ကဗျာ ဆောင်းယွန်းလ

အမေနဲ့ ကျနော့်ကြားမှာ

ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၅၊ ၂၀၁၄

 

 

မြစ်တွေသာ သောင်ထွန်းရင်ထွန်းသွားမယ်
အမေ့ရဲ့စမ်းချောင်းကလေးကတော့
ဘယ်တော့မှ သောင်မထွန်းခဲ့ဘူး….

 

မှောင်လွန်းတဲ့ ကျနော့်ကမ္ဘာကို
ချစ်ခြင်းမေတ္တာ မီးအိမ်ငယ်နဲ့
လင်းထိန်ဝင်းပစေခဲ့တာလည်း အမေပါပဲ .…..

 

အမေက
ကျနော့်အတွက် အားဆေးတခွက်ဖြစ်ခဲ့ပေမယ့်
ကျနော်ကတော့
အမေ့အတွက် ဓားတလက်ဖြစ်မလာခဲ့ဘူး ….

 

အမေ့အနားမှာ ကျနော်ရှိမနေခဲ့ပေမယ့်
အမေကတော့ ကျနော့်အနား အမြဲရှိနေခဲ့တယ်…

 

အမေနဲ့ ကျနော့်ကြားမှာ
ခရီးမိုင်ယူဇနာ ဘယ်လောက်ခြားခြား
ကျနော့်အပေါ်ထားတဲ့ အမေ့မေတ္တာတရားကတော့
ကျနော့်အနား ဆံချည်တမျှင်တောင်မခြားခဲ့ဘူး…

 

ကျနော်က ပေထက်အက္ခရာ ကဗျာရေးပြီး
အမေ့ကို လွမ်းနေတတ်ချိန်မှာ
အမေကတော့
သူ့ရင်ဘတ်ထဲက မေတ္တာအက္ခရာရဲ့ကဗျာတစ်ပုဒ်နဲ့
ကျနော့်ကို လွမ်းတတ်တယ်…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts