>Kamar Pale – Painting

>

ပန်းချီ
ကမာပုလဲ
ဇူလိုင် ၁၀၊ ၂၀၁၁

သွေးနဲ့ ရေးတဲ့ အနီရောင် …
ဘဝနဲ့ ရေးတဲ့ အဝါရောင် ဝေဒနာများ …။

ဗဟိုချက်မှာ
ပန်းဥယျာဉ်သစ် ပွင့်လို့နေမယ် …
သေနတ်ကျည်ဆံရာတွေ ဗရပွ
ကြေကွဲမျက်ရည်စများ …
ဟင်းနံ့ ကျွေးနံ့ ဆီဥ ထောပတ်ရနံ့တွေ မပါ
ရွံ့နံ့ ၊ မီးသင့်တောင်ယာရနံ့ …
မီးတွင်းထဲက ကလေးတယောက်ရဲ့
ဆေးတို့ပတ်ကြီး ရနံ့နဲ့
နနွင်းရနံ့တို့ပါမယ် … ။

အရောင်တွေက
ကြောက်မက်ဖွယ် အထီးကျန်ဆန်မှု အကြောင်းကို ပြောပြလိမ့်မယ် …
တဟီဟီကျွန်းက
စွန့်လွှတ်မှု ပါစဖက်တစ် ကို
တိတိကျကျ ခြယ်ပြလိမ့်မယ် …
တုန်း တွေဟာ
အလင်းနဲ့ အမှောင်ရဲ့ ပဋိပက္ခကို
ဘီလူးစည်း၊ လူ့စည်း ခွဲပြလိမ့်မယ် …
ပန်းချီဆရာရဲ့
သူ့ အသည်းပြင် ကင်းဗတ်စပေါ်
(လူထု ကြည့်မြင် ခံစားခွင့် မရရှိခဲ့တဲ့
လွတ်မြောက်မှုတိုက်ပွဲ … သမိုင်းဝင်)
ပေါ့ထရိတ် သက်ဝင် ရုပ်ပုံလွှာများ …
စုတ်ချက်တွေဟာ …
သမိုင်းရဲ့ စေရာအတိုင်း
သစ္စာရှိရှိ
သတ္တိရှိရှိ
အရှိကို အရှိအတိုင်း ဝါဒနဲ့
ရေးခြစ် သရုပ်ဖော်တယ် …။

ဆေးခွက်ထဲမှာတော့
ဂန္ထဝင် အဖြစ်အပျက်တွေ … အပြည့် ။ ။

၀၈- ၀၇- ၂၀၁၁

Perspective= ဒြပ်ထု ရုပ်လုံးပေါ်အောင် ဆွဲခြင်းအတတ်။ ( ပန်းချီ)
Tone= အရောင် အသွေး၊ အလင်းအမှောင် ပေးပုံ၊ ခြယ်သပုံ။
Portrait = ရုပ်ပုံလွှာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts