>Social Networks become Political Theater for Burmese Youths

>


ဆိုရှယ်နက်ဝေါ့ ၀က်ဆိုက်များမှာ မိမိ၏ နိုင်ငံရေး အမြင်ကို ထုတ်ဖေါ်နိုင်သည့် နေရာဖြစ်လာ
ရွက်လှ၊ ရန်ကုန်
ဇွန်လ ၁၉၊ ၂၀၁၁
အွန်လိုင်းပေါ်ကပြည်တွင်းစစ်၏ အသံ
” ကချင်ဒုက္ခသည်တွေအတွက် လက်တလောမှာ အရမ်းကို စိတ်ပူစရာကောင်းနေပါတယ် ကျတော်တို့ အားလုံးလည်း ၀န်းရံ ပံ့ပိုးပေးသင့်တယ် မဟုတ်လား အမြန်ဆုံးငြိမ်းချမ်းပါစေ ” စသဖြင့် ရဲရဲတောက်နေသည့် ဓားဖြူနှစ်လက်ကို ကြက်ခြေခတ်ထားပြီး အနီတ၀က် အစိမ်းတ၀က် ကချင်အလံများကို ဂျီတော့၏ status တွင်၎င်း ဖေ့ဘွတ် စာမျက်နှာ ပရိုဖိုင် ရုပ်ပုံ နေရာများတွင်၎င်း ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် ပလူပျံလျက် ရှိသည်ကို တွေ့ရသည်။
ယင်းမှာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့အကြား ဇွန်လ ၉ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် တိုက်ပွဲများကြောင့် ပြည်သူများ အခက် အခဲ များစွာ ကြုံတွေ့ရင်ဆိုင် နေကြရသည့်အတွက် မိမိဆန္ဒအား လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားနိုင်သည့် အင်တာနက် စာမျက်နှာ များတွင် ထောက်ခံ အားပေး ရေးသားလာကြခြင်းဖြစ်သည်ဟု သိရသည်။
Gtalk တွင် ကချင်အလံ တင်ထားသည့် ကချင်ပြည်နယ်တွင် လူမှု အကူအညီများကို လုပ်ကိုင်ပေးနေသူ တစ်ဦးက “ကိုယ်တို့က ကချင်မှာ ရှိတဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသတွေက မူလတန်းကျောင်း တွေကို ကူညီနေတာလေ။ ကျောင်းတွေက အစိုးရကျောင်း ပါသလို ကိုယ်ထူကိုယ်ထ ကျောင်းတွေ KIA ကဖွင့်ထားတဲ့ ကျောင်းတွေပါမကျန် အားလုံးတန်းတူ ကူညီတယ်။ KIA က ပညာရေးကို အစိုးရထက် အားပေးတယ်။ ခုရှိနေတဲ့ တချို့ KIA အကြီးအကဲတွေဟာ ကိုယ်နဲ့ အတော် ရင်းနှီးပါတယ်။ ဘယ်သူမှ ၀င်မရတဲ့ နေရာတွေဆီထိ ကိုယ်ရောက်နေခဲ့တာပဲ။ ခုတော့ စစ်ပွဲဧရိယာထဲ ရှိတဲ့ကျောင်းတွေ အကုန် ပိတ်ပစ်ရပြီ။ ကိုယ်တို့ ပို့ထားတဲ့ ဆရာဆရာမ တွေလည်း အသက်လု ပြေးကြရတယ်။ ရွာတချို့ ပြေးကုန်ပြီ။ ဘ၀တွေ ပျက်ကုန်ကြပြီ။ KIA ဖက်က မားမား ရပ်လျက်ရှိကြောင်း အစိုးရလူ တွေ သိစေချင်လှတယ်။ ဒါကြောင့် အစိုးရဖက်က မိတ်ဆွေတွေပါ ရှိနေတဲ့ Gtalk ပေါ်မှာ ကချင်အလံ ကို တမင် တင်ထားတာ။ ဒီအတွက် တစုံတရာ မကျေနပ်လို့ အရေး ယူရင်လဲ သရော်ြ ပုံးပြုံးရင်း ထောင်ကျခံလိုက်မယ်။ ဒါက ကိုယ့် စိတ်ရင်းအတိုင်းဘဲ။ ကိုယ်တို့ စီမံကိန်းကိုလဲ မရပ်ဘူး ဆက်သွားနေမယ်။ သိတယ်.. အရမ်းခက်ခဲမယ် ဆိုတာ ဒါပေမဲ့ မမှုတော့ဘူး”ဟု ပြောသည်။
ကြံ့ဖွံ့အစိုးရလည်း အွန်လိုင်းကို မလွန်ဆန်နိုင်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအား လျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး စိတ်မချရသည့် အတွက် အရေးကြီးသည့် ရေအား လျှပ်စစ် စီမံကိန်းကို ကာကွယ် စောင့်ရှောက် လိုသည့် ရည်းမှန်းချက် တစ်ခုတည်းဖြင့် ဖယ်ရှားခိုင်းခဲ့သည်ကို မလိုက်နာခြင်းကြောင့် အစိုးရမှ မလွဲမရှောင်သာ ပြန်လည် တိုက်ခိုက်ရကြောင်း အစိုးရ သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ၉ ရက်ခန့်အကြာတွင်မှ အစိုးရဖက်မှ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အဖြစ် အပျက်များအား လူသိရှင်ကြား ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ အိုင်တီနည်းပညာ တိုးတက်လာသည့် ခေတ်တွင် ယခင်ခေတ်ကာလကဲ့သို့ လူ မသိစေရန် အဖြစ်အပျက်ကို အမှောင်ချထားရန် မဖြစ်နိုင်တော့သည့်ပြင် သတင်း မီဒီယာ သမားများ သာမက သာမန်လူတဦး အတွက်ပင် သိရှိလိုသည့် သတင်းအချက်အလက်များကို အင်တာနက်၊ ၀က်ဆိုက်များတွင် ကြည့်ရှုချင်သလောက် ကြည့်ရှုနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူတို့၏ ထင်မြင်ယူဆချက်၊ အားပေး ထောက်ခံမှု၊ ဆန့်ကျင်မှုများကိုလည်း ဖေ့စ်ဘွတ် ကဲ့သို့သော လူမှုကွန်ရက်များတွင် ပွင့်ပွင့် လင်းလင်း ထုတ်ဖေါ် ပြောဆိုနိုင်သည့် ခေတ်ကို ရောက်ရှိနေသည်ကို တွေ့ရသည်။
ထိုအချက်များက သတင်း စီးဆင်းမှုကို အာဏာရှင် အစိုးရ တစ်ရပ်က ချုပ်ကိုင်ဖို့ ခက်ခဲလာသည့်အဖြစ်ကို ညွှန်ပြနေသကဲ့သို့ သာမန် လူများထဲမှ သတင်း အလုပ်ကို ခရီးသွား လမ်းကြုံ လုပ်ကိုင်သည့် Citizen Journalism ခေတ်သို့လည်း ရောက်ရှိနေသည့် အဖြစ်ကိုပါ တွေ့ကြုံရသည်။
နည်းပညာ ခေတ်မှီလာခြင်းသည် သတင်း အချက် အလက်များအား ပိတ်ဆို့ တားဆီးထားရန် မဖြစ်နိုင်တော့သည့် အချက်နှင့် လူတစ်ဦးချင်းစီ၏ အမြင်များ ခံယူချက် ယူဆချက်များအား လွယ်လွယ် ကူကူ စက္ကန့်ပိုင်း အတွင်း ဖလှယ်ဖတ်ရှုနိုင်လာသည့် ခေတ်ကို ရောက်ရှိစေပြီး နိုင်ငံရေး လှုပ်ရှားမှုများအား ပိုမိုအားကောင်းစေလာသည်ဟု အိုင်တီနည်းပညာနှင့် အကျွမ်းဝင်သည့် သတင်းစာဆရာ တဦးက ဝေဘန် ပြောဆိုသည်။
အွန်လိုင်းပေါ်က ဆိုရှယ်နက်ဝပ် = သဘောထားထုတ်ဖော်ရာ စင်မြင့်
ယမန်နှစ် ရွေးကောက်ပွဲကာလ ကလည်း နိုင်ငံရေးပါတီ အချို့ ဖေ့စ်ဘွတ်မှ တဆင့် သူတို့၏ နိုင်ငံရေး အမြင် အယူအဆများအား ဖြန့်ဝေခြင်း၊ လှုပ်ရှားမှုများအား ဖေါ်ပြခြင်းဖြင့် ထောက်ခံမှု ပိုမို ရရှိအောင် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရပြီး ထိုကာလနှင့် စာလျင် နှစ်ဝက်ကြာသည့် ယခုအခါ ဆိုရှယ်နက်ဝေါ့ကို သုံးစွဲသူ ပိုမိုများပြားလာပြီး တနေ့တာတွင် ကြည့်ရှုသည့် အကြိမ်ရေလည်း
ပိုများလာသည်ဟု ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ
သိရသည်။
ဖေ့စ်ဘွတ်နှင့် Gtalk နှစ်ခုစလုံးတွင် ကချင်အလံကို ရုပ်ပုံအဖြစ်တင်ထားသည့် ကချင်ပြည်နယ်သား တစ်ဦးက
“ကျွန်တော်က ကချင်ပြည်နယ်သားလေ ပြည်နယ်ကို ချစ်သလို စစ်အစိုးရကို ရဲရဲဝံ့ဝံ့ ပြန်တိုက်ရဲတာကို လေးစားလွန်းလို့ပါ။ စစ်ဖိနပ်အောက်မှာ နေရမယ့် အချိန် မဟုတ်ဘူး တိုင်းပြည် တစ်ခုလုံးကို စနစ်ပြောင်းမယ်ဆို ပြည်တွင်းစစ် ဖြစ်မှ ဖြစ်မယ်လို့ အဲဒါကို ကချင်တွေ စပြီး စနစ်တစ်ခုကို ပြောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ် အဲဒီ အတွက် ကချင်အလံကို တင်ထားတယ် အဓိကတော့ ပြည်နယ် ချစ်တဲ့ စိတ်ပေါ့ အပြစ်မဲ့တဲ့ သူတွေ မထိခိုက်အောင် ၂ဖက်စလုံးမှာ တာဝန်ရှိတယ်၊ ဒါပေမယ့် စစ်အစိုးရဘက်က ပိုတာဝန်ရှိတယ် ဒီနိုင်ငံရဲ့အစိုးရအဖြစ်နဲ့ သူတို့နာမည်ခံထားတယ် သူတို့တိုက်တယ် သူတို့ ဆက်တိုက်ရင် ကချင်ကလည်း ကြောက်သွေးရှိတဲ့ သူတွေ မဟုတ်ဘူး။ ဒါကြောင့် good government လို့ ပြောနေတဲ့ အစိုးရက ပိုပြီး တာဝန် ရှိပါတယ်။ သူတို့တိုက်တာ လျှပ်စစ်အတွက်ဆိုတာ အခြားထုတ်နေတဲ့ သယံဇာတတွေနဲ့ ယှဉ်သာနေလို့ပါ နိုင်ငံရေးအရ လည်း KIA ဆိုတာ သူတို့ လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အချိုးမျိုးတော့ လုပ်လို့မရဘူး ကချင် လွတ်မြောက်ရေး တပ်မတော် ဆိုတာ ခုမှရှိလာတာ မဟုတ်ဘူး အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်ထုတ်ခဲ့ ကတည်းက ရှိနေတာ ဒီတော့ စစ်အစိုးရကို သူတို့ကလည်း ကြိုပြောထားတယ် သူတို့ပိုင်နက်ထဲကို စစ်ကြောင်း မတက်ပါနဲ့လို့ တက်တော့ ဘာဖြစ်လဲ ပုံစံနဲ့ သွားတော့ စစ်ဖြစ်တယ် အဲဒီ အတွက် ခုလက်ရှိအစိုးရက ပြည်သူတွေ မထိခိုက်အောင်လုပ်ဖို့ ပိုပြီးတာဝန်ရှိပါတယ် အခုလွှတ်တော် ကျင်းပ တုန်းမှာ ထောက်ခံမဲ ၅၃မဲပဲ ရတယ်တဲ့ အများစု လွှတ်တော် ကိုယ်စားလှယ်တွေက ငြိမ်းချင်းရေး အဆိုကို ကန့်ကွက်တယ်ပေါ့ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ ဆိုတော့ အဲဒီရွေးကောက်ပွဲကတော့ နိုင်ငံတကာလည်း သိတယ် ပြည်သူ လူထု အကုန်လုံးလည်း သိတယ် လူတွေ အရောင်ပြောင်းသွားပဲ ကွာတယ်။ ဘာမှ မပြောင်းဘူးလေ အမတ်တွေ ဒီဟာလေး ရဖို့က ခေါ်လိုက်ရတဲ့ အဘ စီးပွားရေး လုပ်ငန်းရှင်တွေကို လည်ပင်ညှစ် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ပါမစ် အတွက်ပေး အဲဒါ ဆိုတော့ ပေါက်ပြားနဲ့မြက်လို ကိုက်နေတော့ ကန့်ကွက်မှာပေါ့ နိုင်ငံတကာမှာ Hot ဖြစ်နေတဲ့ သတင်း ဆိုတော့ ဖိအားတွေ လာတော့မှာလေ လစ်ဗျားလိုတော့ သူတို့အဖြစ်မခံဘူး ထင်ပါတယ်”
ဟု ဆိုသည်။
နိုင်ငံတကာမှလည်း ဖြစ်ပွားနေသည့် တိုက်ပွဲများကို စောင့်နေကြောင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေး.. အခြေအနေ များ ပိုမို ဆိုးရွား မလာစေရေး အတွက် အပစ်အခတ် ရပ်စဲစေရေးကို ဦးတည် ဆွေးနွေး အဖြေရှာရန် တိုက်တွန်းထားသည်ဟု သတင်းများတွင် ရေးသားထားသည်ကို တွေ့ရသည်။ တိုက်ပွဲများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး ရသည့် ဒုက္ခ သည် များမှာ ထောက်ပံ့မှုများ လိုအပ်နေပြီး အခက်အခဲများ ကြုံတွေ့နေရသည်။
ယခု အဖြစ် အပျက်နှင့် ပတ်သက်ပြီး ရခိုင် အမျိုးသား သတင်းထောက် လူငယ် တစ်ဦးမှ “ရန်ကုန်ပြည်သူတွေဟာ ကချင်ပြည်နယ်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ဆိုတာ မကောင်းပါဘူး။ တရားမျှတတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေကို အတတ်နိုင်ဆုံး မထိခိုက်စေဖို့လည်း မျှော်လင့်ပါတယ်။ ကျဆုံးသွားတဲ့ကချင်ရဲဘော်တွေရော တပ်မတော်ရဲဘော်တွေရော ကောင်းရာ သုဂတိ လားကြပါစေ။ ကျွန်တော်က ကချင် အလံကို Gtalk မှာတင်ထားတာကို ပြောရမယ်ဆိုရင် ကချင်အလံကို လူငယ်တွေ ဂျီတောခ့်မှာ တင်ထားတာက အမျိုးမျိုးသော ခံယူချက်ရှိနိုင်ပါတယ်၊ ကျနော်တင်ထားတဲ့ အကြောင်းရင်းကတော့ ကချင်တွေကို လေးစားပါတယ်။ ကျနော်လည်း တိုင်းရင်းသား တစ်ဦးပါ။ လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေထဲက ပေါက်ဖွားခဲ့သူ တစ်ဦးပါ။ ခု ကချင် တပ်မတော်က ဘာခံယူချက်ပဲ ရှိရှိ။ အစိုးရနဲ့ ဖြစ်လာတဲ့ တိုက်ပွဲမှာ ကျနော်တို့ ကချင်ပြည်နယ်ဘက်က အားပေးပါတယ်။ သတင်းထောက် တစ်ယောက် အနေနဲ့ ဆိုရင် ဒီအဖြေဟာ မခိုင်လုံနိုင်ပါဘူး။ ဘက်လိုက်မှုဖြစ်နေပါတယ်။ ကျနော်က တိုင်းရင်းသား တစ်ဦးအနေနဲ့ ဖြေတာပါ။ ကချင်လူမျိုးတွေရဲ့ ဇွဲနဲ့သတ္တိကို လေးစားပါတယ်။ ကချင် လွတ်မြောက်ရေး တပ်သားတွေကိုလည်း ကျနော်တို့ အလေးပြုပါတယ်။ အင်အားအရ နည်းပါးပေမယ့် ကချင် တပ်မတော် အောင်လံတွေထူနိုင်ပါစေလို့ ကျနော်တို့ ဆုတောင်းနေပါတယ်” ဟု ဆိုသည်။
အဖြစ်အပျက်တစ်ရပ်၊ သတင်းဓါတ်ပုံတစ်ပုံ၊ အယူအဆ တစ်ခုအား လူအများသို့ ဖြန့်ဝေရန် အတိုဆုံး ပြောရလျင် ထိုအချက်အလက်များ ကမ္ဘာတစ်ပတ် ပတ်ရန် အချိန် စက္ကန့်ပိုင်းမျှသာ လိုအပ်သည့် ယနေ့ခေတ်လို ကာလတွင် ပြည်သူ လူထုအား သတင်းမှောင် ချထားဖို့ ကြိုးစားမှုများမှာ ရေမှာ အရုပ် ရေးသကဲ့သို့ အရာမထင်ဖြစ်လာနေသည့် အဖြစ်ကို ယခု ကချင် ပြည်နယ် အဖြစ် အပျက်များနှင့် အင်တာနက် သုံးစွဲသူတို့၏ တုံ့ပြန်ချက်ကို ကြည့်ရှုခြင်းဖြစ် ကောက်ချက် ချနိုင်မည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts