ရသဆောင်းပါးစုံ

ကျော်မောင်(တိုင်းတာရေး) – ညောင်ကန် ထမ်းပိုး နှင့် ဒိုးလေး

Photo Aung Htet

 

 ကျော်မောင်(တိုင်းတာရေး) – ညောင်ကန် ထမ်းပိုး နှင့် ဒိုးလေး

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးနောက် အောင်စာရင်းစောင့် တက္ကသိုလ်တက်ဖို့ စောင့်နေသော ကာလ၊ အားနေတာနဲ့ ရွာရှိ မူလတန်းကျောင်းလေးမှာ လုပ်အားပေး ကျောင်းဆရာအဖြစ် ၀င်ကူသည်။ ပထမတန်း မြန်မာစာကို သင်ရသည်။ ကိုယ် တိုင်က  မြန်မာစာ ၀ါသနာကြီးသူ အသင့်အတင့်မက ထူးချွန်သူမို့ အပန်းမကြီးဟု ထင်သည်။

န၀မတန်း (ကိုးတန်း) အခုခေတ် အခေါ် Grade 10 တုန်းက စာစီစာကုံး ပြိုင်ပွဲ တစ်ခု ၀င်ပြိုင်ခဲ့တာ အမှတ်ရသည်။ မြို့တဖက်ကမ်း ရွာမှာ နေပြီး မြစ်ကို လှေနဲ့ကူးကာ ကျောင်းတက်ရသည်။ ပြိုင်ပွဲကို ဦးစီးလုပ်သူတွေက မြို့ပေါ်မှာ နေရာတကာပါ လျပ်လျား လျပ်လျား ငတိတွေ။ ပြိုင်ပွဲကို သူတို့ ဦးဆောင်မှန်း မသိခဲ့။ ဖြေဖို့ အတန်းထဲ ၀င်ခါနီးမှ သကောင့်သားများကို တွေ့ရသည်။ ဒီတော့မှ သူတို့ လုပ်မှန်းသိရသည်။ လူကို ကြည့်မရတော့ ထိုလူတွေ ကမကထ လုပ်တဲ့ အနှီ စာစီစာကုံး ဘယ်လို သီကုံးရမှန်း စိတ်ကူးမရတော့။ မေတ္တာပျက်သည်ဟု ဆိုရမည်။

ပြိုင်ပွဲ ခေါင်းစဉ်ပေးတော့ “အလိမ္မာ စာမှာရှိ” တဲ့။ ရေးတော့ ရေးရမည်။ အရင်ပြိုင်ပွဲတွေမှာ ဆုတွေရဖူးသည်။ ဖြေလွှာစာရွက် ခြောက်မျက်နှာ ခုနစ်မျက်နှာရေးပေးလိုက်သည်။ စာရွက်အပိုတောင်းရသည်။ အခန်းစောင့်နေသူတို့ သတိထားမိလာသည်။ ဖြေသူထဲမှာ သူတယောက်ထဲ အတော်ရေးနိုင်တာတွေ့ရသည်။ ရေးနေတာကို မသိမသာ ကြည့်သွားကြသည်။ အချိန်မစေ့ခင် ဆယ်မိနစ်အလိုလောက်မှာ ဖြေလွှာအပ်ပြီး အခန်းထဲမှ ခေါင်းမော့ထွက်ခဲ့သည်။ အခန်းဝ အရောက် အထဲသို့ တချက်ပြန်လှည့်ကြည့်တော့ ထင်တဲ့အတိုင်း သူ့ဖြေလွှာကို ဟိုလူတွေ ၀ိုင်းအုံ ဖတ်နေကြသည်။ အလိမ္မာဆိုတာ တကယ့်အပြင်လောကမှာ မရှိ၊ ရှာလို့မရ၊ စာထဲမှာသာရှိသည်။ လိမ္မာခြင်းသည် စာပေတွင်သာ မွေ့လျော်သော အရာဖြစ်သည်။ လူ့လောကတွင် မိုက်မဲမှုတွေ၊ ညာဝါးမှုတွေ၊ တတ်ယောင်ကားတွေသာ များသည်။ ထို့ကြောင့် အလိမ္မာ စာမှာရှိ လို့ ဆိုရိုးပေါ်ခဲ့တာဖြစ်သည်။ ထိုသဘောဆောင်သော အကြောင်းအရာများကို အထောက်အထား ခိုင်ခိုင်လုံလုံ ဥပမာ ဥပမေယျဆောင်ကာ လက်ရေးလှလှဖြင့် ရေးပေးလိုက်ခြင်းဖြစ်သည်။ သူတို့တွေ နဖူးကြောတွေတင်း မျက်မှောင်ကြီးတွေ ကျုံ့ကာ ဖတ်နေကြပေတော့မည်။ ငါကွ။ သေချာတာက ဒီပြိုင်ပွဲမှာ နှစ်သိမ့်ဆုတောင် ရမှာမဟုတ်။ မရရုံမက နောက်ပိုင်း သူတို့ထဲက တယောက်ယောက်နဲ့ဆုံဖြစ်လျှင် မကြည်ကြည့် ကြည့်တာခံရသည်။ ကိုယ်က အဲဒီမှာ ပြုံးနေလိုက်သည်။

ဒါနဲ့ပဲ ပထမတန်း မြန်မာစာဆရာလေး အဖြစ် စေတနာ့ဝန်ထမ်းစဉ် ကလေးတွေ မြန်မာစာ ပိုမိုစိတ်ပါဝင်စားလာအောင် ကြိုးစားသင်ပေးသည်။ ကလေးတွေကို သင်နေရင်း သင်ရိုးစာအုပ်တနေရာမှာ တခုသွားတွေ့သည်။ “တပူး တလံ ညောင်ကန် ထမ်းပိုး အကျိုး” ဟူသော စာချိုးလေးဖြစ်သည်။ သူက အသံနေ အသံထားဖြင့် ရှေ့ကတိုင် ၊ ကျောင်းသူ ကျောင်းသားတွေက နောက်က လိုက်ဆို၊ တိုင်နေရင်း အဓိပ္ပါယ်ကို မဖော်တတ်၊ သင်ရိုးက သူတို့တုန်းကနဲ့ မတူ၊ ခေတ်အလိုက် ပြောင်းကြတာ ဖြစ်မည်။ အခုထိ ပြောင်းနေတုန်းဟု ကြားရသည်။ ကလေးတွေက ဆရာကြီး အဲဒါ ဘာကိုပြောတာလည်းလို့ တယောက်မှမမေး၊ တော်သေးသည်။ မေးရင် ဆရာပေါက်စ ဘယ်သို့ဖြေရမည်မသိ။ အတန်းချိန်အပြီး ကျောင်းရှိ တခြား ဆရာ ဆရာမတွေမေးကြည့်သည်။ ဒါ ဘာအဓိပ္ပါယ်လည်း ဆိုပြီး။ တညီတညွတ်တည်း ခေါင်းခါကြသည်။ ဒို့လည်း မသိပါတဲ့။ ဟိုလူ့မေး ဒီလူ့မေး ကျောင်းဆရာဖြစ်နေသူ အကိုဖြစ်သူအားမေးနှင့် သဲလွန်စ နည်းနည်းရလာသည်။ နောက်စာစောင်တခုပါ ဆောင်းပါးတပုဒ်တွင် အဲဒီအကြောင်းရေးထား ရှင်းထားတာဖတ်မိသွားသည်။

သိပြီးနောက်တရက် မြန်မာစာသင်ချိန်တွင် ကလေးတွေကို သိထားတာ ပြန်ရှင်းပြသည်။ အတန်းချိန်ပြီး နားနေခန်းထဲရောက်တော့ “အေးကွာ ကိုယ့်လုသင်မှပဲ ဒို့လည်း ပထမတန်းကလေးတွေနဲ့ ရောပြီး အဲဒီစာချိုးလေးက နှစ် လေး ခြောက် ရှစ် တစ်ဆယ် ဆိုတာကို ပြောတာပါလားဆိုပြီး သိသွားသကွ၊ တော်တယ်ဟေ့” ဟု ကျောင်းအုပ်ကြီးက ဆရာ ဆရာမများ ရှေ့တွင် ချီးကျူးသည်။ ကျောင်းသူ ကျောင်းသားလေးတွေ အကျိုးရင်းရပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမတွေက အကျိုးဖျားရသွားသည် ဆိုရမည်။

တရက် စာသင်နေရင်း အတန်း၏ ဘယ်ထောင့်နောက်နားမှာ ထိုင်သော ဒိုးလေး ဆိုသူ ကျောင်းသားလေးက လက်ထောင်သည်။ ဒီမှာက စာအသင်ကောင်နေတုန်း။ ဒါနဲ့ ဒိုးလေးကို ခဏနေဦးဆိုသော သဘောဖြင့် လက်ကာပြကာ စာဆက်သင်လိုက်သည်။ ဒိုးလေး နောက်တခါ လက်ထောင်ပြန်သည်။ ဟာ ဒီကလေး နေဦးကွလို့ စိတ်ထဲ မိမိဘာသာပြောပြီး လက်ကာပြကာ စာကို အသင်မပျက်။ နောက်တခါ လက်ထောင်ပြန်သည်။ စာကလည်း အခုမှ သင်လို့ ပြလို့ ကောင်းနေသည်။ ကလေးတွေက စိတ်ပါဝင်စားစွာ နားထောင်ကြ လိုက်ဆိုကြသည်။ တအောင့်နေတော့ ဒိုးလေးနေရာတ၀ိုက်က ကလေးတွေ ဆူညံ ဆူညံဖြစ်ကုန်သည်။ ကျောင်းဆရာလေး စာသင်တာ အရှိန်ပျက်သွားသည်။ ဟေ့ ဘာဖြစ်တာလည်း လို့ လှမ်းအမေးမှာ ဒိုးလေးအနားက ကျောင်းသားတယောက်က နှာခေါင်းကို လက်နဲ့အုပ်ထားပြီး ဖြေသည်။ ဆရာကြီး ဒီကောင် ဒိုးလေး ဟိုဟာတွေ ထွက်ကျ သွားတာ။ ဟေ .. ဒိုးလေး ကြည့်တော့ ငိုမဲ့မဲ့ မျက်နှာပေးနှင့်၊ သူတို့ရှိရာ လှမ်းဖို့ပြင်နေချိန် ဒိုးလေး အခန်းထဲက ထွက်ပြေးသွားသည်။ ရနံ့ က ကျောင်းဆရာ နှာဝသို့ လေအဝေ့တွင် လာကလိသည်။ ဒိုးလေးအမေက ရွာထဲမှာ ရပ်ဆွေရပ်မျိုးဖြစ်သည်။ သွားခေါ်ခိုင်းရသည်။ ဒိုးလေးပါပြန်လိုက်လာသည်။ အားနာလိုက်တာရှင် ဆိုပြီး သူ့သား အမှတ်တရတွေ ဆေးကြောသုတ်သင်သွားသည်။ ပါးစပ်ကလည်း ဒိုးလေးကတော့နော် ဒီကလေး ဟု တဖျစ်တောက်တောက် ပြောလျက် ဒိုးလေးလက်ဆွဲကာ ပြန်သွားသည်။ ကျောင်းပါစောစော ဆင်းပေးလိုက်ရသည်။ ကျောင်းဆရာက သူ့အပြစ်သူသိသည်။ ဒါကြောင့် ခပ်မဆိတ်ပဲ နေလိုက်သည်။ ဒီကောင်လေး လက်ညှိုးစထောင်တုန်းကသာ သွားခိုင်းလိုက်ရရင် အခုလိုဖြစ်မှာမဟုတ်ဟု။ သြော် စေတနာ့ဝန်ထမ်း ကျောင်းဆရာဆိုတော့လည်း စာပဲသင်ချင်တာပေါ့။

“အေးကွ သားကျော်ရ၊ အဲဒါပါပဲကွာ။ ကျောင်းတက်ဖို့စောင့်နေရင်း လုပ်အားပေး ကျောင်းဆရာလုပ်တုန်းက အမှတ်တရတွေပေါ့ ။ တပူး တလံ ညောင်ကန် ထမ်းပိုး အကျိုး ဆိုတာလေးနဲ့ ဒိုးလေး လက်ညှိုးထောင်တဲ့ ဖြစ်ရပ်လေးပါပဲ။ ဟိုဆိုရိုးက မင်းတို့တွေ မသင်လိုက်ရတော့ဘူး ဖြစ်မယ်။ ဟိုဆောင်းပါးရေးသူက ငါလည်း နာမည် မမှတ်မိတော့ဘူး။ အင်တာနက်မှာ ရှာကြည့်ကွာ”

“ဟုတ်ကဲ့အဖေ၊ ဒါနဲ့ ဒိုးလေးကရော အခုဘယ်မှာလည်း”

“အေး ရွာမှာပဲ ထင်တယ်”

အထက်ပါအကြောင်းတွေ မရေးမီ မနေ့ညက အဖေနှင့် ဖုန်းပြောဖြစ်သည်။ တခြားအကြောင်းတွေသာပြောဖြစ်သည်။ ကျောင်းနေဖက်လည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ရွှေဘိုသား သူငယ်ချင်း ပေးသွားသော ဖုန်းကတ်သာကုန်သွားသည်။ မေးဖို့ သတိမရ။ အင်တာနက်ဖြင့် ညီငယ်ကို လှမ်းခေါ်ကာ အဖေနှင့် စကားပြန်ဆက်ရသည်။ အဖေ့ကို အင်တာဗျူးလိုက်သည်။ အရင်က အကြောင်းသင့်လျှင် သူပြောလေ့ရှိတာတွေကို အချက်အလက်စုံအောင် ပြန်မေးရသည်။

တခါတလေတော့လည်း ကိုယ်တွေ့မဟုတ်ဘဲ သူတွေ့တွေ ပြန်ရေးလိုက်ရတာကလည်း တမျိုးကောင်းပါလားဟု အတွေးပွားရင်း ….

 ကျော်မောင်(တိုင်းတာရေး)

 ၂၀-ဒီဇင်ဘာ-၂၀၁၄

 

စာကြွင်း ။   ။ “တပူး တလံ ညောင်ကန် ထမ်းပိုး အကျိုး” ဟူသော ရှေးဆိုရိုးအကြောင်း ရှင်းပြချက်ဆောင်းပါးသည် ဆရာမြကေတု ရေးသော “ကလေးမှတ်ဉာဏ် တစ်ပြူး တစ်လံ (စာပေတန်ဆောင် – ၁၉၆၇)” ဖြစ်ကြောင်း http://suuchitthu.blogspot.sg/2012/10/blog-post_13.html တွင် ရှာတွေ့ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts