ရသဆောင်းပါးစုံ အတွေးအမြင်

အနော်ရထာမင်းရုပ်ထု၊ အလောင်းမင်းတရားရုပ်ထု၊ ဘုရင့်နောင်မင်းရုပ်ထု … ပြီးတော့ …

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)
ဇန်န၀ါရီ ၁၅၊ ၂၀၁၄
တို့တွေကွာ…သူတို့တွေ လွတ်လပ်ရေးတောင်းဆိုတာကို ပွဲလမ်းသဘင်တွေ များများလုပ်ပေး ကျင်းပပေးရင်း..ရှောင်လွဲ လမ်းလွဲရမှာ ..အဲဒီတချက်ကျန်ခဲ့မေ့ခဲ့တယ်ကွာ… ဆိုတဲ့စကားပြန်သတိရရင်း.. ငယ်စဉ်အခါကကြားဖူးခဲ့တဲ့စကားလား..?  ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက စကား ရပ်လား ?.. ရေရေရာရာ မမှတ်မိတော့…….၊၊

 

မှန်ကောင်း မှန်နိုင်သလိုလို…ကျနော်တို့ ရွှေတွေက ပွဲလမ်းသဘင်တခုခု…ဘာသာရေး ၊လူမှုရေးပွဲတခုခုအတွက် အတော်ကြီးနှစ်ဝင် ပျော် ဝင်ကြတဲ့သူတွေမို့ပါ။ တနှစ်မှာ အချိန်ကာလ ၁၂ လကို  ၁၂ ပွဲအခြေခံထားပြီး နိုင်ငံအတွက် လူမှုရေးအတွက်အပါ… အခြားအခြား ဆက် စပ် သောဘာသာရေး လူမှုရေးပွဲတွေကိုပါ  ထပ်ပေါင်းအားဖြည့်လိုက်တော့..ပွဲတကာ့ပွဲ….အပျော်တကာ့အပျော်ပေါ့ဗျာ…………၊၊

 

ပွဲလမ်းသဘင်  အပျော်အပါး ခုံမင်ခံစားတတ်တဲ့ရွှေတွေရဲ့  ပင်ကိုယ် နူးညံ့အေးချမ်းတဲ့စိတ်ခံစားချက်လေးဟာ ထိလွယ် ရှလွယ်  …ခပ် ပါးပါး လှပ်လှပ် ပျော်စရာတွေ့ ရင်  အူလိုက် အသဲလိုက်ပျော်….ငိုစရာ လွမ်းစရာကြုံရင် အသည်းကြွေပျက်လုမတတ် ချူံးပွဲချ …၊ စိတ် ဆိုး ဒေါသဖြစ်ခဲ့ရင်တော့ ဟုန်းကနဲ ကောက်ရိုးမီး… မိုးမမြင် ကမ်းမမြင် …ထိန်းမနိုင် သိမ်းမရ…….၊၊

 

ရသ အစုံစုံပေးနိုင်သော ပွဲတခုခုကို  စွဲမက်သော ရွှေတို့ဟာ ခံစားချက်တခုအတွက်  အတွေးတခုအတွက်….ဘက်ပေါင်းစုံ  မျှမျှတတ တွေး တော ခံစားနိုင်ခြင်းမရှိခဲ့၊အစွန်းနှစ်ဖက်မှာရပ်တည် ခံစားတွေးတောခဲ့သည်မှာပင်ကိုယ်စရိုက်ဟုပင် သတ်မှတ်ရတော့မလိုပင်…၊ ချစ်စရာ တွေ့ ရင်  အစွန်းစွန် အချစ်ပို အကြင်နာပို၊ မုန်းစရာဖြစ်လာရင်  ခါးခါးတူးတူး နှစ်နှစ်သီးသီး…….၊၊

 

တကယ်တော့   စစ်အာဏာရှင်အုပ်စိုးမှုအောက်  နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူတွေအတွက်  စိတ်ခံစားချက်ဟာ ဒီအစွန်းနှစ်ဖက်ပေါ် မူ တည်ခံစား  လွှမ်းမိုးခဲ့ရတာလဲ  စာဖွဲ့ အပြစ်မဆိုသာ။ အုပ်ချုပ်သူ စစ်အာဏာရှင်က အပေါ်စီး  …အုပ်ချုပ်ခံ ပြည်သူတွေက အောက်စည်း အနေအထားအပြင်…. လွတ်မြောက်လိုခြင်း အစွန်းတဖက်နှင့်  ဆက်လက်ပိတ်လှောင်လိုခြင်း အစွန်းတဖက် အားပြိုင်မှုတွေဟာ..တခြားသော အားပြိုင်မှုနှင့်မတူ..၊ကြမ်းတမ်းပြင်းထန်ပါတယ်… ဖိနှိပ်သူ အပေါ်စီးနှင့် ဖိနှိပ်ခံ အောက်စည်း အားပြိုင်မှုအပေါ်  လွတ်မြောက် ခြင်းနှင့် ပိတ်လှောင်ခြင်းအစွန်းနှစ်ဖက် အားပြိုင်မှုပါ  တတွဲတည်း တပေါင်းတည်း  ပါဝင်လာခဲ့တော့  အမိရွှေနိုင်ငံတော်ကြီး … ရွှေမှန်ကင်း ထင်းဖြစ်ခဲ့ရတဲ့အဖြစ်ဆိုး   ကြုံ ဆုံခဲ့ရတာ  ရင်ထုမနာ အဖြစ်ရဆုံးပါဘဲ….၊၊

 

တိုင်းပြည်က ပြာပုံ ၊လူထုတွေက ရပ်ဝေးမှာ ကျွန်သဘောက် ၊ အပြစ်မဲ့ပြည်သူနဲ့ တိုင်းရင်းသားတွေက  မိုးထဲလေထဲ..တောင်သူဦးကြီးတွေ ကလဲ  နေပူပူထဲ မြေမဲ့ ယာမဲ့ အခြေခံအလုပ်သမားတွေကလဲ  မဝရေစာ မသေမရှင်….၊ ဒီလို ကြမ်းတမ်းခက်ထန်နေတဲ့အချိန်အခါ…  လွတ် မြောက်လိုခြင်းအစွန်းတဖက်နှင့် ဆက်ပိတ်လှောင်လိုခြင်း..အစွန်းနှစ်ဖက်အားပြိုင်မှုကြီးတခု  စတင်ပါပြီခင်ဗျား……..၊၊

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီနှင့် ပြည်သူတို့က တဖက်  …နှစ်ပေါင်းငါးဆယ်ကျော် ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်လက်တဆုပ်စာတို့က တဖက်….၊အားပြိုင်မှုဟာအချိန်မျာများမပေးနိုင်….တိကျပြတ်သားတဲ့ အဖြေတခု အတွက်  ၂၀၁၄ နှစ်တနှစ်သာ…၊၊

 

ရှည်လျားတဲ့အတိတ်ကဖြစ်ရပ် ခါးသီးမှုတွေ၊ သင်ခန်းစာတွေ ၊ ရှုံးနိမ့်မှုတွေ ခဏဘေးဖယ်ထားပြီး..နှစ်သစ်၊ အတွေးသစ် ၊ ဦးဆောင်မှုအသစ် ၊ယုံကြည်ချက်အသစ် ၊ အားမန်အသစ်တွေနဲ့ အတူ…ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနောက်  ထပ်ချပ်မခွာ လိုက်ပါကြပါစို့…..၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ခေါင်းစဉ်အစား…သားစဉ်မြေးဆက် စစ်ကျွန်ဘဝမရောက်ရေး ခေါင်းစဉ်အသွင်ပြောင်းလဲခံယူကြပါစို့ …..၊ တိုင်း ရင်းသားတွေအနေနှင့် တည်ကြည်ပြတ်သားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနောက် … မလိုက်ပါလိုလျှင်လည်း    အတူတကွ ရင်ဘောင်တန်းဝိုင်းရံကြပါစို့ ……၊၊

 

ပီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်မှ ရဲရဲတောက် မိန့်ခွန်းပြောအပြီး…..အာဏာပါးဝ စစ်အုပ်စုဟာ သူတို့ရဲ့ နောက်ဆုံးတိုက် ကွက်တခု အစပျိုး ဖော်ထုတ်နေပါပြီ။ ယခင်လုပ်နေကြ ဘာသာရေးပဋိပက္ခ  … ဗုံးဖောက်ခွဲမှု …မီးရှို့မှုတွေဟာ  အသုံးမဝင် ဒိတ်အောက် ကျန်ခဲ့ပြီမို့ နောက်တဆင့်တက်  …… တိုင်းရင်းသားလူမျိုးစုချင်း ပြဿနာတခု ဖန်တီးပေးရင်း…နှစ်နိုင်ငံ ပဋိပက္ခတခုကိုပါ အရန်သင့် တွဲ ဖန်တီး နေတာကိုမျက်ဝါးထင်ထင်  မြင်တွေ့ နေပါတယ်……၊၊

 

ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြတ်ပြတ်သားသား အရေးဆိုပြီးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်… ကချင်ပြည်နယ်အတွင်း  ရှမ်းနီ လူမျိုးစုတွေရဲ့  ဆန္ဒထုတ်ဖော်ပွဲဟာ ရိုးသားစွာ ပေါ်ထွက်လာခြင်း မဖြစ်နိုင်ပါ..ထိခိုက်နစ်နာမှုအတွက်  ရှေးယခင်ကထည်းက အတူတကွေ၇ာနှောချစ်ကြည်စွာနေထိုင်လာခဲ့သူချင်း.. ညှိနှိုင်းဖြေရှင်းနိုင်ပါရက်နှင့် ကမ္ဘာသိ နိုင်ငံသိဖြစ်အောင် တူးဆွပေးနေခြင်းဟာ  အာဏာရှင် တို့ရဲ့ ပုံသေနည်းတခုပင်၊ တဆက်တည်း  အခြေခံဥပဒေ ပြင်ဆင်ရေး အရှိန် မြင့်လာလျှင်   အသုံးချရန်အတွက်  နှစ်နိုင်ငံ ပဋိပက္ခတခုကိုလဲ

ကြိုတင်ပြင်ဆင် တည်ဆောက်ထားပြီးပါပြီ…။စစ်ကားတန်းရှည်ကြီးများ….လက်နက်အမြောက်တင်ဆောင်ပြီး.ပြသာနာဖြစ်ရာ နယ်ခြား ဒေသဆီသို့ …. ထွက်ခွာချီတက်နေသော  ဝါဒဖြန့်ပုံကားချပ်တွေ   ရုပ်မြင်ပြကွက်တွေနှင့် …အရှိန်တက်နေသော ဆန္ဒပြင်းပျနေသော ပြည် သူလူထုရဲ့ အာရုံခံစားချက်ကို လမ်းလွဲ ရှောင်ဖယ်သွားရန်အလုပ်ကား…စစ်အာဏာရှင်တိုင်းရဲ့ … နောက်ဆုံးဝှက်ဖဲတခုပင်….၊၊

 

ယနေ့ နိုးကြားတက်ကြွနေသော  ပြည်သူပြည်သားတွေကလည်း  ရိုးစင်းလှသော …. ဖန်တီးနေကြ ဘာသာရေးပဋိပက္ခ၊ တရားခံဖမ်း မမိနိုင်သော ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေးဆဲမီးလောင်မှုတွေအပြင် စစ်အာဏာရှင်တို့ရဲ့ နောက်ဆုံးဝှက်ဖဲ…လူမျိုးစုချင်းပဋိပက္ခပြသာနာ ၊အိမ်နီးချင်းနိုင်ငံတနိုင်ငံနှင့် အချင်းများပြဿနာအစုံစုံအတွက် ကြိုတင်အသိစိတ်ဖြင့်  ကျော်လွှားတွန်းလှန်ရန်  အထူးလိုအပ်နေပါတယ်…….၊၊

 

ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အရှိန်မြင့်မားလာလေ..စစ်အာဏာရှင် လှည့်ကွက်ထဲ မဝင်မိအောင် အထူးသတိပြုရလေ….တိုက်ပွဲဝင် ပြည်သူနဲ့ တိုင်းရင်းသားကြား စွဲမြဲ ကိုင်ဆွဲသောလက်များ ခိုင်မာအောင်ကျိုးးစားရလေပါဘဲ……..၊၊

 

၂၀၁၅ ခုနှစ်အတွက်  ၂၀၁၄ ခုနှစ်ဟာ   သန်းပေါင်းခြောက်ဆယ်သောပြည်သူအနေနှင့် မိမိတဦးချင်း အသက်တွေသာမက  ဘဝနှင့် ထပ် တူ  သားစဉ်မြေးဆက်ဘဝတွေပါ ပေါင်းထပ်ပြီး….တသွေးထဲ တသားထဲ  တညီတညွှတ်ထဲ..အလုံးစုံသော ခွန်အားတို့နှင့် စစ်အာဏာရှင်စံနစ်ဆိုးကြီးကိုမြေလှန် တူးဖော် မီးရှို့ပစ်ရမည့် နှစ်တနှစ် ဖြစ်ရမှာ  မလွှဲဧကန်ပင်တည်း…..၊၊

 

ဤသို့ ကိုယ့် သားစဉ်မြေးဆက်အတွက် တွန်းလှန်ဖယ်ရှားရမယ့် သမိုင်းပေးတာဝန်ကိုအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့လျှင်. ……… ။

ပြတ်သားသောဦးဆောင်မှုနောက် ထပ်ချပ်မခွာ မလိုက်ပါနိုင်ခဲ့လျှင် …။

အခြေအနေ အရပ်ရပ်ကို ဘေးထိုင် ဘုပြော  ဝေဖန်တိုက်ခိုက်နေမယ်ဆိုရင် …။

သာယာနောက် လှေကြုံစီးဖို့ ကြံစီနေမယ်ဆိုရင် …။

တောင်မှန်းမသိ မြောက်မှန်းမသိ  ဝေလေလေလုပ်နေမယ်ဆိုရင်….။

နောင်လာမဲ့ အနာဂတ်မျိုးဆက်တွေအတွက်..

ကျနော်တို့ရဲ့  သားစဉ်မြေးဆက်အတွက်…

ရန်ကုန်မြို့ လယ်ခေါင် မြို့ တော်ခန်းမအရှေ့   ပန်းခြံအလယ်မှာ ရုပ်ထုကြီးတခု  ဘွားကနဲ ပေါ်ပေါက်လာမှာ မလွှဲ အသေအချာပင်။

 

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစံနစ် အုတ်မြစ်ချသူ

မြန်မာ့ဒီမိုကရေစီဖခင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်ထု ပေါ်လာခဲ့လျှင်တော့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts