>Aung Din – Save the Irrawaddy

>

ဧရာဝတီ ကို ကယ်တင်ကြစို့
အောင်ဒင်
ဇူလိုင် ၁၀၊ ၂၀၁၁
ဒီလို ခေါင်းစဉ်တပ်တော့ လွန်တယ်လို့ တချို့က ထင်ကြလိမ့်မယ်။ ဒါပေမည့် ကျနော်တို့ရဲ့မိခင် မြစ်ကြီး ဧရာဝတီဟာ စစ်အုပ်စုရဲ့ အလိုတော်ရိ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီများရဲ့ စက်ယန္တယားကြီးတွေနဲ့ တူးဆွ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန် နာကျင်နေရပါပြီ။ ကိုခင်ဝမ်းရဲ့ “မဟာ သဘာဝရှင်”၊ ကိုထူးအိမ်သင်ရဲ့ “ရာဇဝင်များရဲ့ သတို့သမီး”၊ ကျနော်တို့အားလုံးရဲ့ မိခင်ဧရာဝတီဟာ မချစ်မနှစ်သက်သောသူများရဲ့ အနိုင်ကျင့်မှုကို စတင်ခံစားနေရပါပြီ။ ဧရာဝတီကို အချိန်မီ ကယ်တင်နိုင်ကြဖို့၊ အင်နဲ့ အားနဲ့ အကာအကွယ်ပေးနိုင်ကြဖို့ ဒီစာတမ်းကို ရေးပါတယ်။

(၁)
ဇွန်လ ၉ ရက်နေ့က စပြီး မြန်မာစစ်အုပ်စုရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေစိုက်စခန်းတွေကို စတင်တိုက်ခိုက်တာ အားလုံး သိကြပြီးဖြစ်မှာပါ။ အစပိုင်းမှာ ပြင်းပြင်းထန်ထန် စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိလည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတယ်ဆိုပေမည့် စစ်ပွဲငယ်တွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေဆဲပါ။ ဗမာစစ်တပ်နဲ့ ကချင်စစ်တပ် နှစ်ဖက်စလုံးမှာ အကျအဆုံးတွေ၊ ဒဏ်ရာရသူတွေအမြောက်အများ ရှိခဲ့ပါတယ်၊ ပိုပြီး ဆုံးရှုံးနစ်နာရတာကတော့ ကချင်ပြည်သူတွေပါ။ ဗမာစစ်တပ်ရဲ့ အနိုင်ကျင့်မှု၊ လုယက်မှု၊ အဓမ္မ ပေါ်တာဆွဲမှုတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်ဒေသကို စွန့်ခွာထွက်ပြေးကြရပါတယ်။ တရုတ်-မြန်မာ နယ်စပ်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမှာခိုလှုံနေကြတာ ဒုက္ခသည်ဦးရေ ၁၄,၀၀၀ ကျော်ရှိပါတယ်။ ထောင်ပေါင်းများစွာကတော့ တရုတ်နိုင်ငံထဲ ဝင်ပြေးကြပြီး ဆွေမျိုး၊ မိတ်ဆွေများထံ ခိုလှုံနေကြရပါတယ်။ တချို့က နယ်စပ်ကို မပြေးဘဲ အထက်ဘက်က ဗန်းမော်၊ ဝိုင်းမော်မြို့တွေက ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ မပြေးနိုင်သူတွေကတော့ ကချင်တပ်ကို ထောက်ခံသူများအဖြစ် ဗမာစစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ ခံကြရပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်းရဲ့ သတင်းပို့ချက်အရ ကချင်အမျိုးသမီး အနည်းဆုံး ၁၈ ယောက်လောက်ဟာ ဗမာစစ်သားတွေရဲ့ အုပ်စုလိုက် မုဒိန်းကျင့်တာခံကြရပြီး တချို့မိန်းကလေးတွေကို စစ်သားတွေက မုဒိန်းကျင့်ပြီးတာနဲ့ သတ်ပစ်လိုက်ကြတယ်လို့ ကြားသိရပါတယ်။
ဒီစစ်ပွဲတွေ စတာနဲ့ ၁၇ နှစ်ကျော်တည်ရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို တဖက်သတ်ချိုးဖောက်တာက မြန်မာစစ်အုပ်စုဘက်ကပါ။ အဓိက ရည်ရွယ်ချက်ကတော့ တပိန်မြစ်ကို ဆည်ဖို့ဟန့်တားပြီး ရေအားလျှပ်စစ် ထုတ်ယူဖို့လုပ်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ တရုတ်အစိုးရ ကုမ္ပဏီများရဲ့ ပူးပေါင်းစီမံကိန်းတွေက ကချင်တပ်များ ထိန်းချုပ်ရာဒေသအတွင်းမှာ ကျရောက်နေလို့ အဲဒီဒေသအတွင်းကနေ ကချင်တပ်များကို မောင်းထုတ်ဖို့လုပ်တဲ့ စစ်ဆင်ရေးပါ။ အခုတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ စတင်နေပါပြီ။ မြန်မာနိုင်ငံတွင်းက ပြည်သူများသာမက တကမ္ဘာလုံးက အစိုးရတွေ၊ ပြည်သူတွေကပါ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တောင်းဆိုနေကြတာပါ။ ဒါပေမည့် အားလုံးမျှော်လင့်သလို စစ်ပွဲတွေအဆုံးသတ်ပြီး ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်။ မြန်မာစစ်အုပ်စုနဲ့ တရုတ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မတရားမှုတွေ မရပ်သ၍ ကျနော်တို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ။
(၂)
မြန်မာစစ်အုပ်စုကို တရုတ်အစိုးရက စီးပွားရေး၊ နိုင်ငံရေး၊ ဘက်ပေါင်းစုံက ထောက်ခံအားပေးနေခဲ့တာ ၁၉၈၉ ခုနှစ်ကတည်းကပါ။ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အာဏာကို မတရားသဖြင့် အကြမ်းဖက် ရယူထားမှုတွေကြောင့် နိုင်ငံတကာမိသားစုကြီးက ပြစ်တင်ရှုတ်ချနေတဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာ အရေးယူမှုတွေ မလုပ်နိုင်အောင် တရုတ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ၊ အထွေထွေညီလာခံမှာ၊ လူ့အခွင့်အရေးကောင်စီမှာ အမြဲတမ်း အကာအကွယ်ပေးနေရုံတင်မက မြန်မာစစ်အုပ်စုအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ စစ်လေယဉ်တွေ၊ အမြောက်တွေ၊ တင့်ကားတွေကိုလည်း အလိုရှိသလောက်လျှော့ဈေးနဲ့ တမျိုး၊ အကြွေးစံနစ်နဲ့တဖုံ ထောက်ပံ့ရောင်းချပေးနေတာပါ။ အတိုးမဲ့ချေးငွေတွေ၊ အတိုးနည်းချေးငွေတွေ ထုတ်ပေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီး မြန်မာစစ်အုပ်စုကို တရုတ်အစိုးရက ကျားကန်ပေးနေတာပါ။ အဲဒီလို အကူအညီပေးမှု တွေအတွက် မြန်မာစစ်အုပ်စုက တရုတ်အစိုးရကို ရက်ရက်လျောလျော ပြန်ပေးနေရတာလဲအများကြီးပါ။
အထင်ရှားဆုံးကတော့ မြန်မာနိုင်ငံတွင်းကို ယူနန်ပြည်နယ်က တရုတ်တွေ လွယ်လွယ်ကူကူနဲ့ ဝင်ရောက်အခြေချခွင့်ရပြီး အာဏာပိုင်တွေရဲ့ အထူးအခွင့်အရေးပေးမှုနဲ့ စီးပွားရေးလုပ်ငန်းများကို အပြိုင်အဆိုင်မဲ့လုပ်ခွင့်ရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကြီးကြီးမားမား ချယ်လှယ်နိုင်နေတာပါပဲ။ မန္တလေးလို မြန်မာ့မင်းနေပြည်တော်ဟောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ကြီးဟာ တရုတ်မြို့တော်ကြီးလို့ ထင်ရလောက်အောင် ဒေသခံမြန်မာတွေက အဝေးကိုရောက်ကုန်ပြီး တရုတ်စီးပွားရေးသမားတွေက အလုံးအရင်းနဲ့ လွှမ်းမိုးထားကြပါပြီ။ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မြို့ကြီးများမှာလည်း တရုတ်လူမျိုးများ အလုံးအရင်းနဲ့ ရောက်ရှိနေထိုင်ကြပြီး မြန်မာနိုင်ငံသား လက်မှတ်များကိုတောင် ကိုင်ဆောင်ထားကြပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်အုပ်စုရဲ့ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့အဖိုးတန် သယံဇာတတွေ၊ ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝဓာတ်ငွေ့တွေလည်း တရုတ်ကုမ္ပဏီများက ရှာဖွေဖော်ထုတ်ပြီး တရုတ်ပြည်မကြီးကို သယ်ယူသွားနေကြပါပြီ။ တကယ်တော့ မြန်မာနိုင်ငံကို တရုတ်အစိုးရက စီးပွားရေး ကိုလိုနီပြုနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ မြန်မာစစ်ခေါင်းဆောင်တွေက သူတို့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရကို ပဏ္ဏာဆက်သ ကျွန်ပြုခံနေကြတာ ကြာပါပြီ။ အဲဒီလောက်စော်ကားနေရတာကိုမှ မကျေနပ်နိုင်သေးတဲ့ တရုတ်အစိုးရက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြော၊ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး၊ ကျနော်တို့ချစ်တဲ့ မြစ်ကြီး ဧရာဝတီကို လည်မြိုညှစ်၊ အနိုင်ကျင့်နေပြန်ပါပြီ။ 
(၃)
၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အုပ်စုက တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) နဲ့ ကချင်ပြည်နယ်အတွင်း၊ မေခ၊ မလိခ နဲ့ ဧရာဝတီမြစ်ဖျားမှာ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဆည်ကြီး (၇) ခု ဆောက်လုပ်မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက် အရ မလိခမြစ်ပေါ်မှာ လိုင်းဇာဆည်၊ မေခမြစ်ပေါ်မှာ ချီဘွေ၊ ပရှဲ၊ လာခင်၊ ဖီဇော၊ နဲ့ ခေါင်လန်ဖူး ဆည် ၅ ခု နဲ့ မေခ နဲ့ မလိခ ဆုံတဲ့ မြစ်ဆုံ၊ ဧရာဝတီမြစ်ကြီးရဲ့အစမှာ မြစ်ဆုံဆည် စတဲ့ ဆည်ကြီး (၇) ခုကို ၁၀ နှစ်အတွင်း ပြီးအောင် တည်ဆောက်ဖို့ပါ။ အဲဒီ ဆည်ကြီးများနဲ့အတူ ရေကာတာကြီးများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံများလည်း ပါဝင်တည်ဆောက်မှာဖြစ်ပြီး ဒီဆည်ကြီး (၇) ခုကနေ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝပ် ၁၃,၃၆၀ ထုတ်လုပ်ပြီး တရုတ်ပြည် ယူနန်ဒေသကို တင်ပို့ဖြန့်ဖြူးဖို့ပါ။
ဒါဟာဖြင့် အစွမ်းကုန်စီးပွားရေး တိုးတက်ကောင်းမွန်လာတဲ့ တရုတ်နိုင်ငံရဲ့ တဟုန်ထိုးမြင့်မားလာတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တရုတ်အစိုးရရဲ့ကြိုးစားမှုပါ။ သူ့နိုင်ငံတိုးတက်ရေးအတွက် ဆန္ဒရှိတာကို အပစ်မပြောလိုပေမည့် ဒီ ဆည်ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ကျနော်တို့နိုင်ငံက ပြည်သူတွေ ဆုံးရှုံးနစ်နာရမှာကို လုံးဝငဲ့ကွက်စဉ်းစားခြင်းမရှိဘဲ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အနိုင်ကျင့်တာ၊ ကျနော်တို့ရဲ့ ဧရာဝတီကို လည်မျိုညှစ်တာကိုတော့ ကျနော်တို့ အစွမ်းကုန်ရှုံ့ချကြရမှာပါ။
ဒီဆည်ကြီး (၇) ခုမှာ အကြီးဆုံးက မြစ်ဆုံဆည်ပါ။ တည်နေရာက မေခ၊ မလိခ မြစ်ဆုံရဲ့အောက်ဖက် ၂ မိုင်ခန့်အကွာ၊ မြစ်ကြီးနားမြို့ရဲ့မြောက်ဘက် ၂၆ မိုင်ခန့်အကွာ၊ ဆည် ရဲ့အတိုင်းအတာက အမြင့်ပေ ၅၀၀ (အထပ် ၄၉ ထပ်မြင့်တဲ့ အဆောက်အအုံတခုလောက်) နဲ့ အလျား ပေ ၅၀၀ ရှိပါမယ်။ ဆည်ရေကို ထိန်းသိန်းထားမည့် ရေကာတာကြီး (Reservoir) က စင်္ကာပူနိုင်ငံ (ဧရိယာ စတုရန်းမိုင် ၂၆၈) ထက်နှစ်ဆလောက်တောင်ကြီးပြီး နယူးယောက်မြို့ (ဧရိယာ စတုရန်းမိုင် ၄၆၉) လောက် ကျယ်တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရည်ရွယ်တဲ့ အတိုင်း ဆောက်လုပ်ပြီးစီးသွားရင် တနှစ်ကို လျှပ်စစ်ဓာတ်အား ၃၆၀၀ ကနေ ၆၀၀၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ဖြစ်ပြီး ဒီစီမံကိန်းကနေ အဓိက အကျိုးဖြစ်ထွန်းမှာက မြန်မာစစ်ခေါင်းဆောင်များ၊ အထူးသဖြင့် အရင်က ၈ လုံး လို့ခေါ်ပြီး အခု ၉ လုံး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင်ဦး၊ သူ့ရဲ့အလိုတော်ရိစီးပွားရေးလုပ်ငန်းရှင် စတီဗင်လော (ခေါ်) ထွန်းမြင့်နိုင် နဲ့ သူ့ရဲ့ Asia World ကုမ္ပဏီ နဲ့ တရုတ်အစိုးရတို့ပဲဖြစ်ပြီး အဓိက နစ်နာဆုံးရှုံးကြမှာက သန်းပေါင်းများစွာသော မြန်မာပြည်သူများပဲ ဖြစ်ကြပါတယ်။ ဒါဟာဖြင့် တရုတ်အစိုးရက မြန်မာစစ်အုပ်စုကို မြန်မာပြည်သူတွေကို သတ်ဖြတ်အနိုင်ကျင့်ဖို့ ထောက်ပံ့ ကူညီရုံတင်မကဘူး။ သူကိုယ်တိုင်က မြန်မာပြည်သူတွေကို တိုက်ရိုက် သတ်ဖြတ်အနိုင်ကျင့်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။
(၄)
တကယ်က ဒီစီမံကိန်းကို မလုပ်သင့်ကြောင်း ကချင်ပြည်သူများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/KIO) တို့က မြန်မာစစ်အုပ်စုကိုရော၊ တရုတ်အာဏာပိုင်များကိုပါ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ကြတာပါ။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌက ယူနန်ပြည်နယ် အာဏာပိုင်အဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာပဲ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ ၂၀၀၉ ခု အောက်တိုဘာ ၂၆ ရက်နေ့မှာ ကေအိုင်အိုက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၁၀ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ကေအိုင်အိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ စာတွေအကြိမ်ကြိမ်ပို့ပြီး ဒီမြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့၊ ကန့်ကွက်ခဲ့ကြတာပါ။ ဒီနှစ် ၂၀၁၁ ခုနှစ်မှာပဲ မတ်လ ၂၆ ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌကြီး လရော်ဇောင်းဟရာ က တရုတ်သမ္မတ နဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ဟူဂျင်တောင် ထံစာပို့ပြီး မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ဒါပေမည့် တရုတ်အစိုးရရော၊ မြန်မာစစ်ခေါင်းဆောင်များကပါ ကချင်ပြည်သူတွေရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေကြဆဲပါ။
ဒီနေရာမှာ တရုတ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုနဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်ကို အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်။ တကယ်တော့ တရုတ်နဲ့မြန်မာ နှစ်ဖက်စလုံးက အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်သူတွေ၊ သိပ္ပံပညာရှင်တွေက ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ အစီရင်ခံစာတစောင် တင်သွင်းပြီး မြစ်ဆုံဆည်တည်ဆောက်ရေးကို ဖျက်သိမ်းဖို့ အကြံပေးခဲ့ကြတာပါ။ ဒီလိုပါ။
(၅)
မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့ကန့်ကွက်မှုတွေရှိလာတဲ့အခါမှာ တရုတ်နဲ့ မြန်မာ အာဏာပိုင်များက သူတို့ စည်းနဲ့ဘောင်နဲ့ ဆောင်ရွက်ပါတယ်ဆိုတာပြနိုင်ဖို့ တရုတ်၊ မြန်မာပညာရှင်များပါဝင်တဲ့ Biodiversity And Nature Conservation Association (BANCA) အဖွဲ့ကို မြစ်ကြီးနား နဲ့ မြစ်ဆုံဒေသတဝိုက်မှာ ပတ်ဝန်းကျင်ထိခိုက်မှု တိုင်းတာချက်ပထမအဆင့် (The First Step of Environmental Impact Assessment/EIA) ပြုလုပ်ဖို့ ၂၀၀၉ ခုနှစ်ထဲမှာ တာဝန်ပေးခဲ့ပါတယ်။ EIA ဆိုတာက ကုလသမဂ္ဂက ဦးဆောင် ဖွဲ့ထားတဲ့ မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က မဲခေါင်မြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မည့် ဆည်များအတွက် မဆောက်လုပ်ခင် ကြိုတင်လေ့လာဖို့ သတ်မှတ်ထားတဲ့ တိုင်းတာဆန်းစစ်ချက် (Assessment) ဖြစ်ပြီး အဆင့် ၁၀ ဆင့် ရှိပါတယ်။
တာဝန်ပေးချက်အရ အဲဒီအဖွဲ့က လပေါင်းများစွာ ကွင်းဆင်း လေ့လာသုံးသပ်မှုတွေလုပ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ စာမျက်နှာ ၁,၀၀၀ နီးပါးရှိတဲ့ သူတို့ရဲ့တွေ့ရှိချက် အစီရင်ခံစာ (Environmental Impact Assessment/EIA) နဲ့ အကြံပြုချက်တွေ (Recommendations ) ကို တရုတ် နဲ့ မြန်မာအာဏာပိုင်များထံ တင်သွင်းခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ဧရာဝတီမြစ်ကြီးကို “မြန်မာနိုင်ငံရဲ့အသက်သွေးကြော၊ ပြည်သူသန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ခရီးသွားလာမှုအတွက်အမှီပြုရာ၊ သန်းပေါင်း ၅၀ ကျော် ပြည်သူတွေရဲ့ ပင်မ ဆက်သွယ်ရေးလမ်းကြောင်းကြီး” အဖြစ်တင်စားပြီး “ဒီမြစ်ကြီးကို ဆည်ကြီး (၇) ခုနဲ့ အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် လုပ်တာဟာ မြစ်ဆုံဒေသမှာနေကြတဲ့ ပြည်သူတွေတင်မက၊ မြစ်အောက်ပိုင်း အဝေးကြီးက၊ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေကိုပါ အင်မတန်ကြီးမာတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အနိဌာရုံတွေ သက်ရောက်စေလိမ့်မယ်” လို့ ထောက်ပြဝေဖန်ထားပါတယ်။
ဒီအစီရင်ခံစာရေးသူတွေကပဲ “ဧရာဝတီမြစ်ဆုံဟာ ကချင်လူမျိုးများရဲ့ ဂုဏ်ယူစရာပိုင်ဆိုင်မှု၊ ယဉ်ကျေးမှုရဲ့ အသည်းနှလုံးဖြစ်ပြီး ဒီမြစ်ဆုံဟာ ဆည်ဆောက်လုပ်ရေးအတွက် လုံးဝပျောက်ပျက်သွားမှာဖြစ်လို့ အဲဒီဆုံးရှုံးမှုကြီးဟာဖြင့် ကချင်လူမျိုးများသာမက မြန်မာပြည်သူများအားလုံးအတွက် ကြောက်ခမန်းလိလိ ကြီးမားတဲ့ ဝမ်းနည်းကြေကွဲစရာကြီးဖြစ်လိမ့်မယ်” လို့လည်း သတိပေးထားပါတယ်။ ရေလွှမ်းမိုးခံရမည့် ကျေးရွာတွေ၊ ရွှေ့ပြောင်းနေရာချရမည့် ပြည်သူတွေ၊ အဖျက်ဆီးခံရမည့် သစ်တောကြီးတွေ၊ ထာဝရပျောက်ဆုံးသွားမည့် သဘာဝအလှအပတွေ၊ ဆက်လက်မရှင်သန်နိုင်တော့မည့် ရှားပါးသစ်ပင်တွေ၊ ပန်းတွေ နဲ့ ရေသတ္တဝါတွေအကြောင်း တင်ပြသတိပေးထားသလို ဧရာဝတီမြစ်ရေစီးဆင်းမှု နှေးကွေးသွားတဲ့ အတွက်ကြောင့် ပင်လယ်ဘက်က ဆားငံရေတွေ ပြန်လည်စီးဝင်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ မြစ်ဝကျွန်းပေါ် ဒေသမှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ ပျက်စီးကြမည့်အကြောင်း ထောက်ပြထားပါတယ်။ နောက်ဆုံးမှာတော့ အစီရင်ခံစာရေးသားသူ ပညာရှင်များက တရုတ်၊ မြန်မာ အာဏာပိုင်များကို “မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို စွန့်လွှတ်ဖို့နဲ့ မဖြစ်မနေ ဆောက်မှဖြစ်မယ်ဆိုရင်လည်း မြစ်ဆုံမှာမဆောက်ဘဲ မြစ်ဆုံရဲ့အထက် မေခ နဲ့ မလိခမြစ်များမှာ အသေးစားဆည်နှစ်ခု အစားထိုးဆောက်ဖို့” အကြံပြုထားပါတယ်။ 
အဲဒီ ပညာရှင်များရဲ့ တာဝန်သိသိတင်ပြချက်တွေကို တရုတ်၊ မြန်မာ အာဏာပိုင်များက ဒေါသတကြီး ငြင်းပယ်လိုက်ကြပါတယ်။ အစီရင်ခံစာကိုလည်း လူထုကြားထဲရောက်မလာအောင် ဖုံးကွယ်ထားကြပြီး နောက်ထပ် ဆောင်ရွက်ရမည့် တိုင်းတာချက်အဆင့် ၉ ခုကိုလည်း မဆောင်ရွက်တော့ပါ။ အဲဒီနောက်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မူဝါဒနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေတော့တာပါ။ ပညာရှင်များက မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနဲ့နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီး တမြို့လုံး စက္ကန် ၂၀ အတွင်းမှာ ရေအောက် နစ်မြုတ်သွားနိုင်တယ်လို့လည်း သတိပေးကြပါတယ်။ အဲဒီအတွက် စစ်အုပ်စုရဲ့ အရေးယူမှုက မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မြစ်ဆုံရဲ့အထက်ဘက်က ပူတာအိုမြို့ကို ရွှေ့ပြောင်းအခြေချဖို့ အမိန့်ထုတ်တာပါ။ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက်တော့ နည်းနည်းလေးမှ စိတ်ပူပုံမရပါ၊
ဝမ်းနည်းကြေကွဲစရာအကောင်းဆုံးကတော့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကို တရုတ် အစိုးရက အဓမ္မဖျက်ဆီးနေတာကို မြန်မာစစ်ခေါင်းဆောင်များက ကျေကျေနပ်နပ်ခွင့်ပြုပြီး ပူးပေါင်း ကူညီနေတာပါပဲ။ တကယ်တော့ တရုတ် အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်များပူးပေါင်းပြီး မြန်မာလူထုတရပ်လုံး အပေါ် အကြမ်းဖက်တဲ့ ရာဇဝတ်မှုကြီး (Crimes against Humanity) ကျူးလွန်နေတာပါ။
(၆)
ဒီစာကို ဒေါသနဲ့ရေးတာဖြစ်ကြောင်း ဝန်ခံပါရစေ၊ ဒါကြောင့် တချို့စကားလုံးတွေ ကြမ်းတမ်းနေပါလိမ့်မယ်။ ခွင့်လွှတ်ကြပါ။ ပြီးတော့ တရုတ်၊ မြန်မာ လူမျိုးများအချင်းချင်း မုန်းတီးဖို့၊ ရန်ဖြစ်ဖို့ လှုံ့ဆော်တာလည်း မဟုတ်ရပါ။ တရုတ်လူမျိုးများအပေါ် ဘယ်လို အာဃာတမှ မရှိပါ။ မြန်မာနိုင်ငံတွင်းမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်နေကြတဲ့ တရုတ်လူမျိုးများကိုလည်း မြန်မာနိုင်ငံသားအချင်းချင်းမို့ ချစ်ခင်ပါတယ်။ ဆွေမျိုးအရင်းအချာလို သဘောထားပါတယ်။ ဒါပေမည့် တရုတ်အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ဒီစာတမ်းကို ရေးပါတယ်။ ပြီးတော့ ဧရာဝတီကိုကယ်တင်ကြဖို့ မြန်မာနိုင်ငံသားအပေါင်းကို တောင်းဆိုပါတယ်။ 
ဘယ်လို ကယ်တင်ကြမလဲ။ ကျနော်တို့ ဧရာဝတီ ကယ်တင်ရေး (SAVE THE IRRAWADDY) အမျိုးသားရေး လှုပ်ရှားမှုကြီးလုပ်ရမှာပါ။ ပြည်တွင်းက ပြည်သူတွေက ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ကြောင်း မြန်မာစစ်အုပ်စုကို တောင်းဆိုသင့်သလို ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံး၊ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးများကို ကန့်ကွက်စာတွေ ပေးပို့သင့်ပါတယ်။ ဧရာဝတီမြစ်ကြီး အနိုင်ကျင့်ခံနေရမှုနဲ့ ကချင်ပြည်နယ် နဲ့ မြန်မာတနိုင်ငံလုံးက ပြည်သူတွေ ထိခိုက်နစ်နာမည့်အရေးကို လူထုသိနားလည်အောင် ရှင်းလင်းတင်ပြပြီး လူထုအင်အားနဲ့ ဧရာဝတီကို ကာကွယ်ကြရမှာပါ။ ဆရာတော်၊ သံဃာတော်များကလည်း သူတို့ရဲ့တရားပွဲများမှာ ဧရာဝတီမြစ်ကြီးရဲ့အကျိုးကျေးဇူးကို ရည်ညွှန်းဖွဲ့ဆိုပြီး ဧရာဝတီကို စောင့်ရှောက် ကာကွယ်ဖို့ လူတိုင်းမှာတာဝန်ရှိကြောင်း ဟောပြောသင့်ပါတယ်။ အနုပညာရှင်များကလည်း ဧရာဝတီမြစ်ကြီး အရင်လို မစီးဆင်းနိုင်တော့ရင် ဖြစ်လာမည့်အကျိုးဆက်တွေကို လူထုနဲ့ စစ်တပ်ထဲက နိုင်ငံချစ်တဲ့ စစ်ဗိုလ်၊ စစ်သားတွေသိအောင် သီချင်းတွေ စပ်ဆို၊ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ အထူးသဖြင့် လောဘဇောကပ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ အလိုတော်ရိ စီးပွားရေးသမားတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရတို့ကို မြန်မာပြည်သူတွေဟာ ဧရာဝတီကိုထိရင် မခံဘူးဟေ့ ဆိုတာကို သိအောင်ပြသကြဖို့ပါ။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သက်ဆိုင်ရာနိုင်ငံများမှာရှိတဲ့ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးများရှေ့မှာ ဆန္ဒပြတာ၊ ကန့်ကွက်စာပို့တာတွေ လုပ်သင့်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံများက အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်အစိုးရရဲ့ မြန်မာပြည်သူများအပေါ် တိုက်ရိုက် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို တင်ပြတိုင်တန်းသင့်ပါတယ်။ ပြီးတော့ ကျနော်တို့ အခု ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ စစ်အုပ်စုက ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုတခုလုံးအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူဖို့ တောင်းဆိုနေသလို တရုတ်အစိုးရကလည်း မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ကြီးကို အနိုင်ကျင့်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတယ်။ Crimes against Humanity တွေ ကျူးလွန်နေတယ်ဆိုတာ တိုင်တန်းကြရမှာပါ။
ကျနော်တို့ဘက်မှာ အဖွဲ့အစည်းပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံနဲ့ ရပ်တည်မှုပေါင်းစုံရှိပြီး မညီညွတ်ကြဘူး လို့သတ်မှတ်ခံကြရပါတယ်။ နအဖစစ်အုပ်စုအပေါ် စီးပွားရေးပိတ်ဆို့မှုလုပ်တာကို ထောက်ခံတဲ့လူနဲ့ ကန့်ကွက်တဲ့လူ၊ စစ်အုပ်စုရဲ့ လွှတ်တော်ထဲဝင်တဲ့လူနဲ့ လွှတ်တော်အပြင်မှာပဲနေတဲ့လူ၊ နိုင်ငံရေးကို သက်တောင့် သက်သာလုပ်ချင်တဲ့လူနဲ့ ထောင်အကြိမ်ကြိမ်အကျခံပြီး လုပ်တဲ့လူ၊ ပညာရှင်ဘဝပြောင်းပြီး ဘေးက ဝေဖန်တဲ့လူနဲ့ မိုက်ခွက်ကိုင်ပြီး အသံလွှင့်တဲ့လူ၊ ကွန်ပြူတာရှေ့ထိုင်ပြီး အင်တာနက်နဲ့ တော်လှန်ရေးလုပ်တဲ့လူ၊ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြည်းဖြည်းချင်းတော့ ပြောင်းမှာပါလို့ မျှော်လင့်တဲ့လူနဲ့ စစ်အုပ်စုရဲ့လှည့်ဖျားမှုကိုမခံဘဲ ပိုပြီးဖိအားပေးချင်တဲ့လူ၊ နိုင်ငံရေးကို စိတ်ကုန်သွားတဲ့လူတွေနဲ့ စိတ်မဝင်စားတော့တဲ့လူ၊ ကျနော်တို့အားလုံး ဘယ်လိုပဲရှိခဲ့ရှိခဲ့၊ အမြင်တွေ၊ ရပ်တည်ချက်တွေ မတူခဲ့ရင်တောင်မှ ဒီတခါတော့ ကျနော်တို့ ညီကြရအောင်ပါ။ ဧရာဝတီ မရှိရင် ကျနော်တို့ဘဝတွေ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ပါ။ ကျနော်တို့ညီမှ အမိ ဧရာဝတီကို ကယ်တင်နိုင်၊ ကာကွယ်နိုင်မှာပါ။
ဧရာဝတီ ကိုကယ်တင်ကြပါစို့။
လေးစားစွာ
အောင်ဒင်
ဇူလိုင် ၈၊ ၂၀၁၁
ဓာတ်ပုံ – ဧရာဝတီ၊ မေခ နဲ့ မလိခ မြစ်များမှာ ဆောက်လုပ်နေတဲ့ တရုတ်ဆည်များနေရာပြမြေပုံ (BURMA RIVERS NETWORK, http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts