>my friend Myo Min Htike

>

အသက် ၂၂ နှစ်အရွယ်မှာ ထောင် ၅၉ နှစ် ကျသွားတဲ့ သူငယ်ချင်း မျိုးမင်းထိုက်
စိုးအောင်နိုင်
ဇူလိုင် ၁၀၊ ၂၀၁၁



ဓမ္မအတွက် အဓမ္မကို ဆန့်ကျင်ရင်ဆိုင်ခဲ့တဲ့ အညတရ သူရဲကောင်းတွေဟာ ခေတ်တိုင်းမှာ အလိုလို ပေါ်ထွက်ခဲ့ပါတယ်။ ခေတ်စနစ်က တောင်းဆိုတာကြောင့် ထွက်ပေါ်လာရတယ် လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီလို မိမိနာမည်ရဖို့ လူအများ အသိအမှတ်ပြု ခံရဖို့အတွက် မလုပ်ခဲ့တဲ့၊ အညတရတွေထဲက တယောက်ဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ကိုမျိုးမင်းထိုက်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက အထိန်းသိမ်း ခံခဲ့ရပြီး အခုတော့ နာမည်ကျော် မြင်းခြံထောင်မှာ ရောက်နေပါတယ်။

၁၉၇၆ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန် ဗဟန်းမှာ မွေးဖွားခဲ့တဲ့ ကိုမျိုးမင်းထိုက်ဟာ အခုဆိုရင် အသက် ၃၅ နှစ် ရှိသွားပါပြီ။ ကိုမျိုးမင်းထိုက်ဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ အသက် ၁၂ နှစ် အလယ်တန်းကျောင်းသား တယောက်အနေ သူတက်ရောက်ခဲ့တဲ့ မြို့မကျောင်းလို့ လူသိများတဲ့ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရဲ့ ကျောင်းသားများ သမဂ္ဂမှာ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ လူထု အရေးတော်ပုံကြီးကနေ သူအဖမ်းခံရတဲ့ ၁၉၉၈ ခုနှစ်အထိ ၁၀ နှစ်တာအတွင်းမှာ ကျောင်းသားလှုပ်ရှားမှု အမျိုးမျိုးမှာ တက်ကြွစွာ ပါဝင် ခဲ့ပါတယ်။

မြို့မ ကျောင်းသားများ သမဂ္ဂကနေ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) နဲ့ ဗကသများ အဖွဲ့ချုပ်မှာ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင် တယောက်နေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရရှိရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားများ အခွင့်အရေး တို့အတွက် စစ်ထောက်လှမ်းရေးတွေရဲ့ နား မျက်စိအောက်မှာတင် စွန့်လွှတ် စွန့်စား ဆောင်ရွက်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ ကျောင်းသား လှုပ်ရှားမှုတွေက အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြန်ပေါ်လာကြပါတယ်။ မြေအောက် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းတွေကို ပြန်လည် ဖွဲ့စည်းကြပါတယ်။

ကိုမျိုးမင်းထိုက်ဟာ သူတက်နေတဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တင် သာမကဘဲ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန် စက်မှုတက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့မှာ ကျောင်းသား သမဂ္ဂများ ပြန်လည် ဖွဲ့စည်းရေးတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အတွက် ဒီဇင်ဘာလမှာ အထိန်းသိမ်း ခံခဲ့ရပါတယ်။

ကိုမျိုးမင်းထိုက်ဟာ လူငယ်တယောက်မှာ ရှိတဲ့ လွတ်လပ်စွာ ခံစားမှုကို ယုံကြည်တဲ့ လူငယ် တယောက်ပါ။ ဘ၀မှာ ရိုးရိုးသားသား နေထိုင်သွားချင်သူပါ။ စာဖတ်တာကို ၀ါသနာပါတယ်၊ အချိန်ရရင် ဂီတာတီး သီးချင်းရေးပြီး နေတတ်တယ်။ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက လိုချင်တာတွေကို စိတ်ရှည်လက်ရှည် လုပ်ဆောင်ပေးခဲ့တယ်။ စွန့်လွှတ်ရမယ့် အချိန်မှာ အများအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူပါ။ လူတွင်ကျယ်လုပ်ပြီး အများ အာရုံစိုက်ဖို့၊ မိမိနာမည်ရဖို့၊ လူအထင်ကြီးဖို့ ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ မရှိခဲ့ပါဘူး။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို ချစ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ ကိုမျိုးမင်းထိုက်ဟာ သူယုံကြည်တာကို သူနိုင်သလောက် လုပ်သွားခဲ့တယ်။ လမ်းတ၀က်မှာ လှည့်မပြန်သွားခဲ့ပါဘူး။ လက်နက် မချခဲ့ဘူး။

၁၉၉၈ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါတဲ့ နှစ်တနှစ်ဆိုလည်း မှားမယ် မထင်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်သူ့ လွှတ်တော်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)ကို ဖွဲ့စည်းထားချိန်လည်း ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တောင်းဆိုတဲ့ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေး ဆိုတာကို ထောက်ခံတဲ့စာ ထုတ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဗကသများအဖွဲ့ချုပ်က တခြား ကျောင်းသားအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပြီး ဆန္ဒပြ တောင်းဆိုဖို့ လုပ်တဲ့အခါမှာ ကိုမျိုးမင်းထိုက်ဟာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ ၁၉၉၈ သြဂုတ်လ ၂၄ ရက်နေ့ကစလို့ ရန်ကုန်မြို့ပေါ်မှာ ကျောင်းသား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။

၁၉၉၈ စက်တင်ဘာ ၂၅ နေ့မှာ တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ကနေ ကိုမျိုးမင်းထိုက်ကို သူနေထိုင်ရာ ဗဟန်းမြို့နယ်မှာ ရှိတဲ့ အမှတ် ၁၇ ကံ့ကော်လမ်း ဆာဘိုးသာခြံကနေ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အဲဒီနှစ်မှာပဲ သူနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့တဲ့ အခြား ကျောင်းသား ခေါင်းဆောင် ၅၀ ကျော်ဟာ အင်းစိန်ထောင်ရဲ့ တံခါးပိတ် အထူး တရားရုံးမှာ ၁၀ ရက်ကြာ စစ်ဆေးတာ ခံရပြီးတဲ့နောက်မှာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တာ ခံရပါတယ်။ မြန်မာပြည် တံခါးပိတ် အထူးတရားရုံးတွေက တရားခံလို့ ယူဆရသူတွေကို လွတ်လပ်စွာ ခုခံ ချေပခွင့် ပေးမထားပါဘူး။

ကိုမျိုးမင်းထိုက်ဟာ နိုင်ငံတော် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ည)၊ တရားမ၀င် အဖွဲ့အစည်းကို ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ထောင်ဒဏ် ၃၈ နှစ် ချခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူကိုင်တိုင် တိတိကျကျ မသိရတဲ့ အမှုတွေနဲ့ စုစုပေါင်း နောက်တိုး ထောင်ဒဏ် ၂၁ နှစ် ချခံရပြန်တယ်။ ဒါကြောင့် သူ့ရဲ့ ထောင်ဒဏ် စုစုပေါင်းက ၅၉ နှစ် ဖြစ်သွာ့းပါတယ်။ ပြီးတော့ ရန်ကုန်အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ နယ်ထောင်တွေ ဖြစ်တဲ့ ပုသိမ် အကျဉ်းထောင် အဲဒီကနေမှတဆင့် မြင်းခြံ အကျဉ်းထောင်တို့ကို ပြောင်းရွှေ့တာ ခံခဲ့ရပါတယ်။

အညတရ သူရဲကောင်းတယောက် ဖြစ်ဖို့ဆိုတာ ကိုမျိုးမင်းထိုက်တို့လို စွန့်စားသူ တယောက်တည်းနဲ့တင် မပြီးစီးပါဘူး။ သူတို့ရဲ့ မိသားစုတွေ၊ သူနေထိုင် ဆက်ဆံတဲ့ သူ့ အသိုင်းအ၀ိုင်းရဲ့ အဆက်မပြက် ထောက်ခံ ကူညီမှုတွေကြောင့် အညတရ သူရဲကောင်းတွေအဖြစ် ရပ်တည်နေနိုင်တာပါ။ ကိုမျိုးမင်းထိုက်ရဲ့ မိသားစုဟာ ကိုမျိုးမင်းထိုက် ယုံကြည်တာတွေ လုပ်ဖို့ အတွက် သူ့ကို ထောက်ခံ ကူညီပါတယ်။ နှစ်ရှည်လများ ထောင်ဝင်စာ တွေ့ပါတယ်။ ကိုမျိုးမင်းထိုက်တို့လို့ အညတရ သူရဲကောင်းတွေကို မမေ့ဖို့ လိုသလို သူတို့ကို ထောက်ပံ့ပေးနေရတဲ့ မိသားစုတွေ၊ အသိုင်းအ၀ိုင်းတွေကိုလည်း မမေ့ဖို့ လိုအပ်ပါတယ်။

ကိုမျိုးမင်းထိုက် အဖေဟာ ကိုမျိုးမင်းထိုက် နိုင်ငံရေးလုပ်ခဲ့တဲ့ တလျှောက်လုံးနဲ့ ထောင်ဒဏ် ကျခံနေတဲ့ တချိန်လုံးမှာ စိတ်ပိုင်းဆိုင်ရာအရ အများကြီး အားပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား တချို့ ၄၀၁ လို့ ခေါ်တဲ့ ခံဝန်ချက်မှာ လက်မှတ်ထိုးပြီး ထောင်ထဲက ထွက်လာတာတွေ ရှိပေမယ့် ကိုမျိုးမင်းထိုက်အဖေက သူ့သားကို ဒီလို လက်မှတ်ထိုးပြီးမှ ထောင်ထဲက ထွက်လာမယ့် အဖြစ်မျိုးကို မလိုလားပါဘူး။

ကိုမျိုးမင်းထိုက်ရဲ့ ထောင်ဒဏ် ၅၉ နှစ် ကျခံရသလောက် သူမိသားစုက ထောက်ပံ့သွားမယ် ဆိုတာကို ဆုံးဖြတ်ထားတဲ့ အတွက် ကိုမျိုးမင်းထိုက်ဟာ ၄၀၁ ၀န်ခံ ကတိကို လက်မှတ် မထိုးခဲ့ပါဘူး။
ကိုမျိုးမင်းထိုက်ကို ဂုဏ်ပြုကြမယ် ဆိုရင်လည်း သူ့မိသားစု၊ သူ့ကို ထောက်ပံ့ကူညီနေသူတွေကိုလည်း ဂုဏ်ပြုပေးရာ ရောက်ပါတယ်။

အဲဒီလိုပဲ အညတရ သူရဲကောင်းတွေကို ဂုဏ်ပြုတယ် ဆိုတာဟာလည်း အားလုံးက ၀ိုင်းဝန်း ကူညီ လုပ်ကိုင်တာ ကျယ်ပြန့်ဖို့လည်း လိုအပ်ပါတယ်။ ကိုမျိုးမင်းထိုက်တို့လိုမျိုး အညတရ သူရဲကောင်းတွေရဲ့ မိသားစုတွေ သူအသိုင်းအ၀ိုင်းက ထမ်းထားတဲ့ ၀န်ထုတ် ၀န်ပိုးတွေကို လွတ်လပ်တဲ့ ပြင်ပက လူ့အသိုင်းအ၀ိုင်းကလည်း ကူညီ ထမ်းပေးကြဖို့လည်း လိုအပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts