>Suu 66 & Burma Women’s Day Celebrated at NLD HQ in RGN

>

  အကျယ်ချုပ်လွတ်မြောက်ပြီးနောက် ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျင်းပ
လူပရိတ်သတ်ထောင်ကျော်လာရောက်
မိုးမခ အထောက်တော်
ဇွန် ၁၉၊ ၂၀၁၁
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈နှစ်တာ အကျယ်ချုပ် ကျခံရပြီးနောက် ပထမဆုံး ကျင်းပသည့် ၆၆ နှစ်မြောက်မွေးနေ့ပွဲသို့ လူပရိတ်သတ် ထောင်ကျော်တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ မွေးနေ့ပွဲတွင် အလိုချင်ဆုံးဆုမှာ တိုင်းပြည်ငြိမ်းချမ်းရေး သာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့ ရွှေဂုံတိုင် အန်အယ်ဒီရုံးချုပ်၌ ယနေ့နေ့ခင်း ၁ နာရီတိတိတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို စတင်ကျင်းပရာ မိုးပျံပူဖောင်းများ လွှင့်တင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးတို့မှ အမှာစကားပြောကြားခဲ့ကြသည်။
ဦးစွာဒုဥက္ကဌ ဦးတင်ဦးက ပြောဆိုရာတွင် ယနေ့သည် မဟာသမယ ဟုခေါ်သည့် နေ့ဖြစ်သဖြင့် ထူးခြားကြောင်း၊ ထိုနေ့၏ အဓိပ္ပါယ်မှာ ညီညွတ်ရေး သဟဇာတဖြစ်ရေးကို ဟောသည့် သဘောသွားဖြစ်သဖြင့် ထူးခြားကြောင်းနှင့် နောက်ထူးခြားသည့်အချက်တစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တိုင်း မွေးနေ့တိုင်းတွင် မွေးနေ့ကို ကျင်းပလိုသော်လည်း လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရပဲ ၈ နှစ်ကျော်ကာလအတွင်း  ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်စွာကျင်းပရသည့် ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ 
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုရာတွင်
“ယခုအချိန်မှာ ငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့မွေးနေ့မှာ ငြိမ်းချမ်းရေးကိစ္စကို အလေးထားပြောချင်ပါတယ်”
ဟုပြောဆိုပြီး တိုင်းပြည်တိုးတက်ဖို့ သာယာဖို့အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကို အဓိကထားပြောဆိုခြင်းသည် ကချင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်အကြား ယခုလက်ရှိ ဖြစ်ပွားနေသည့်တိုက်ပွဲများအား ရည်ညွှန်းလိုခြင်းဖြစ်မည်ဟု ပရိတ်သတ်များထဲမှ တစ်ဦးက ကောက်ချက်ချသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး
“ငြိမ်းချမ်းဖို့ဆိုတာ ကျွန်မတယောက်ထဲ လုပ်လို့မဖြစ်သလို ကျွန်မတို့အဖွဲ့တဖွဲထဲလည်း လုပ်လို့မဖြစ်ပါဘူး” ဟုလည်းထောက်ပြ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး
“ငြိမ်းချမ်းရေး သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် ပထမဆုံး ခြေလှမ်းဖြစ်သည်”
ဟုလည်း ပြောဆိုခဲ့သလို သူမ၏ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ထားသည်နှင့် ဆက်စပ်၍လည်း အမျိုးသမီးများမှာငြိမ်းချမ်းရေးကို အမျိုးသားများထက် ပိုပြီးလိုလားသူများ ဖြစ်သည့်အချက်၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်မှုနှင့် စစ်မက်ဖြစ်ပွားသည့်အခါ အမျိုးသမီးနှင့် ကလေးငယ်များက အမျိုးသားများထက် ပိုပြီး ဒဏ်ခံရသည့်အကြောင်းကြောင့်ဟုလည်း ထောက်ပြခဲ့သည်။ 
 
သူမ၏ မွေးနေ့တွင် လက်ဆောင်တွေ ဘာတွေမလိုအပ်ပဲ လိုအပ်သည့်အရာမှာ လူတဦးချင်း တဦးချင်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စေမည့် စိတ်ထားတွေကို တဦးချင်းတဦးချင်း ပွားပေးကြပါ ဟု ပန်ကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts