>Mar Mar Aye 390

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၉၀



ဖျော်ဖြေရေးယဉ်ကျေးမှု

မာမာအေး

သြဂုတ် ၁၉၊ ၂၀၁၁





“… ရာထူးဂုဏ်ရှိန်တို့ကို လေးစား ရိုသေသမှုနဲ့ ဇါတ်စင်မြင့်တောင် မသုံးကြရပါဘူး။ လူကိုယ်တိုင် သရုပ်ဆောင်ခဲ့ရင် မယဉ်ကျေးရာကျမှာစိုးတော့ ရုပ်သေး ခေါ်တဲ့ စင်တော် ပေါ်လာပါတယ်…”



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့ တပါတ်က ပြောပြစရာတွေ အစီအစဉ်ကို နားထောင်ဖြစ်ခဲ့မယ် ဆိုရင် မာအေးတို့ ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားကျောင်းတာမျိုး တိုးနေပြီလို့ သိမှာပေါ့နော်၊ ယဉ်ကျေးမှုဆိုတဲ့ဖက်ကလဲ လာဦးမှာလို့ အဲဒီနေ့က ပြောခဲ့တဲ့အတိုင်း ဆက်လိုက်ပါမယ်။

မာအေးတို့နိုင်ငံက ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစီးအောက်မှာ ပုံစံအမျိုးမျိုးနဲ့ ချိန်ထိုးပြောဆိုတာမျိုးတွေ ရှိပါတယ်။ မာအေးကတော့ ဂီတနယ်မြေရဲ့ ဖျော်ဖြေရေးယဉ်ကျေးမှုလို့ ခံစားရတဲ့ ကိုယ်မီခဲ့တာတွေထဲက သိစရာကောင်းတာလေးတွေကို ပြောပြချင်တာပါ။

မာအေးတို့ရဲ့ ဖျော်ဖြေရေးဂီတကို ရှေးဦးစွာ နန်းသုံးအနုပညာလို့ ဆိုလိုက်ချင်ပါတယ်ရှင်။ အတီးလက်မြောက်တဲ့ ဂီတပညာရှင် စေါင်းဘုရင်တို့၊ မိကျောင်း ခေါ်တဲ့ တူရိယာတီး ကျွမ်းကြင်တဲ့ ပညာရှင်တို့ကို နှစ်ဦးစ သုံးဦးစလောက်သာ အိပ်ဖန်တော်ဆောင်မှာ ရွှေနန်းရှင်ဘုရင်မင်းမြတ် ချမ်းသာစွာ စက်တော်ခေါ် ပျော်စေကြောင်း ငြိမ့်ညောင်းသံသာ ကျူးခွင့် ပေးတော်မူတဲ့ သမိုင်းက ရှိနေတာကိုး ရှင့်။

နောင်အခါ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ဘုရင်မင်းပျောက် ထီးကျိုးစည်ပေါက် ဒုက္ခတွေ ရောက်ခါမှ နန်းသုံးတော်ဝင် ဂီတပညာရှင်တို့ခမျာ ပင့်ဆောင်ကြရာ နယ်တကါမှာ လိုက်ပါသင်ကြား လက်ဆင့်ကမ်းပေးသွားရှာကြတာပါရှင်။ ဂီတနဲ့ဖျော်ဖြေရေး တာအထွက်မှာ ရတနာသုံးပါး မလွတ်စေရဘူး။ ယဉ်ကျေးမှုပြ၊ မင်္ဂလာရှိတာက စကြရပါသတဲ့။

“ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ဘုရား” အဲဒါမျိုးပေါ့။ ဘုရား၊ တရား၊ သံဃာ ရှိခိုး ထွက်တဲ့ ယဉ်ကျေးမှုတရပ်လို့ ဆိုနိုင်ပါတယ်။ ဒီကနေ့ ရှိခိုးနေကြပုံနဲ့တော့ အဓိပ္ပါယ်တူမယ် မဟုတ်ပါဘူးရှင်၊ ဂီတချည်းသက်သက် ပျော်တော်မဆက်ခင်က သဘင်မျိုးမို့လား၊ အမူအယာနဲ့ အကနဲ့အဆိုနဲ့ မခွဲခြားပါဘူး၊ စနစ်တူယူကြတာပါ။ အသကဂုဏ်ဝါ ရာထူးဂုဏ်ရှိန်တို့ကို လေးစား ရိုသေသမှုနဲ့ ဇါတ်စင်မြင့်တောင် မသုံးကြရပါဘူး။ လူကိုယ်တိုင် သရုပ်ဆောင်ခဲ့ရင် မယဉ်ကျေးရာကျမှာစိုးတော့ ရုပ်သေး ခေါ်တဲ့ စင်တော် ပေါ်လာပါတယ်။ လူတွေ ကိုယ်တိုင် ကကြ ဆိုကြတဲ့ခေတ် ရောက်လာတော့ အမျိုးသားချင်းဘဲ တွဲကကြတဲ့အတွက် ယောက်ျားမင်းသမီးတွေလဲ ပေါ်ခဲ့ပါတယ်။ ဒီမင်းသမီးမျိုးမှာ “အောင်ဗလ” ဆရာ တော်ပုံများ သီချင်းတောင် ရေးသားခဲ့ရတဲ့အထိပါဘဲတဲ့ရှင်။

(ဦးအောင်ဗလရဲ့ အမူအရာတွေရယ် ခုကာလထက်နွဲ့တယ်၊ နွဲ့တယ်) ၂ xxx မာယာဆောင် အပလိန်း အနန္တ၊ သဘင်၏ ဂုဏ်ဆောင်ဘွယ်၊ စုံအောင်လဲ သိပေတယ်၊ အော် – ဖ၀ါးခြေတော်နာသတဲ့ မောင်မောင်ရယ် xxx (တိုင်းကျော်ပြည်ကျော်ရယ် ညွှန်းပဏါတင်ဘွယ်၊ ကိုအောင်ဗလရဲ့ ဥာဏ်စွမ်းထယ်၊ အရာရာမျိုးမှာစံထားဘွယ်) ၂ xxx (သဘင်မြေ၀ိုင်းကို မဆိုင်းပယ်ကါရယ်) ၂ xxx အော် ခေတ်နဲ့လိုက်အောင်ကြံဆောင်ပြီးတော့၊ ကပုံတနည်း ဇာတ်ကြီး ဓါတ်မီးနဲ့သွယ်၊ တမျိုးလဲ ဆန်းအောင် အဆင့်အတန်းလဲ မြှင့်တော်မူပါတယ် xxx



ချစ်စွာသော တေးချစ်သူတို့၊ ယောက်ျားရင့်မကြီး ဖြစ်ပါလျက်ကယ်နဲ့ မိန်းမ က အမူအနွဲ့တွေ အခရာတွေ ကျွမ်းလွန်းလှတဲ့ ယောက်ျားမင်းသ္မီး အောင်ဗလကြောင့် “စင်” နဲ့ ကကြ ဆိုကြတာတွေ ဖြစ်လာတဲ့အကြောင်း သီချင်းနဲ့သက်သေကိုရှိပြီနော်။ “စင်” ဆိုတာ ဇါတ်ပွဲက စခဲ့တာလေး မမေ့ရအောင်ပါ။ စင်ပေါ်မှာ ကကြတဲ့ ဇါတ်တွေတိုင်း ပွဲဦးညမှာ ပထမဆုံး ဘုရားပုံတော်နဲ့ ရှိပါခိုးပြီးတော့ မင်္ဂလာလမိုင်း ဖွင့်ကြပါတယ်။

ဂီတသီးသန့် စင်နဲ့ ဖျော်ဖြေတာမျိုး အရင်က မရှိရိုးအမှန်ပါ။ သူ့ကျွန်တွင်းက လွတ်ကင်းဖို့ရာ တော်လှန်ရေးလုပ်ကြတဲ့အခါက တို့ဗမာအစည်းအရုံးဝင် သခင်တွေနဲ့အတူ တရားဟောစင်တွေမှာ ပူးပေါင်းလိုက်ပါ ဆိုကြ တီးကြ စည်းရုံးပေးကြတဲ့ ဂီတလောကသားတွေ ရှိကြောင်း သာဓကတွေ သမိုင်းမှာ ရှိပါတယ်။

မာအေးတို့လူမျိုးက အလှူရေစက် လက်နဲ့မကွာ အမြဲရှိနေတာဆိုတော့ အလှူမဏ္ဍာပ်တနေရာရာမှာ ဂီတအဖွဲ့ဟာ ရှိစမြဲပါ။ မြန်မာဂီတာတို့ တယောတို့ ကြိုးတတ်တူရိယာတွေနဲ့စုပြီး ဖျော်ဖြေကြတဲ့ ထိုင်ဝိုင်းခေါ်တဲ့ အနုဝိုင်းမျိုး များပါတယ်။ ထိုင်ပြီးဆိုရတီးရတာမို့ ဒီလိုဘဲ ခေါ်လိုက်တယ် ထင်ပါရဲ့ရှင်၊ ဟိုတယ်တွေမှာ ကျင်းပတဲ့ အလှူမင်္ဂလာဆောင်တွေမှာတော့ ထိုင်ပြီး ဖျော်ဖြေတာပေမယ့် ကုလားထိုင်တွေနဲ့ပေါ့။ ဂရင်းဟိုတယ်တို့ စထရင်းဟိုတယ်တို့မှာကျတော့ စန္ဒရားက ပါလာပြီရှင့်။ အပ်(ပ)ရိုက် လို့ ခေါ်တဲ့ စန္ဒရားအိမ်က မြင့်မြင့်ရှည်ရှည်မို့ အဆိုတော်ကို မမြင်ရပါဘူး။ ဒါကြောင့် အဆိုတော်က ဧည့်သည်တွေဖက်ကို မျက်နှာပြုပြီး မတ်တတ်ရပ်ဆိုဖြစ်သွားတာပါဘဲ။ အဲဒီတီးဝိုင်းတွေဟာ ဓမ္မတေး တပုဒ်ပုဒ်နဲ့ စ ဖြစ်ကြတယ်။ ခေတ်အဆက်ဆက်မှာ တီးဝိုင်းသားတွေကို ကြည်လင်ချိုမြတဲ့ အပြုံးလှလှ ပရိသဒ်ကို ပေးထားရမယ်လို့ လူကြီးတွေက သင်ပါတယ်။ ပရိသဒ်ကို လေးစားရာကျအောင် အ၀တ်အစား အပြောအဆို အနေအထိုင် ဆင်ခြင်ရမယ်၊ တင့်တယ်ရိုးသား သပ်ယပ်ရမယ် လို့လဲ ဆုံးမပါတယ်။ လူ အကြည့်ခံရမယ့်သူဟာ ပို သတိထားရမယ်။ အနုပညာရှင်ကို ချစ်မြတ်နိုးစိတ်နဲ့ အတုခိုးတတ်တဲ့ လူငယ်တွေ ကိုယ့်ကြောင့် နောင်တရစရာတွေ မဖြစ်ရအောင် ကျိုးစားပါ တဲ့။ ဆရာ့ဆရာတို့ ထားခဲ့တဲ့ စကါး ဥပဒေများနဲ့ မာအေးရဲ့ ဂီတဘ၀ကို ရစ်ပတ် တုတ်နှောင်ထားခဲ့တာ ကြာလာတော့ – လူမြင်တာနဲ့ နှုတ်ခမ်းက ဖြီးကနဲ နေပြီးသားကို ဖြစ်လို့။ ကိုယ်ဆိုခဲ့တာ စင်ပေါ်ရော ဘာရော စုံနေပေါ့ဘဲ၊ ဂီတစင် သီးသန့် ကွဲပြားလာတာ ကြည့်မြင်တိုင်ကျောင်းကြီးလမ်းက နှစ်စဉ်ကျင်းပတဲ့ ဆွမ်းသိမ်းပွဲစင်ရယ်၊ ရန်ကုန်မြို့ အနောက်ပိုင်း (၉) လမ်းထိပ်လောက်မှာ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့အတူ ကျင်းပတဲ့ ‘မာဃစင်ပေါ်ဖျော်ဖြေပွဲ’ ရယ် နှစ်နေရာကအစပါဘဲ၊ ကြည့်မြင်တိုင်က အဆိုတော် အကြီးအသေး အစုံ မေတ္တာနဲ့ ဆုံကြတဲ့ အဆိုစင်ပွဲ ဖြစ်ပါတယ်။

အနောက်ပိုင်း ‘မာဃစင်’ကတော့ မာအေးတို့ ကေသီပန် ကာလပေါ်အဖွဲ့စု ဖြစ်လာမယ့် မာအေးတို့အုပ်စုနဲ့ အနောက်ပိုင်းသား ကိုမင်းနောင်တို့ နာမည်ကျော်တွေက ပရိသဒ်ကို မေတ္တာနဲ့ မပြန်မချင်း မိုးမလင်းတလင်းအထိ ဆိုပြကြတဲ့ စင်မျိုး ဖြစ်ပါတယ်။ ကဲ – အချိန်က ကုန်ရှာပြီ။ ရင်ခုန်စရာတွေ နောက်မှ ဆက်ကြစို့။

BBC www.bbc.co.uk/burmese တွင် အသံလွှင့်ခဲ့သောဆောင်းပါး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts