>Maung Yit – NLD, the result of 1990 Election of Burma

>


၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် အင်န်အယ်ဒီပါတီ
မောင်ရစ်
သြဂုတ် ၂၅၊ ၂၀၁၁
တူမောင်ညိုက အမြဲတမ်း ရေးပါတယ်။ ၂၀၀၈ အခြေခံဥပဒေက ပေါ်ထွန်းလာတဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် လက်ရှိအစိုးရအဖွဲ့နဲ့ ကျောထောက်နောက်ခံ တပ်မတော်ဆိုသူတွေက အင်န်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးကြချိန်မှာ မတူကွဲပြားတဲ့ အမြင်များကို ဘေးဖယ်ထားပြီး ဆွေးနွေးကြရမယ်သာဆိုရင် ဘာတွေ ဆွေးနွေးကြမှာလဲလို့ မေးခွန်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အင်န်အယ်ဒီခေါင်းဆောင်တွေနဲ့ ပါတီတရပ်လုံးက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အပြင် အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ဖို့ မှတ်ပုံတင်ခြင်းအား ငြင်းပယ်ခဲ့တာကို မြန်မာပြည်သူတွေသာမက နိုင်ငံတကာကပါ ထင်ထင်ရှားရှား အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ အခုအချိန်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အစိုးရတရပ်နဲ့ ၁၉၉၀ ရွေးကောက်ပွဲက ပေါ်ထွက်လာပြီး သံမဏိသက်ရှည် ဒီမိုကရေစီအရေးတော်ပုံ ပါတီတရပ်ဖြစ်တဲ့ အင်န်အယ်ဒီတို့ တွေ့ဆုံဆွေးနွေးနေကြရပြီ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးကသာ မတူကွဲပြားတဲ့အမြင်တွေကို “ဘေးဖယ်”ထားကြတာထက် မတူကွဲပြားတာကို “လက်ခံ”ပြီးတော့ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ ပြောမယ်ဆို ပြောလို့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။
တူမောင်ညိုက ဆက်လက်ထောက်ပြနေတာက အင်န်အယ်ဒီနဲ့ မဟာမိတ်တို့ အစဉ်အမြဲ အဓိကရပ်တည်ချက်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ရေး၊ ပြီးတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေးဆိုတာတွေက “ဘယ်လဲ ဘာလဲ” ပါတဲ့။
ကျနော်အနေနဲ့ပြောချင်တာကတော့ – အဲသည်အချက်တွေဟာ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေခံတွေ ဖြစ်နိုင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ကြည့်စေချင်ပါတယ်။
အဲသည်လိုသာ ကျနော်တို့က ယူဆနိုင်မယ်ဆိုရင် ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများက ရှင်းလင်း နားလည်ပြီး တက်တက်ကြွကြွ ၀န်းရံနိုင်မှာ ဖြစ်တယ်လို့ တူမောင်ညို ဆန္ဒရှိသလို ဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်။
မိတ်ဆွေတဦးကတော့ အင်န်အယ်ဒီက ပြောပြောနေတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ ဘာလဲ၊ အနှစ် ၂၀ ရှိပြီ ဘာကို သွားပြမှာလဲ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာလည်း စုံစုံလင်လင် မရှိတော့ဘူး၊ ကျဆုံးသူတွေ၊ အကျဉ်းကျသူတွေ၊ နှုတ်ထွက်သူတွေ၊ နယ်စပ်နဲ့ ပြည်ပကို တိမ်းရှောင်နေသူတွေနဲ့ ဘာမှ လက်ညိုးထိုးပြစရာမရှိတော့ဘူးလို့ ပြောပါတယ်။
ကျနော်ကတော့ သည်လို မြင်ပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပြည်သူလူထုတရပ်လုံး တခဲနက် ထောက်ခံလိုက်တဲ့ အနိုင်ရအင်န်အယ်ဒီပါတီပဲ ဖြစ်ပါတော့တယ်။ အခုအချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့ အင်န်အယ်ဒီပါတီကို လက်ရှိအစိုးရက တရားမ၀င်တော့တဲ့ ပါတီ၊ ဖျက်သိမ်းခံထားရတဲ့ ပါတီလို့ ပြောဆို သတ်မှတ်နေမယ့်အစား ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီတရပ်အဖြစ် လက်ခံလိုက်မယ်သာဆိုရင် ထူးခြားတဲ့ အကျိုးစီးပွားတခုတော့ ရရှိမယ်လို့ မျှော်လင့်ချင်ပါတယ်။ အင်န်အယ်ဒီက ရလဒ်ကို အသိအမှတ်ပြုဖို့ပဲ ပြောနေတာပါ။
အဲသည်မှာ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ အများပြည်သူအားလုံး စောင့်မျှော်နေတဲ့ နိုင်ငံရေးအကျဉ်းသား ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေ လွတ်မြောက်လာဖို့ဆိုတာကလည်း နိုင်ငံနဲ့ပြည်သူအတွက် အကျိုးတွေ ဖြစ်မယ်လို့ ဆိုချင်ပါတယ်။ ဒါတွေက ဘုံအကျိုးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ဒါတွေဟာ အမြင်ကွဲပြားမှုတွေကို ဖယ်ရှားပြီးတော့ ပဋိပက္ခတွေကို လျော့ပါးအောင် လုပ်နေကြပြီလို့ အများပြည်သူက မျက်ဝါးထင်ထင် မြင်ကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ နောက်ပြီးတော့လည်း အကျဉ်းထောင်ထဲက ၈၈ မျိုးဆက်ကျောင်းသားတွေကိုယ်တိုင်ကလည်း အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပါလို့ တစိုက်မတ်မတ် တောင်းဆိုနေဆဲပါ။ သူတို့တွေ လွတ်မြောက်လာရင်လည်း မြန်မာတမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနဲ့ တပ်မတော်သားတွေ၊ အာဏာလက်ရှိ အစိုးရတွေ အဆင့်ဆင့်နဲ့လည်း ရင်ကြားစေ့ဖို့ သင့်မြတ်ချစ်ခင်ရေးကို ချီတက်ကြမယ်လို့ မျှော်လင့်နေမိတယ်။
ဆိုတော့ … ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ အင်န်အယ်ဒီပါတီ ဖြစ်ပါတယ်။ သူ့ကို အသိအမှတ်ပြုလက်ခံပါ။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts