>Maung Maung One – Suu 66 e-Book is now online

>

ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု စာစု
မောင်မောင်ဝမ်းရဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ”
အမှတ်တရ အီးဘုတ် မိုးမခစာနယ်ဇင်းအဖွဲ့က တင်ဆက်
မိုးမခ၊ ဇွန် ၁၉၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဖြတ်သန်းမှုများကို မိမိကိုယ်တိုင် ကြုံသိခဲ့သမျှဖြင့် အခြေခံပြီး ထုတ်ဖော်ရေးသားထားတဲ့ အင်တာနက်ပေါ်က စာရေးဆရာတဦးဖြစ်သူ မောင်မောင်ဝမ်း၏ ဆောင်းပါးများကို မိုးမခမီဒီယာက စုစည်းပြီး စု ၆၆ မွေးနေ့အမှတ်တရအဖြစ် အီးဘုတ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။
၈၈ မျိုးဆက်၊ မြေလတ်ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ယခုလက်ရှိ အမေရိကန်ပြည်၊ နယူးယောက်နယ်၊ ဘတ်ဖဲလိုးမြို့နယ်မှာ ရွှေ့ပြောင်းနေထိုင်သူ ကိုမောင်မောင်ဝမ်းဟာ အင်တာနက်ပေါ်မှာ လူသိများတဲ့ စာရေးဆရာတဦးဖြစ်တဲ့အပြင် သူနေထိုင်ရာ မြန်မာကွန်မြူနီတီတွင်းမှာလည်း  မြန်မာ့အရေး လှုပ်ရှားတက်ကြွသူတဦးလည်း ဖြစ်ပါတယ်။ သူရဲ့ခွင့်ပြုချက်နဲ့ အဆိုပါစာအုပ်ကို မိုးမခစာနယ်ဇင်းအဖွဲ့ရဲ့ မျိုးဆက်သစ်စာပေအင်အားစုက အီးဘုတ်ဖြစ်မြောက်လာအောင် အားစိုက်ပေးတာ ဖြစ်ပါတယ်။
မောင်မောင်ဝမ်းက ၈၈ အရေးတော်ပုံနဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုများ၊ စစ်အုပ်စုနဲ့ ရင်ဆိုင်ခဲ့ရပုံများ၊ ဒီမိုကရေစီအင်အားစု အသီးသီးနဲ့ စည်းရုံး တိုင်ပင် လှုပ်ရှားခဲ့ပုံများကို မိမိအတွေ့အကြုံများနဲ့ အခြေပြုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် ပြည်သူလူထုရဲ့ မှတ်ကျောက်တင် မတင်ကို သည်သူ့မှတ်တမ်းစာအုပ်ကနေ တစေ့တစောင်း တွေ့ကြရမှာ ဖြစ်ပါတယ်။
မိုးမခစာနယ်ဇင်းအဖွဲ့ကတော့ မောင်မောင်ဝမ်းကို အကြောင်းပြုပြီး အခုလို Suu 66 မွေးနေ့လက်ဆောင် စာအုပ် တင်ဆက်နိုင်တာကို ၀မ်းသာ ဂုဏ်ယူမိပါတယ်။ နောက်နာရီပိုင်းမှာ Suu 66 အတွက် မိုးမခနဲ့ မြန်မာပြည်ချစ်သူတွေ၊ ၀ိုင်းဝန်းရေးသားကြတဲ့ မွေးနေ့စာစု အီးဘုတ်တအုပ် ဆက်လက် ဖြန့်ချိရန် ပြင်ဆင်လျက်ရှိပါတယ်။ အင်တာနက်မီဒီယာဖြစ်တဲ့ မိုးမခစာနယ်ဇင်းအဖွဲ့က အင်တာနက်မျက်နှာစာသစ်က စာပေ၊ အနုပညာရှင်တွေရဲ့ စာတွေကို စုစည်းပြီး အီးဘုတ်ကလေးတွေ အဆက်မပြတ်၊ အမှတ်တရ ထုတ်ဝေသွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ကိုမောင်မောင်ဝမ်းရဲ့ ကိုယ်ရေးအကျဉ်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
ကလောင်အမည်- မောင်မောင်ဝမ်း
အမည်ရင်း-         မောင်မောင်ဝမ်း
စာရေးသူမောင်မောင်ဝမ်းဟာ ၁၉၈၈ မှာ ရန်ကုန်တက္ကသိုလ် စတုထ္ထနှစ် ဥပဒေကျောင်းသား တယောက်ဖြစ်ခဲ့ပြီး ၁၉၈၈ ဇွန်လမှာ ရန်ကုန်တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှ စတင်ကာ နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာခဲ့ပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ ရေနံချောင်းမြို့နယ် ကျောင်းသားသမဂ္ဂဥက္ကဌနဲ့ မြေလတ်ကျောင်းသားခေါင်းဆောင် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ တကသ ( တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ) ရဲ့ဦးဆောင်မူ့တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် နှစ်ကြိမ် ကျခံခဲ့ရပြီး  အင်းစိန်ထောင်၊ သရက်ထောင်၊ မန္တလေးထောင်၊ မြစ်ကြီးနားထောင် များမှာ စုစုပေါင်း ၁၃ နှစ်နီးပါးမျှနေထိုင်ခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာခဲ့ပြီး ယခု အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ နေထိုင်လျှက်ရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts