>Chaw’ Trip Article

>

ဖားကန့်သို့ အပြန်ခရီး 

ချော (အစိမ်းရောင်လွင်ပြင်ဘလော့ဂ်) မှကူးယူပါတယ်။

သြဂုတ် ၂၅၊ ၂၀၁၁ 

 

မိသားစုကိစ္စတစ်ခုကြောင့် မိုးတွင်းကြီး အိမ်ကို တစ်ပတ်လောက် ပြန်ဖြစ်သွားပါတယ်.. ကျွန်မ မွေးဖွားရာဇာတိ ကချင်ပြည်နယ်ဟာ မိုးများတဲ့ ဒေသဖြစ်တာကြောင့် မိုးရွာမိရင် တစ်နေကုန် မတိတ်နိုင်အောင် ရွာတတ်ပြီး ခုလိုချိန်မျိုးမှာ ခရီးထွက်ရတာ စိုစိုစွတ်စွတ်နဲ့မို့ ပျင်းစရာ အလွန်ကောင်းလှပါတယ်.. ပြီးတော့လဲ နံမည်ကျော် ဖားကန့်လမ်းတွေက မိုးအခါမှာ ရွံ့တွေဗွက်တွေနဲ့ စိတ်ညစ်စရာ ကောင်းလောက်အောင် ဆိုးဝါးလှပါတယ်.. နွေတုန်းက ဖုန်တစ်ထောင်းထောင်း ထခဲ့တဲ့ လမ်းတွေဟာ အခု မိုးရာသီလဲရောက်ရော ရွံ့ဗွက်အိုင်တွေ အပြည့်နဲ့ ချိုင့်တွေ၊ ကျင်းတွေ တစ်လမ်းလုံးပါဘဲ.. ဘယ်လိုမှ သက်သောင့်သက်သာ မရှိပါဘူး.. အိမ်ခန ပြန်သွားတဲ့ တစ်ပတ်လုံးလုံးဟာ မိုး ရက်ဆက်ရွာပါတယ်.. တစ်ရက်မှကို မပြတ်ခဲ့ပါဘူး…  မိုးရာသီဆိုရင် မြေပြို တတ်ခြင်းကြောင့် အန္တရာယ် များလွန်းတဲ့အတွက် ကျောက်တူးလုပ်ငန်းများ၊ ရွှေတူးခြင်းများ အားလုံးနီးပါး ရပ်နားထားရပါတယ်.. မိုးအခါမှာတော့ ဖားကန့်ဒေသမှာ လူဦးရေ လျှော့သွားတတ်ပါတယ်.. အလုပ်ပါးတဲ့ အတွက် မိမိနေရပ်ကို ပြန်ကြသူများပါတယ်.. စီးပွားရေး အရောင်းအ၀ယ် လုပ်ငန်းများလဲ နည်းပါးသွားပါတယ်..



ရှေ့က ရွံ့ဗွက် ဘယ်လောက်နက်.. သိနိုင်ပါ့မလား..

ရုန်းလိုက်စမ်းကွယ်.. အဲ နွားမှ မဟုတ်တာနော်.. ဟိဟိ    မွှားသွားလို့း)



ဒီလို လမ်းမျိုးကို ဖားကန့် လမ်းလို့ခေါ်ပါသည်…


ရွံ့တွေ ရွံ့တွေ



မိုးကရွာ လမ်းကဆိုး

ရွံ့စင်မှာစိုး…….


နွေတုန်းက ကျွန်မစီးနေကျ မြစ်ကြီးနား – ဖားကန့် ဗင်ကားခဟာ ၂၅၀၀၀ လောက်သာ ရှိပေမဲ့ ယခု မိုးရာသီမှာတော့ ၅၀၀၀၀ ထိ ၂ဆ ဈေးတက်သွားခဲ့ပါတယ်.. ဖားကန့်အသွားကိုတော့ ဈေးဒီလာက်မရှိပါဘူး.. ၃၀၀၀၀ လောက်ဘဲ ရှိပါတယ်.. အပြန်က ဈေးပိုကြီးပါတယ်.. ကြည့်ရတာ မိုးအခါဆို ဖားကန့်ကနေ ပြန်တဲ့သူတွေ ပိုများလို့ ဖြစ်ပါလိမ့်မယ်.. လမ်းခရီးဆိုးတဲ့အတွက် ကားစီးရတဲ့ အချိန်လဲ ပိုပြီး ကြာပါတယ်. ခါတိုင်း ၆နာရီ ခရီးကို ၈နာရီ လောက်ထိ ကြာမြင့်တတ်ပါတယ်.. နွေအခါတုန်းက တည်ဆောက်ထားခဲ့တဲ့ ချောင်းကူးတံတား တစ်ချို့ ချောင်းရေထဲ မျှောပါသွားလို့ စက်လှေ၃စီးနဲ့ ပြုလုပ်ထားတဲ့ ကူးတို့ဖောင်နဲ့ ကားတွေ ဆိုင်ကယ်တွေ ကူးခဲ့ရပါတယ်..

ဥရုချောင်းလဲ ရေတွေကြီးလို့

လမ်းမှာတော့ တံတားမရှိတဲ့ မြစ်ပြင်ကို ကားရော ဆိုင်ကယ်ရော ကူးတို့ဖောင်နဲ့ ကျော်ကြရတယ်..


ဖြေးဖြေးဆင်းကြပါ….


ကူးတို့ဖောင်ပေါ်က ကား



ဒီလိုစက်လှေ ၃ စီးပေါ် တင်ထားတဲ့ကုတို့ဖောင်ပါ..

ယခုဆိုးတယ်ဆိုတဲ့ မြစ်ကြီးနား ဖားကန့်လမ်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လမ်းကိုတော့ လုံးလုံး မမီပါဘူးရှင်.. ယခင်တုန်းခါကတော့ ခါးလောက်ထိ နှစ်တဲ့ ရွံဗွက်တွေနဲ့ ကားသွားလို့မရဘဲ လူနဲ့ နွားလှည်းတို့သာ သွားလို့ရပါတယ်… အဲဒီတုန်းက ဒီလမ်းဒီခရီးကို ၂ရက်၃ရက် လမ်းလျှောက်ပြီး သွားခဲ့ရတာပေါ့…  ခုလောက်ဆိုးတာကတော့ ပျင်းတောင် ပျင်းသေး…  🙂


ရွံ့အိုင်ကို ကားအဖြတ်မှာ စင်လာတဲ့ ရွံ့ရေတွေကို မိမိရရရိုက်လိုက်သေး


ဒီလို ရွံ့တွေစင်တတ်လို့ တစ်ဖက်က ကားနဲ့ ကားချင်းယှဉ်ဖြတ်ကြတဲ့အခါ ကားမှန် မပိတ်ထားမိရင် ရွံ့တွေဟာ လူနဲ့ မျက်နှာကိုပါလာစင်ပါတယ်.. အင်္ကျီတွေရော အကုန်ပေတော့တာပါဘဲ.. ကားမှန်တွေကလည်း တင်ရခက် ချရခက်တဲ့ ရှေးဟောင်းကားတွေများတော့ ဒီတိုင်း ထားလိုက်ရတာ များပါတယ်။ မိုးရွာရင်တောင် မှန်တင်ရ ချရခက်လို့ အစိုခံရတဲ့ အခြေအနေတွေတောင် ရှိသေးတာကိုး။



နန့်ယားရွာကလေး


ဒီရွာကလေးကတော့ ကျောက်နီ( ပတ္တမြား) ထွက်တယ်လို့ နံမည်ကျော်တဲ့ နန့်ယားဆိပ်( နန့်ယားကျေးရွာ)ဘဲ ဖြစ်ပါတယ်.. မြစ်ကြီးနား – ဖားကန့် အသွား ကားနဲ့ ဆိုင်ကယ်များ ခရီးတစ်ထောက် နားကြတဲ့ နေရာလဲ ဖြစ်ပါတယ်.. စားသောက်ဆိုင် အများအပြားရှိပြီး ကျယ်ပြန့်တဲ့ လမ်းမ ရှိတာကြောင့် သာသာယာယာ ရှိသလို ကျောက်နီတူးဖော်တဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် စည်ကားပါတယ်။
 


မလိုင်အပြည့်နဲ့ နွားနို့


ဒီတစ်ခါတော့  နန့်ယားရွာမှာ ထမင်းစားခဲ့ပြီးလို့ ဗိုက်မဆာပေမဲ့ အရင်တစ်ခေါက် ပြန်တုန်းက ထမင်းစားနားတဲ့ လ၀ါးဆိုတဲ့ ကချင်ရွာကလေးမှာ ရှိတဲ့ ကချင်စားသောက်ဆိုင်ကလေးမှာ ကားပြင်ဖို့ ခနနားတော့ နွားနို့ သောက်ဖြစ်အောင် သောက်ခဲ့ပါတယ်….  ဒီရွာက နွားနို့သိပ်ကောင်းတယ်လို့ နံမည်ကြီးပြီး ကားမိုင်းမြို့နဲ့ မနီးမဝေးမှာ ရှိပါတယ်.. ဒီက နွားနို့ဟာ မြို့တွေမှာလို အဆီထုတ်ထားတဲ့ နွားနို့မဟုတ်ပါဘူး.. အဆီတွေအပေါ်မှာ ဝေ့နေပြီး မလိုင်ဖတ်တွေနဲ့ ပျစ်နှစ်နေတာမို့ နံမည်ကြီးမယ်ဆိုလဲ ကြီးလောက်ပါတယ်.. အဆီမထုတ်ထားတာကြောင့် ကျန်းမာရေးအရတော့ မပြောတတ်ပေမဲ့ ပင်ကိုယ်သဘာဝအတိုင်းမို့ အရသာကတော့ ကောင်းမှ ကောင်းပါဘဲ… မြို့က နွားနို့အရသာနဲ့ ဘာဆိုဘာမှမဆိုင်   ဟိဟိ 🙂 တကယ်ပြောတာပါ.. မယုံဘူးလား…  ရောက်တဲ့အခါ သွားသောက်ကြည့်ပါလားနော်..


ရှောက်ပန်းသီးများ


အောက်အရပ်မှာ ကျွဲကောသီးခေါ်ပေမဲ့ ကျွန်မတို့ဆီမှာ ရှောက်ပန်းသီးလို့ခေါ်မှ သိကြပါတယ်..  .. အဲဒီကချင်ရွာကလေးမှာ အပင်တွေများကြီးမို့  စိတ်ယားစရာကောင်းအောင် သီးနေတာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ..


အောက်က အပင်က ကျွန်မတို့အရပ်မှာ အိမ်မိုးတဲ့ ရုန်းပင်တွေပါ..


ရုန်းပင်များ




ဒါကတော့ ရုန်းကို အမိုးမိုးထားတဲ့ အိမ်ကလေးတစ်လုံးပါ..


ဒါကတော့ တံမြက်စည်း လုပ်တဲ့အပင်ပါ.. ဟိုမှာတော့ သိပ်ပေါပါတယ်…



တောတောင်တစ်ခုလုံးတော့ ဒီလို တောငှက်ပျောပင်တွေ အပြည့် ပါဘဲ..


မြစ်ကြီးနား မိုးကောင်းလမ်း ကတ္တရာ လမ်းမကြီးလဲ ရေကျော်နေပါတယ်..


ဖြေးဖြေးမောင်းနော်


မိုးတွင်းခရီးသွားရတာ လမ်းခရီး ကြမ်းတမ်းခက်ခဲပေမဲ့လို့ တစ်ခုတော့ စိတ်ချမ်းသာမိတယ်.. ကြည့်လေရာရာ မြင်လေရာရာဟာ စိမ်းစိမ်းစိုစိုနဲ့ပါဘဲ.. ရေတွေဖွေးနေတဲ့ လယ်ကွင်းပြင်တွေ၊  စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊  မြူခိုးဝေနေတဲ့ တောင်ပြာတန်းတွေ၊ ကြည့်လေရာ စိမ်းလန်း သာယာ နေတော့တာပါဘဲ..


ရေတွေဖွေးလို့


ရေဖွေးဖွေး လယ်ကွင်းလေး

အထီးကျန်သစ်ပင်


စိမ်းတစိုစို

စိမ်းစိမ်းစိုစို ရာဘာစိုက်ခင်းများ

ကချင်ပြည်နယ်မှာ မြေဧက တော်တော်များများကို ကုမ္ပဏီတွေက ရာဘာတွေ သစ်မွှေးတွေ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်.. လမ်းတလျှောက် စိုက်ခင်းတွေ စိမ်းစိုနေတာကို ခြံကျယ်ကြီးတွေနဲ့ တွေ့ရပါတယ်။


ကားပေါ်ကနေ ရိုက်လိုက်မိတဲ့  မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်းအလှ


ကြည့်ပါဦးတော့ လှလိုက်တဲ့ အလှ

ခရီးထွက်ရတာ နှစ်သက်သဘောကျမိသူမို့ ပင်ပန်းပေမဲ့ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေက အမောအပန်း ပြေပြီး စိတ်ကို ရွှင်လန်းစေတာမို့ အိမ်အပြန် ဒီခရီးကို ပျော်ပါတယ်လို့ဘဲ  မှတ်ချက်ချရမှာပါ.. ကချင်ပြည်နယ်အကြောင်း ဆက်ရန်ရှိပါသေးတယ်..  စောင့်မျှော်အားပေးကြပါဦးနော်..

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts