(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄
● ရှဥ့်လည်းလျှောက်သာ… ပျားလည်းစွဲသာ
အဖွဲ့ချုပ်ရုံးကိုရောက်တဲ့အခါ ပဲခူးတိုင်းတာဝန်ခံ ဦးမြလေးနဲ့တွေ့ ပါတယ်..။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးမှာ သူနဲ့ကျနော် ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့အကြောင်းတခုပေါ်ကိုမူတည်ပြီး ငြင်းခုန်ဆွေးနွေးရပါတယ်။ ဒါကို ကျနော်ကတော့ ဒီမိုကရေစီကျင့်စဉ်အရ လုပ်တာသာဖြစ်တယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေထဲမှာ ဒီလိုမျိုး သဘောကွဲလွဲခွင့်ရှိတယ် လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀က ဒါမျိုးတွေလုပ်ခဲ့ဖူးပါတယ်။ ယဉ်ပါး နေပါတယ်။
ဒါပေမဲ့ သူက သူ့လိုတိုင်းတာဝန်ခံတယောက်ကို ပြန်လှန်ဆွေးနွေးတာကို စိတ်မရှည်ပဲ ဒေါနဲ့ မောနဲ့ ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးချိန်မှာ ဒေါတွေ မောတွေ ထတာ အထူးအဆန်းမဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်။ အဲဒီအချိန်မှာ ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တဦး အနေနဲ့ အစည်းအဝေးမှာတက်ရောက်နေတဲ့ ဦးစိုးသိမ်း (မောင်ဝံသ) က ၀င်ပြီးဖျန်ဖြေပါတယ်။ ကျနော်က ဦးစိုးသိမ်းကို ဒါဟာ ရန်ဖြစ် တာမဟုတ်ပဲ အယူအဆမတူလို့ ဆွေးနွေးတာသာဖြစ်တယ်။ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ လုပ်ခွင့်ရှိတယ်။ လုပ်ခွင့်ရှိရုံသာမက ဒီမိုက ရေစီ ပြန်လည်ထူထောင်နေတဲ့အချိန်မျိုးမှာ ဒီလိုသဘောကွဲလွဲဆွေးနွေးတဲ့အကျင့်မျိုးကို တတ်နိုင်သလောက် အားပေးသင့်တယ်။ တားဆီး ဖျန်ဖြေတာမျိုးကို ဦးစိုးသိမ်းအနေနဲ့မလုပ်သင့်ဘူးလို့ ပြောမိတယ်။
ဒီတော့..ဦးစိုးသိမ်းလို ဗဟိုအလုပ်အမှုဆောင်တဦးကိုတောင် ပြန်လှန်ဆွေးနွေးရသလား။ မျက်နှာသာပေး ရွှေရေးပန်းကန်တက်တယ်လို့
ဦးမြလေးက စားပွဲကို လက်နဲ့ပုတ်ပြီး ငေါက်ငန်းပါတယ်..။ ကျနော်ကလည်း “စားပွဲလက်နဲ့ပုတ်တာမျိုးတော့ ကျနော်လည်း ပုတ်တတ် တာပေါ့။ သူပုတ်..ကိုယ်ပုတ်ပေါ့ဗျာ” လို့ ပြောပြီး စားပွဲကိုလက်နဲ့ ပြန်ပုတ်ပြပါတယ်။ ပြီးတော့ ကျနော်က ထပ်ပြီးပြောပါတယ်။
“ကျနော့်ရဲ့ သဘော အယူအဆတရပ်ကို ကျနော်တင်ပြပြီးပြီ။ ဒီအယူအဆကို ထောက်ခံတဲ့သူရှိရင် ဒါဟာ.. အဆို (motion) တရပ် ဖြစ် သွားတာပေါ့..။ ဒါကို မရုပ်သိမ်းရင်အားလုံး သဘောတူမတူ မဲဆန္ဒပေးကြရတာ ဒီမိုကရေစီကျင့်စဉ်ပဲ။ ကဲ ကျနော့်အယူအဆကို ထောက် ခံ တဲ့သူ ရှိသလား” လို့ ကျနော်ကပဲ မေးပါတယ်။
တိုင်းတာဝန်ခံနဲ့ ဗဟိုအလုပ်အမှုဆောင်ကိုကျော်ပြီး တင်တဲ့သဘောထားမို့လား။ ဒီမိုကရေစီကျင့်စဉ်နဲ့ မယဉ်ပါးသေးလို့လား။ ကျနော့်သ ဘောထား တင်ပြချက်ကိုပဲ မကြိုက်ကြလို့လား မသိပါ။ ဘယ်သူမှ မထောက်ခံပါ။ ကျနော်နဲ့ အတူလာခဲ့တဲ့သူ ကျနော့်မြို့နယ်ရဲ့ နယ်မြေ (၂) ကိုယ်စားလှယ်ကပင် မထောက်ခံပါ။ (နောက်မှ မေးကြည့်တော့ ရုတ်တရက်မို့ သူကြောင်သွားတယ်။ ဘာလုပ်ရမှန်းမသိလိုက်ဘူးလို့ ပြောပါတယ်..) ဒီတော့ ကျနော်က ကျနော့်သဘောထားကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ပြီးတော့“ဒါဟာ..ဒီမိုကရေစီလုပ်ထုံးလုပ်နည်း ဖြစ်တယ်ဆိုတာမှတ်တမ်းတင်ထားပါ။ ဦးစိုးသိမ်းနဲ့ ဦးမြလေးတို့ ခင်ဗျား” လို့လည်း ပြောခဲ့မိပါတယ်။
အခု ရွှေဂုံတိုင်က ဗဟိုအဖွဲ့ချုပ်ရုံးနဲ့ တွဲနေတဲ့ ပဲခူးတိုင်းရုံးတာဝန်ခံ ဦးမြလေးဆီ ကျနော်က ၀င်သွားတော့ ပထမ သူက ခပ်အမ်းအမ်းဖြစ် နေပါတယ်။ ပြီးတော့မှ ရီရီမောမောဖြစ်လာပြီး ကျနော့်ကိုကြုံတုန်း ထမင်းကျွေးရဦးမယ်.. ဘာမယ်နဲ့ ဖြစ်လာပါတယ်။ ကျနော်က ဒါကို အမှုမထားပဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အထွေထွေအတွင်းရေးမှူးကိစ္စကို မေးကြည့်ပါတယ်။ သူက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းက အထွေထွေအတွင်းရေးမှူးကိစ္စကို သူမသိကြောင်းပြောပြီး တဆက်တည်းပဲ “ဆရာကြီးရေ…ရင်းရင်းနှီးနှီးပြောရရင် န၀တက ဒေါ်အောင်ဆန်းစုကြည်ကိုဆိုရင် ခါးခါးသီးသီးဖြစ်နေတယ်။ ဒီတော့ အာဏာလွှဲပြောင်းရေးမှာ မစုက ပြဿနာပဲဗျ။
အဲဒါ ရှဥ့်လည်း လျှောက်သာ.. ပျားလည်းစွဲသာ လမ်းတခုတော့ရှာကြရမယ်။ ဆရာကြီးလည်း မြို့နယ်ခေါင်းဆောင်ဆိုပေမယ့် နိုင်ငံရေး အတွေ့အကြုံများခဲ့တဲ့သူမို့ ဒီကိစ္စကို စဉ်းစားစမ်းပါဦး။ အကြံဥာဏ်ပေးစမ်းပါဦး..” လို့ ပြောပါတယ်။
ဒီလို ပြောသံကြားရတော့ အထွေထွေအတွင်းရေးမှူး ပြဿနာကို သူမသိဘူးဆိုတာမဟုတ်ဘူးလို့ ကျနော် နားလည်လိုက်ပါတယ်။ သူ လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပထုတ်ရေးလမ်းကြောင်းကို စဉ်းစားနေပြီ။ သူလည်း ဒီလိုင်းထဲကလူပဲလို့ သဘောပေါက်လိုက်ပါတယ်။ ကျနော့်ကိုလည်းသွေးတိုးစမ်းကြည့်လိုက်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျနော်ကတော့ ကျနော့်အခြေခံသဘောထား အတိုင်းပဲ။ “၉၀ မေလ ရွေးကောက်ပွဲမှာ ပြည်သူက တခဲတနက်မဲပေးလိုက်တာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တာဗျ။ ဒါကို ကျနော်တို့က တ နှစ်တောင်မပြည့်သေးဘူး။ ကျေးဇူးကန်းမယ်ဆိုရင်.. ကျေးဇူးရှင် ကျေးစွပ်ရာကျလို့ ပြည်သူလူထုရဲ့ တန်ပြန်တာ ခံရလိမ့်မယ်။ ကျနော့်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခဏဘေးဖယ်ထားရေးဆိုတဲ့ ရှဥ့်လည်းလျှောက်သာ.. ပျားလည်းစွဲသာ.. လမ်းမျိုးမရှိဘူး” လို့ ပြန်ပြောမိ ပါတယ်..။ ပြီးတော့မှ သူတို့ဘက်က ဒေါ်စုကို ခါးခါးသီးသီးဖြစ်နေတယ်ဆိုတာ သီးခြားအသိပေးတာမျိုးရှိသလားလို့ မေးမိတော့ … ဒီလိုတော့မရှိပါဘူး။သူတို့နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ထွက်လာတဲ့လေသံအရ ခန့်မှန်းရတာပါလို့ ပြန်ပြောပါတယ်။
နောက် ..ဒီ့ပြင်လူတချို့တက်လာလို့ ဒီစကားပြတ်သွားပြီး ဧည့်သည်ရှင်းတော့ ကျနော့်ကို ထမင်းလိုက်ကျွေးပါတယ်။ ထမင်းဆိုင်မှာ ပဲ ဆိပ်ဖြူမြို့ နယ် ကိုယ်စားလှယ် ဦးစိုးဝင်းကိုတွေ့ တော့ ဦးစိုးဝင်းနဲ့ဆက်လိုက်သွားပြီး သတင်းပရင်း နားထောင်တယ်။ ဗဟိုမှာ ရောနယ်မှာ ပါ လူတော်တော်များများ အဖမ်းခံကြရလို့ ဗဟိုအလုပ်အမှုဆောင်လည်း ပြန်ဖွဲ့ရမယ်။ ဗဟိုဦးစီးအဖွဲ့လည်း ပြန်ဖွဲ့ရမယ့်အနေအထားရှိတယ်။ ကျနော့်ကိုလည်း ဗဟိုဦးစီးမှာ ပါစေချင်တယ်။ သူ့အနေနဲ့ ဒီကိစ္စကို ရုံးချုပ်ဘက်က ဆက်လုပ်သွားမယ်။ ကျနော့်အနေနဲ့ ပဲခူးတိုင်းဘက် အနေနဲ့ ကြိုးစားဖို့ပြောပါတယ်။ ကျနော်ကတော့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဗဟိုအလုပ်အမှုဆောင်များရဲ့ လုပ်ဆောင်နေပုံတွေကို ကြည့်ပြီး ရုံးချုပ်နဲ့ နီးနီးကပ်ကပ်လုပ်ဖို့ စိတ်မ၀င်စားဘူး။ ပြီးတော့ တိုင်းအနေနဲ့ကလည်း ကိုယ့်ကိုသိပ်ကြည်တာ မဟုတ်ဘူးလို့ ပြောပါ တယ်။ သူကလည်း ဒီအတိုင်းပစ်ထားရင် ပိုဆိုးမှာပေါ့။ တတ်နိုင်သလောက်တော့ ကိုယ့်မှာလည်း အရည်အချင်းရှိနေတာ..လုပ်ကြရမှာ ပေါ့လို့ ပြောတော့လည်း ဟုတ်သယောင်ယောင်။
အထွေထွေအတွင်းရေးမှူးကိစ္စကိုတော့ သူလည်းကြားရကြောင်း။ ကျနော်တွေးသလိုမဟုတ်ပဲ။ ရိုးရိုးသားသား ယာယီတာဝန်ထမ်းဆောင်ဖို့ ဖြစ်ဟန်တူတယ်လို့ သူက ပြောပါတယ်။ သူ့ဆီကပဲ ဗဟိုအလုပ်သမားက ဦးမောင်ကိုနဲ့ ခရမ်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ ထောင်ထဲမှာ ဆုံးတဲ့အကြောင်းတွေသိရတယ်။
န၀တကတော့ ယုတ်မာမှုမှာ..ကမ်းကုန်နေပြီ။ အန်အယ်ဒီ ဗဟိုကလည်း မလှုပ်နိုင်အောင်ဖြစ်နေပြီ။ ။