ဝင်းအောင်ကြီး ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (၁)

ဝင်းအောင်ကြီး – ကျနော်တွေးမိသလို ရေးပါမည် (၁)

ဒီလိုမှသာ ဘာသာရေးခေါင်းဆောင်

(သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၂၂၊ ၂၀၁၄

ကျနော့်အိမ် အိပ်ခန်းပြတင်းပေါက်ကနေ ကြည့်လျှင် ခရစ္စမတ်အတွက် မီးလုံးလေတွေ ထွန်းထားတာ သိပ်လှတာပဲ။ ညတရေးနိုး အပေါ့အပါးထသွားရင်းလည်း ငေးမိတယ်၊ အမှောင်ထ ရွှေမှုန်လေးတွေလိုလို။ ဒီဇင်ဘာလဆန်းပြီဆိုကတည်း လှုပ်လှုပ်ရွရွဖြစ်နေတတ်သူ အိမ်နီးနားချင်းအိမ်မှာ ဒီနှစ်မှောင်နေတယ်။ သူ့သား အဖမ်းခံထားရလို့တဲ့။

ကျနော်တို့ရွာမှာ ခရစ်ယာန်တွေ မရှိလို့ခရစ္စမတ်ဆိုတာ မသိမကြားမိ။ ပဲခူး အေဘီအမ်ကျောင်း ( American Baptist Mission School) ရောက်တော့မှ သိတယ်။ အစဉ်အလာတခုကား ဘယ်လောက်ဝေးတဲ့ အရပ်ကိုရောက်နေပါစေ ကြိုးစားပြီး အရောက်ပြန်ကာ၊မိသားစုနဲ့ ခရစ္စမတ်ညစာ အတူစားကြခြင်းပါ။ အိမ်သားတယောက် လျော့နေ၍ မပျော်နိုင်ရှာတဲ့ အိမ်နီးနားချင်းအတွက် စိတ်မကောင်းဖြစ်မိတယ်။

ဆိုဗီယက်ယူနီယန်မှာ သုံးနှစ်အလုပ်သွားလုပ်ပြီး ၁၉၆၈ ခု၊ မြန်မာပြည်ပြန်ရောက်လာတော့ အများဆုံးမေးကြတာက ဘုရားမရှိ တရားမသိတဲ့ ကွန်မြူနစ် အရိုင်းအစိုင်းတွေကြား မင်းဘယ်လိုနေသလဲ? ဘာအခက်အခဲမှမရှိဘူး၊ သူတို့မှာ တရားဥပဒေရှိလို့ အဆင်ပြေပါတယ်လို့ အမှန်အတိုင်းပဲ ဖြေလိုက်တယ်။

၁၉၇၅ ခု၊လောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ မြန်မာ့အသံမှာပါ။ ဗိုလ်မှူးဟောင်း ညွှန်ကြားရေးမှူးအား Merry Christmas လို့နှုတ်ဆက်မိရာ မျက်နှာထိမျက်နှာထားနဲ့ ကျုပ်ခရစ်ယာန်မဟုတ်ဘူးဆိုတာနဲ့ ရယ်ချင်ပေမယ့် မျက်နှာပိုးသပ်ကာ ကျနော်လည်း ခရစ်ယာန်မဟုတ်ပါဘူးဗိုလ်မှူးရယ်လို့ပြောလိုက်ရတယ်။

Church သွားပြီး ရေရှုခရစ်တော် သွားရှိခိုးကြရအောင်လို့ ပြောတာမှမဟုတ်တာ။ ပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်တာ ခရစ္စမတ်နေ့ဖြစ်ဖြစ်၊ ၀ါဆိုလပြည့်နေ့ဖြစ်ဖြစ်၊ဒေ၀ါလီနေ့ဖြစ်ဖြစ်၊ အစ်နေ့ဖြစ်ဖြစ် စိတ်ဆိုးစရာလား? စဉ်းစားလို့မရခဲ့တာ ဒီကနေ့မြန်မာပြည် အခြေအနေက အဖြေပေးတယ်။

ကျူးဘားနဲ့အမေရိကန် ပုံမှန်ပြန်လည်ဆက်သွယ်တော့မည် ဆိုလို့ဝမ်းသာမိတယ်။ အဲဒီလိုဖြစ်အောင် ပုတ်ရဟန်းမင်းကြီး Francis ကကြားဝင် စေ့စပ်စီစဉ်ပေးတာ ၁၈ လကြာတော့မှ အထမြောက်တာတဲ့။ ၁၉၈၆ ခု ဖိလစ်ပိုင်မှာလည်း Cardinal Sin ရဟန်းအမတ်ကြီးက အာဏာရှင် မားကို့စ်အား ကန်ကွက်နေကြတဲ့သူတွေ သွေးထွက်သံယိုမဖြစ်အောင် ကက်သလစ်ဟုတ်ဟုတ် မဟုတ်ဟုတ် ၀င်တားကြပါလို့ စွန့်စွန့်စားစားနဲ့လုပ်တာ ကျနော်မှတ်မိနေသေးတယ်။

ပုတ်ရဟန်းမင်းကြီး Francis က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းပါစေလို့ ဆုတောင်းတဲ့အခါ ဂျူးတွေနဲ့ မွတ်စလင်တွေအတွက်ပါ။ ခုလည်း ကျူးဘားမှာ ထောင်ကျနေတဲ့ အမေရိကန်သူလျှိုလွတ်လာပြီး၊ အမေရိကန်ထောင်ထဲက ကျူးဘား ၃ ယောက်အိမ်ပြန်ရောက်သွားလို့ နှစ်ပေါင်းများစွာအတွင်း မိသားစုနဲ့ ခရစ္စမတ်ညစာ အတူစားကြရတော့မယ်။

သူတို့အတွက် ၀မ်းသာလိုက်တာ။ ကျနော်တို့မိသားစုဝင် ၄ ယောက် ၃ နိုင်ငံမှာ ၆ နှစ်လောက် ခွဲနေခဲ့ရဖူးလို့ပါ။ဘယ်ဘာသာမဆို လူတွေကို ယဉ်ကျေးစေတယ်လို့ နားလည်ထားသမို့ လူတွေကိုလူလိုမြင်တဲ့ ပုတ်ရဟန်းမင်းကြီး Francis အတွက် ကျနော်ယုံကြည်ရာနှင့် ဆုတောင်းပေးလိုက်ရကြောင်းပါခင်ဗျာ။

 

၂၀၁၄ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts