥက္ကဌ မြန်မာကိုမပေးဘို့ အမေရိကန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က အာဆီယံခေါင်းဆောင်တွေ ကိုတိုက်တွန်းခဲ့သလို၊ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး (Elain Pearson) ကလည်း ဥက္ကဌပေးရင် အာဆီယံအဖွဲ့ဟာ နိုင်ငံတကာ အလယ်မှာ ဟာသပြက်လုံးတစ်ခုဖြစ်သွားလိမ့်မယ်။ ဒေသတစ်ခုလုံး စိတ်ပျက်စရာလုပ်ရပ်ဖြစ်သွားမယ့်အပြင် ဂုဏ်သိက္ခာအဆင့်နိမ့် သွားအောင် ခွင့်ပြုရာရောက်သွားမှာမို့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ပြန်လည်စဉ်းစားဆုံးဖြတ်ဖို့ သတိပေးလိုက်ပါတယ်။ နိုင်ငံတ ကာဒီမိုကရေစီနဲ့လူ့အခွင့်ရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကလည်း “ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားမဲ့” ဖြစ်ရပ်မို့ မြန်မာကို အလှည့်ကျဥက္ကဌမပေးဖို့ ၀ိုင်းကန့်ကွက်ခဲ့ကြပါတယ်ဗျာ။

ဘန်ကောက်အခြေစိုက် The Nation သတင်းစာ အယ်ဒီတာ “စူပါလတ်ကန်ချနာကွန်ဒီ” ကလည်း ၂၀၁၄ ခုနှစ်ကျရင် အလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံကိုပေးလိုက်ရင် အာဆီယံနဲ့ဥရောပကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်ရစပြုတဲ့အခုလိုအချိန်မျိုးမှာ မြန်မာ နိုင်ငံကြောင့်ဥရောပနဲ့ အာဆီယံနိုင်ငံတွေရဲ့စီးပွားရေး၊ ကုန်သွယ်ရေးတွေကို မနှောင့်နှေးစေသင့်ကြောင်း ပြောကြားသွားပါတယ်။ ပြီးတော့ အာဆီယံ အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံကြောင့် ရပ်တန့်သွားမှာကို အာဆီယံပြည်သူအများစုက စိုးရိမ်နေပါတယ်လို့ ဆိုပါတယ် ခင်ဗျား။

ဒါပေမဲ့ အာဆီယံ (၁၀) နိုင်ငံအနက် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ် ၊ဘရူနိုင်း စတဲ့နိုင်ငံတွေဟာ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းတွေနဲ့ နိုင်ငံရေးဂုဏ်သိက္ခာ သိပ်ရှိလှတာမဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်နိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကြောင့် ခနချိုထားလိုက်ပြီး၂၀၁၄ ကျရင်ပေးလိုက်မှာအသေအချာပါပဲ။

အခုတောင်မှ အလှည့်ကျဥက္ကဌတာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက သတင်းစာဆရာတွေကို မြန် မာနိုင်ငံအနေနဲ့ ၂၀၁၄ နှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်ရေးဆန္ဒအတွက် မည်သည့်အကြောင်းအရာများက စေ့ဆော်တိုက်တွန်းနေ သည်ကို ပိုမိုသိရှိအောင် မြန်မာနိုင်ငံကို သူမကြာခင်သွားရောက်၍ မြန်မာအစိုးရနဲ့ညှိနိုင်းမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ရင်းနှီးမြှပ်နှံမှုဟာ အခု အမေရိကန်ဒေါ်လာ သန်း ၂၄၀ ကျော်ရှိပြီး ၂၀၁၅ ခုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ တိုးတတ်လာရန် သဘောတူထားတာမို့ မြန်မာအစိုးရကို ပစ်ပစ်ခါခါမလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်ဗျာ။

ဒီနေရာမှာ အလျင်းသင့်တုန်း အာဆီယံအကြောင်း နဲနဲပြောပြချင်ပါတယ်။ အာဆီယံအသင်းဆိုတာ အပြည့်အစုံပြောပြရရင် Association Of The South East Asia Nations အရှေ့တောင်အာရှနိုင်ငံများအသင်းဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူ နိုင်ငံ (၅) နိုင်ငံကစပြီး ၁၉၆၇ နှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဒေသတွင်းလုံခြုံရေး၊ စီးပွား ရေး၊ ဆက်သွယ်မှုတိုးတတ်မြင်မားရေးနဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးတွေအတွက် မူလကရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ အာဆီယံ အဖွဲ့ထဲကို ၁၉၈၄ ခုနှစ် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ မှာ ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ မှာ မြန်မာနဲ့ လာအိုနိုင်ငံ ၁၉၉၉ မှာ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အဖွဲ့ဝင်အဖြစ် အသီးသီးဝင်ရောက်ခဲ့လို့ အခုလက်ရှိအချိန်မှာ အရှေ့တောင်အာရှ (၁၀) နိုင်ငံ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လာပါပြီ။

အာဆီယံအသင်းကိုထူထောင်ခဲ့တဲ့ စစချင်း ၁၀ နှစ်မှာတော့ အဖွဲ့ကိုဘယ်လိုထူထောင်ကြမလဲလို့ ဆိုတာရယ် အာဆီယံဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေအကြား မိတ်ဆွေအဖြစ် ရင်းနှီးမှုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၉၇၆ မှာ အတည်ပြုနိုင်ခဲ့တဲ့ Treaty Of Amity and Cooperation in Southeast (TAC) ကျမှ အာဆီယံအဖွဲ့ရဲ့ အခြေခံမူဝါဒများကို ချမှတ်နိုင်ခဲ့ပါတယ် ၊ ၁၉၉၈ မှ၂၀၀၇ တွေထဲမှာ တော့ အာဆီယံ အသင်းကြီးဟာ ယခင်ကမရှိခဲ့တဲ့ ဦးတည်ချက်တွေ Vision 2015 တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ် Asean Charter တို့လိုချမှတ်နိုင်ခဲ့ပါတယ် ၊၂၀၀၉ နှစ်ပိုင်းမှတော့ လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး အရင်ကမရှိခဲ့တဲ့ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့် အရေးကော်မရှင်တို့ကို ၂၀၁၀ ပြည့်နှစ် အာဆီယံအမျိုးသမီးများနဲ့ ကလေးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကော်မ ရှင်တို့ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့ပါတယ်။

နိုင်ငံရေးသမိုင်းကိုကြည့်မယ်ဆိုရင် အာဏာရှင် စစ်အစိုးရနိုင်ငံများ တပါတီစနစ်ကိုကျင့်သုံးအုပ်ချုပ်တဲ့ နိုင်ငံမျိုးတွေ၊ ဒီမိုကရေစီ ကျင့်သုံး တဲ့နိုင်ငံမျိုးတွေ ရှိနေပါတယ်။ စီးပွားရေးပိုင်းမှာဆိုရင် စီးပွားရေးအဆင့်အတန်းနဲ့ လူနေမှုအဆင့်အတန်းမြင့်တဲ့နိုင်ငံတွေမှာ ကွာဟမှုတွေ ရှိနေပါတယ်။ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေပျောက်ခဲ့တာတွေဟာလဲ အာဆီယံ (၁၀) နိုင်ငံကြားမှာ အမျိုးမျိုးအဖုံဖုံရှိတာလဲ တွေ့ရပါ တယ်ဗျာ။

မြန်မာနိုင်ငံဟာ နိုင်ငံရေး သမားတွေ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ နိုင်ငံတကာအသိုင်းအ၀ိုင်းက သဘောမတူ ကန့်ကွက်နေတဲ့ကြားက ၁၉၉၇ နှစ်မှာ ၀င်ရောက်ခဲ့ပါတယ်။

အတိုက်အခံအုပ်စုတွေ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကနေ မြန်မာနိုင်ငံရေးဆိုင်ရာဖြစ်ထွန်းတိုးတတ်မှုတွေဟာ တဖက်ပိတ်အနေအ ထားမှာဖြစ်နေပြီး စီးပွားရေးအနေအထားကလဲ အင်မတန်ဆိုးရွားနေတာရယ်၊ နောက်ပြီး လူမှုရေးဆိုင်ရာမတည်ငြိမ်မှုဟာလဲ တင်းမာ ပြင်း ထန်တဲ့အနေအထားမှာ ရှိနေတယ်ဆိုတာကိုထောက်ပြပြီး မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသင်းင်္ကြီးထဲကို ၀င်ရောက်မှုကိုသဘောမတူ ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်ခင်ဗျား။

ဒါပေမဲ့…စစ်အစိုးရကတော့ နိုင်ငံရဲ့သဘာဝအရင်းအမြစ်တွေကို စွမ်းအင်ငတ်မွတ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အလဲအလှယ်လုပ်ပြီးတော့ အာဆီယံအသင်းကြီးထဲ ၀င်ရောက်နိုင်ခွင့်ကို သဘောမတူကန့်ကွက်နေတဲ့ကြားကပဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအသင်းကြီးထဲ လက်ခံနိုင်ရေးမှာ ဒိထက်ပိုပြီး အခရာကျတာရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ပထ၀ီ အနေအထားအရ တည်ရှိနေမှုတွေနဲ့ ပေါကြွယ်လွန်းလှတဲ့ သဘာဝအရင်းအမြစ်တွေက အာဆီယံခေါင်းဆောင်တွေကို မျက်စိကျလာ စေတာပဲဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ ကိုယ်ကျိုးရှာ ခြစားမှုတွေ၊ ကလေးစစ်သားကိစ္စ၊ လူကုန်ကူးမှု ၊ အေ့စ်ရောဂါ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူထုထောက်ခံမှု မရရှိမှုတွေ နိုင်ငံရေးအကြပ်အတည်း စတဲ့ကိစ္စ တွေကို မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အထက်ပါအနေအထားက မြန်မာနိုင်ငံရဲ့ အာဆီယံအသင်းဝင်ဖြစ်လာရေးမှာ အဓိကတွန်း အားဖြစ်စေခဲ့ပါတယ်။ နောက်ပြီး အာဆီယံနိုင်ငံအများစုဟာ မြန်မာနိုင်ငံနဲ့ ဘူးစို့ ပုလင်းစို့တူသလို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဒီမိုကရေစီ စံနှုန်းတွေ နိုင်ငံရေးဂုဏ်သိက္ခာတွေ တပြားသားမှမရှိတဲ့ နိုင်ငံတွေကများလေတော့ မြန်မာ့ကိစ္စကို နှာစေးနေကြတာပါ။

ပြီးတော့ လာမဲ့ ၂၀၁၅ နှစ်မှာ အာဆီယံအသင်းဟာ (၁) နိုင်ငံရေးနဲ့ လုံခြုံရေးဒေါက်တိုင်၊ (၂) စီးပွားရေးဒေါက်တိုင်၊ (၃) လူမှု ယဉ်ကျေး မှုဒေါက်တိုင်တို့ကို အခြေပြုပြီး လုပ်ဆောင်ရမယ်လို့ ရည်မှန်းထားပါတယ်။

အဲဒီဒေါက်တိုင် ၃ တိုင်ဟာ အပြန်အလှန်အမှီပြုနေပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အတူခွဲဝေခံစားတဲ့ သာယာဝပြော ရေးတွေ ထွန်းကားလာအောင်လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးနဲ့ လုံခြုံရေးဒေါက်တိုင်ဆိုတာကတော့ ဒေသတွေကြား မတူညီမှုတွေကို ဖြေရှင်းဖို့အတွက် ရည်ရွယ်ပါတယ်။ ဥပဒေစိုးမိုးမှုကို အခြေခံဖို့၊ နိင်ငံရေးဖွံ့ဖြိုးတိုးတတ်ဖို့ စံသတ်မှတ်ချက်တွေကို ဖော်ထုတ်ကောင်းမွန်ဖို့ နိုင်ငံရေးတွေအကြား ပဋိပက္ခတွေကို တားဆီးဖို့ ပဋိပက္ခတွေအပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အကြမ်းဖက်မှုတွေက တိုက်ဖျက်ဖို့နဲ့ ဒေသတွင်းယန္တယားတွေ တည်ဆောက်ဖို့ စတဲ့လုပ်ငန်း တွေ ရှိနေပါသေးတယ်။ မူဝါဒကတော့ ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ရေး၊ နိုင်ငံနဲ့ ဒေသအလိုက် ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုလေးစားရေးတို့ဖြစ်ပါတယ်။

စီးပွားရေးဒေါက်တိုင်ဆိုတာကတော့ ကုန်ပစ္စည်းတွေ ၀န်ဆောင်မှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်ပြီး ငွေကြေး လည်ပတ်မှုတွေ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးပိုမိုတိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေကို လျော့ချနိုင်တဲ့ တည်ငြိမ်သော၊ သာယာဝပြောသော၊ ယှဉ်ပြိုင်မှုမြင့်မားသော အာဆီယံဒေသဖြစ်အောင်လုပ်ဖို့ လုပ်ငန်းတွေရှိနေပါတယ်။ ဈေးကွက်တခုထဲဖြစ်ရေး ထုပ်လုပ်မှုကိုအခြေခံရေး၊ ကမ္ဘာ့စီးပွားရေးစနစ်ကို ၀င်ရောက်နိုင်ရေးတွေက ဒီနေရာမှာပါ ၀င်နေပါတယ်။

လူ့မှုယဉ်ကျေးမှုဒေါက်တိုင်ဆိုတာကတော့ တဦးနဲ့တဦး ချစ်ခင်ဂရုစိုက်တဲ့ မိသားစုအသိုင်းအ၀ိုင်းကို ထူထောင်ပြီးဒေသတခုလုံးကို ကိုယ် စားပြုတဲ့ ၀ိသေသမျိုးဖြစ်လာစေဖို့၊ ကျေးလက်နဲ့ အခွင့်အလမ်းမရရှိတဲ့သူတွေရဲ့ ဘ၀မြင့်မားလာအောင်ရည်ရွယ်တဲ့ လူမှုတိုးတက် ဖွံ့ဖြိုး ရေးအတွက် အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသမီး၊ လူငယ်၊ ရပ်ရွာပတ်ဝန်းကျင် စတဲ့ လူတန်းစားအားလုံး တက်ကြွစွာပါဝင် လာစေဖို့ စတဲ့လုပ်ငန်းတွေရှိပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်း သိမ်းစောင့်ရှောက်ရေးတွေ ပါဝင်ပါတယ်။ အများဆုံးသက်ဆိုင်တဲ့အကြောင်းတွေကတော့ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး၊ သဘာဝဘေးဒဏ် ပညာရေး၊ အစားအစာ၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်၊ ရွှေ့ပြောင်းအလုပ်သမား၊ လူကုန်ကူးခံရမှု၊ အမျိုးသမီးနှင့် ကလေးဆိုင်ရာ အခွင့်အရေးများ ကျားဥပဒေစိုးမိုးရေး သိပံ္ပပညာနဲ့ နည်းပညာပိုင်းတွေဖြစ်ပါတယ်ဗျာ။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်ရင် အစိုးရသစ်ပေါ်ထွန်းလာပြီးဖြစ်သော်လည်း ယနေ့ ဒေါ်အောင်စုကြည်ကို ပြန်လည်လွတ်ပေး တယ်ဆိုပေမဲ့ ယနှစ် ၂၀၁၁ ခုနှစ် မေလအထိ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း ၂၂၀၀ ကျော် ဆက်လက်ဖမ်းဆီးထားသလို အကျဉ်းထောင်များထဲမှာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ညှင်းပမ်းခံရမှုအဖုံဖုံ ခံနေရသလို၊ မိသားစုနဲ့ဝေးကွာရာ နယ်စွန်နယ်ဖျားဒေသ အကျဉ်းထောင်တွေကို အပို့ခံနေရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ကလေးစစ်သား၊ လူကုန်ကူးစစ်သား၊ လူကုန်ကူးမှု၊ လုံခြုံရေးကို အကြာင်းပြ၍ လူအခွင့်အရေးချိုးဖောက်ခံရမှု၊ အတင်းပြောင်းရွှေ့ခံရမှု၊ လယ်သမားများ၏ ကိုယ်ပိုင်လယ်မြေများ မတရားအသိမ်းခံရမှု အမှုခိုင်လုံမှုမရှိပဲ မတရားဖမ်းဆီးညှင်းပမ်းနှိပ်စက်မှု စတဲ့အရေးကိစ္စတွေကို သမ္မတသစ်နဲ့ အစိုးရအဖွဲ့ဝင်များ ဘာတခုမှလုပ်ဆောင်မှု မရှိ သေးပါဘူး။

သမ္မတသစ် ဦးသိန်းစိန်ကိုလေ့လာကြည့်ရင် ၁၉၄၅ နှစ် ဧပြီလ ၂၀ ရက်နေ့ သောကြာနေ့မှာမွေးဖွားခဲ့ပြီး ၁၉၆၈ ခုနှစ်၊ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၉ က ကျောင်းဆင်းခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်အထိ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့စဉ်က သူ့အောက်မှာထမ်းရွက်ခဲ့တဲ့ စစ်ဦးစီးဗိုလိမှူးကြီးဖြစ်ပါတယ်။ ရှေ့တန်းစစ်မျက်နှာ မယ်မယ်ရရ ဘာတိုက်ပွဲမှ မတိုက်ဖူး သလို ဦးသန်းရွှေ လက်သပ်မွေးထားတဲ့လူယုံပါ။ ၁၉၉၆ မှ ၂၀၀၁ နှစ် ရွှေတြိဂံစစ်တိုင်းနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဗိုလ်မှူးချုပ် အဆင့်နဲ့ တိုင်းမှူးတာဝန်ယူခဲ့သူပါ။ နောက် ဦးသန်းရွှေအမိန့်နဲ့ စစ်ရုံးချုပ်ကိုခေါ်ယူပြီး ၂၀၀၁ ခုနှစ် စစ်ထောက်ချုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၄ အောက်တိုဘာလ ၁၉ ရက်နေ့၊ နအဖအတွင်းရေးမှူး (၁) ရာထူးရခဲ့ပြီး ၈ နှစ်ကြာရပ်ဆိုင်းထားတဲ့ အမျိုးသားညီလာခံကို ပြန်လည် ဦးစီးကျင်းပခဲ့ပါတယ်။ အဲဒီနောက် ၀န်ကြီးချုပ်စိုးဝင်းသေဆုံးပြီး ၂၀၀၇ နှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စစ်အစိုးရ၀န်ကြီးချုပ် အဖြစ်ခန့်အပ်ခံရပါတယ်။ အဲဒီနောက်၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့မှာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီးနောက် အလိုအလျောက် ဘယ်သူကမှမရွေးချယ်ပဲ သမ္မတဖြစ်လာခဲ့ပါတယ်ဗျာ။

ဒါ့ကြောင့် သူ့သက်တမ်းတလျောက်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအရေးအခင်းများမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သလို ၂၀၀၃ မေလ ၃၀ ရက် နေ့ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလူသတ်မှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွေမှာ သံဃာတော်များသတ်ဖြတ်ခံရမှု၊ မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခံရမှုတွေမှာ အဓိကတာဝန်အရှိဆုံးပုဂ္ဂိုလ်မှာ ဦးသိန်းစိန်ပဲဖြစ်ပါတယ်၊။

အာဆီယံ အလှည့်ကျဥက္ကဌဟာ Asean Reginal Forum ခေါ် အာဆီယံဒေသတွင်း ဆွေးနွေးပွဲတွေရဲ့ ဥက္ကဌတာဝန်ကိုလည်း ယူရမဲ့ သူဖြစ်တာမို့ နိုင်ငံရေး၊ လူမှုရေး ဂုဏ်သိက္ခာတပြားသားမှမရှိတဲ့ လက်ရှိ မြန်မာသမ္မတသစ်ကို အာဆီယံအလှည့်ကျဥက္ကဌတာဝန် ပေး အပ်မယ်ဆိုရင် အာဆီယံချာတာမှာ ဖေါ်ပြထားထားတဲ့ အခြေခံလွတ်လပ်ခွင့်များကိုလေးစားရန် လူ့အခွင့်အရေးများကို ကာကွယ်မြှင့် တင်ရန် လူမှုတရားမျှတမှုကို တိုးမြှင့်ရန်နိုင်ငံတကာဥပဒေများနှင့် လူသားချင်းစာနာသည့် ဥပဒေများလေးစားရန် စတဲ့မူဝါဒများကို အကောင်အထည်ဖော်နေတဲ့ အာဆီယံအတွက်တော့ ခေါင်းခဲစရာပါပဲ။ သို့ကလိုအချိန်အတွင်းမှာပဲ သမ္မတဦးသိန်းစိန်အစိုးရသစ်က နိုင်ငံ တကာဖိအားတွေ လျော့ချရေးအတွက် ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်စုကြည်ကို သမ္မတဦးသိန်းစိန်က သမ္မတအိမ်တော် ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ လူ့အခွင့်အရေးကိုယ်စားလှယ် သောမက်စ်ကင်တားနားကိုလဲ မြန်မာနိုင်ငံကို လာ ရောက်ခွင့်ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ပေးခဲ့ပါတယ်၊။

သို့ပေမယ့် ထိုင်း ၊စင်္ကာပူ၊ မလေးရှား၊ နိုင်ငံတွေက ရွေးကောက်ပွဲရလဒ်က်ု ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးကောက်ပွဲ ရလဒ် ကို လက်ခံမယ်။ မြောက်ကိုရီးယား တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စတဲ့ နိုင်ငံတွေကလည်း မြန်မာ့သယံဇာတတွေကို မျက်စပြစ်နေတဲ့ အတွက် အရပ်ဝတ်လဲထားတဲ့ စစ်အာဏာရှင်သမ္မတသစ် ဦးသိန်းစိန်အစိုးရအဖွဲ့ကို ဆက်လက်ထောက်ခံနေမှာ မလွဲမို့ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဌဖြစ်လာရေးမှာ အသေအချာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts