သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – အပိုင်း (၃) ဒီမိုကရေစီ ပန်းနာရင်ကြပ်ဖြစ်ခြင်း


(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၂၊ ဇွန်လ၊ ၂၀၁၄)

 

ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

The Economist (March 1, 2014)

(ဘာသာပြန်သူ၊ အောင်ဒင်)

အပိုင်း (၃) ဒီမိုကရေစီ ပန်းနာရင်ကြပ်ဖြစ်ခြင်း (The Democratic Distemper)

 

ဒီမိုကရေစီဟာ သူ့ရဲ့ အရင်းအမြစ်မှာတောင် ဖွဲ့စည်းမှုဆိုင်ရာပြဿနာတွေကို အလေးအနက် ခံစားနေရတာပါ၊ ဒီပြဿနာတွေဟာ ရံဖန်ရံခါဖြစ်တတ်တဲ့ သီးခြားနေမကောင်းမှုမျိုးမဟုတ်ပါဘူး၊ ခေတ်ပေါ်ဒီမိုကရေစီကာလ စတင်ထွန်းကားတဲ့ ၁၉ ရာစုနောက်ပိုင်းနှစ်များမှာ ကတည်းက ဒီမိုကရေစီဆိုတာကို နိုင်ငံများဖွဲ့စည်းခြင်းနဲ့ အမျိုးသားလွှတ်တော်များပေါ်ပေါက်လာခြင်းတို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတာပါ၊ ပြည်သူလူထုက နိုင်ငံတော်အာဏာကို သူတို့ကိုယ်စား သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း ကိုင်တွယ်ကျင့်သုံးမည့် ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ကြပါတယ်၊ အဲဒီလို ဒီမိုကရေစီကို ရွေးချယ်တင်မြှောက်မှုနဲ့ ဖော်ပြတဲ့အစဉ်အလာဟာ အခုအချိန်မှာ အပေါ်ဘက်ကရော၊ အောက်ဘက်ကပါ တိုက်ခိုက်ခံနေရပါပြီ၊

 

အပေါ်ဘက်ကဆိုရင် ကမ္ဘာပြုခြင်း (Globalization) က အမျိုးသားနိုင်ငံရေးတွေကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်ပါတယ်၊ နိုင်ငံရေးသမားတွေဟာ သူတို့ကိုင်တွယ်ထားတဲ့ နိုင်ငံတော်အာဏာအတော်များများ၊ ဥပမာအားဖြင့် ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှု ကို ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေထံ စွန့်လွှတ်လိုက်ရပါပြီ၊ ဒါကြောင့်မို့ သူတို့ဟာ သူတို့ရဲ့ မဲဆန္ဒရှင်တွေကို သူတို့ပေးခဲ့တဲ့ ကတိတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့တာ တွေ့ရပါတယ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization)၊ ဥရောပသမဂ္ဂ (European Union) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးများဟာ သူတို့ရဲ့ ဩဇာအာဏာနဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ချဲ့ထွင်နိုင်ခဲ့ကြပါတယ်၊ ဒီ့အတွက်လည်း လုံလောက်တဲ့ အကြောင်းပြချက်ရှိပါတယ်၊ ရာသီဥတုအပြောင်းအလဲ (Climate Change) လို၊ အခွန်တိမ်းရှောင်မှု (Tax Evasion) လို ကြီးမားတဲ့ ပြဿနာကြီးတွေကို နိုင်ငံတစ်ခုတည်းက မဖြေရှင်းနိုင်ပါ၊ အမျိုးသားနိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေကို ကန့်သတ်ခြင်းနဲ့ အချို့အရေးကိစ္စတွေမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာကို အရွေးချယ်ခံမဟုတ်တဲ့ ကျွမ်းကျင်သူပညာရှင်များထံ လွှဲပြောင်းပေးခြင်းဖြင့် ကမ္ဘာပြုခြင်းကို တုန့်ပြန်ကြပါတယ်၊ ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ ဗဟိုဘဏ်ပေါင်း ၂၀ လောက်သာရှိခဲ့ရာက ဒီကနေ့မှာဖြင့် ၁၆၀ ကျော် ရှိနေပါပြီ၊

 

အောက်ဘက်ကလည်း အပေါ်ဘက်ကတိုက်ခိုက်မှုနဲ့ တန်းတူအားကောင်းတဲ့ စိန်ခေါ်မှုတွေ ရှိလာပါတယ်၊ အဲဒီစိန်ခေါ်မှုတွေက မူရင်းနိုင်ငံမှ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ကက်တလန် (Catalans) နဲ့ စကော့ (Scots) စတဲ့  ဒေသတွေ၊ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်များနဲ့ အမေရိကန်မြို့တော်ဝန်များထံက လာပါတယ်၊ အားလုံးက သူတို့ဒေသတွေရဲ့ အချုပ်အချာအာဏာကို နိုင်ငံတော်အစိုးရများထံက ပြန်တောင်းယူဖို့ ကြိုးစားနေကြတာပါ၊ ပြီးတော့ ကာနေးဂျီးနိုင်ငံတကာငြိမ်းချမ်းရေးဋ္ဌာန (Carnegir Endowment for International Peace) က မွိုင့်ဆက်နိုင် (Moises Naim) က “အသေးစားအာဏာတွေ” (Micro-Powers) လို့ ကင်ပွန်းတပ်တဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နဲ့ အစိုးရနဲ့ပါလီမန်ရဲ့ အဆုံးအဖြတ်တွေကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ အကျိုးစီးပွါးကိုယ်စားပြု လှုံ့ဆော်သူများ (Lobbyists) ဆီကလည်း လာပါတယ်၊ သူတို့တွေဟာ သမားရိုးကျနိုင်ငံရေးအစဉ်အလာတွေကို အနှောက်အယှက်ပြုပြီး ဒီမိုကရေစီခေါင်းဆောင်၊ အာဏာရှင်ခေါင်းဆောင် အားလုံးရဲ့ ဘဝတွေကို ပိုပြီးခက်ခဲအောင် ပြုလုပ်နေကြပါတယ်၊ အင်တာနက်ကလည်း လူတွေကို စည်းရုံးလှုံ့ဆော်ရာမှာ ပိုပြီးလွယ်ကူစေပါတယ်၊ လူတွေက (Reality-TV) တယ်လီဗီးရှင်းပေါ်မှာ အပါတ်တိုင်း ပါဝင်မဲပေးနိုင်တဲ့၊ ဒါမှမဟုတ်လည်း ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ်က အသနားခံစာ၊ တောင်းဆိုစာတစ်စောင်ကို ထောက်ခံမှုပေးနိုင်တဲ့ ဒီနေ့ကမ္ဘာကြီးမှာ ရွေးကောက်ပွဲတွေကို ပုံမှန်ကျင်းပပြီး လူထုဆန္ဒဖော်ထုတ်ခွင့်ရအောင် ဖန်တီးတည်ဆောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အခြေခံအဖွဲ့အစည်းများနဲ့ ယန္တရားတွေဟာ မဟုတ်တဲ့အချိန်မှာ မဟုတ်တဲ့နေရာကို ရောက်နေကြရသလိုပါ (Wrong Place, Wrong Time)၊ ဗြိတိသျှပါလီမန်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်ဂလတ်စ် ကာစ်ဝဲလ် (Douglas Carswell) က သမားရိုးကျနိုင်ငံရေးလုပ်ငန်းစဉ်တွေကို အခုတော့မရှိတော့ပြီဖြစ်တဲ့ HMV လို့ခေါ်တဲ့ ဗြိတိသျှ သီချင်း၊ ဓာတ်ပြားရောင်းတဲ့ ဆိုင်များနဲ့ နှိုင်းယှဉ်ပြပါတယ်၊ ဒီကနေ့လို လူတွေဟာ သူတို့နားထောင်ချင်တဲ့၊ ဝယ်ချင်တဲ့ သီချင်းတွေကို အင်တာနက်ပေါ်ကနေ ရောင်းတဲ့ ကုမ္ပဏီများကတဆင့် အကြွေးဝယ်ယူကဒ်နဲ့ ဝယ်ယူနိုင်ပြီး အင်တာနက်ပေါ်ကပဲ ရယူပိုင်ဆိုင်နိုင်တဲ့ ကမ္ဘာကြီးမှာ HMV ဆိုင်တွေ မလိုအပ်တော့ပါ၊

ဒီမိုကရေစီအတွက် အရေးအကြီးဆုံးစိန်ခေါ်မှုကတော့ အပေါ်၊ အောက် နှစ်ဘက်စလုံးကမဟုတ်ပဲ ဒီမိုကရေစီစနစ်ရဲ့ အတွင်းဘက်က လာပါတယ်၊ အဲဒါကတော့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်တိုင်ပါပဲ၊ ဒီမိုကရေစီနဲ့ပါတ်သက်ပြီး ပလေတို (Plato) တစ်ချိန်က ခန့်မှန်းပူပင်ခဲ့တဲ့ “နိုင်ငံသားတွေဟာ အခိုက်အတန့်သာယာမှုတွေအပေါ် ကျေနပ်ပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလိမ့်မယ်” ဆိုတာ မှန်ကန်တဲ့ ခန့်မှန်းချက်ဖြစ်နေပါပြီ၊ ဒီမိုကရေစီအစိုးရတွေဟာ  မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကာလတိုတစ်ခုအတွက် လိုအင်ဆန္ဒကို ဖြည့်ဆီးပေးနိုင်ဖို့ အတွက် ပိုက်ဆံတွေ ချေးငှါးရင်း အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံမှုတွေမလုပ်နိုင်ပဲ အကြွေးတွေ၊ ဘတ်ဂျက်လိုငွေပြမှုတွေနဲ့ အမြဲရင်ဆိုင်နေကြရတာ အစဉ်အလာလို ဖြစ်နေပါပြီ၊ ပြင်သစ်နဲ့ အီတလီအစိုးရတွေဟာ ဘတ်ဂျက်လိုငွေပြမှုကို မရပ်တန့်နိုင်တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ၊ ကမ္ဘာ့ငွေရေးကြေးရေးအကြပ်အတည်း (Financial Crisis) က အကြွေးတွေနဲ့ ရပ်တည်ရှင်သန်နေရတဲ့ ဒီမိုကရေစီစနစ်ရဲ့ မတည်ငြိမ်၊ မအောင်မြင်နိုင်မှုကို ထင်ထင်ရှားရှားဖော်ထုတ်ပြသလိုက်ပါတယ်၊

 

တိုင်းပြည်ဘဏ္ဏာထဲက ဖြစ်စေ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက ရတဲ့ ချေးငွေနဲ့ဖြစ်စေ ငွေရေးကြေးရေးအကြပ်အတည်းကို ပြေလည်စေပြီးတဲ့နောက် နိုင်ငံရေးသမားတွေအဖို့ ပုံမှန်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုတွေရှိခဲ့တုံးက၊ ငွေကြေးတွေကို အလွယ်တကူချေးငှါးနိုင်ခဲ့တဲ့ ကာလတွေတုံးက  နှစ်ပေါင်းများစွာ ရှောင်လွဲခဲ့တဲ့ ခက်ခဲတဲ့ လက်ရှိကာလမှာ ချိုးခြံချွေတာပြီး အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်မှုတွေကို မလွဲမသွေဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်၊ ဒါပေမည့်လည်း ပြည်သူလူထုကို ချိုးခြံချွေတာကြဖို့ တိုက်တွန်းရင်း အသုံးစားရိတ်တွေနဲ့ လခတွေကို လျှော့ချတာ ရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ ကိစ္စမဟုတ်ပါ၊

 

ဖွံ့ဖြိုးတိုးတက်မှုနှုံး နှေးကွေးတာနဲ့ တိုင်းပြည်ရဲ့အသုံးစားရိတ်တွေကို ဖြတ်တောက်ကန့်သတ်ရတာတွေက အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို အလုအယက်ပြိုင်ဆိုင်ရတဲ့ ပဋ္ဋိပက္ခတွေကို လှုံ့ဆော်ပေးလိုက်ပါတယ်၊ ပိုပြီးဆိုးတာတာ အဲဒီလိုအကျိုးစီးပွါးပြိုင်ဆိုင်မှုတွေက အနောက်နိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ ပိုပြီးများပြားလာတဲ့ အချိန်တဲ့ တိုက်ဆိုင်ဖြစ်ပေါ်နေတာပါ၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့အသံကို နိုင်ငံရေးသမားတွေက ကြားအောင်ဆောင်ရွက်ရာမှာ လူငယ်တွေထက် အမြဲပိုသာပါတယ်၊ အစိုးရနဲ့ နိုင်ငံရေးသမားတွေကို သူတို့ရဲ့ မဲဆန္ဒပေးနိုင်တဲ့ အင်အားပမာဏကိုပြပြီး ထိထိရောက်ရောက်ဖိအားပေးနိုင်ပါတယ်၊ သူတို့ရဲ့ မဲပေးနိုင်တဲ့ အရေအတွက်ကလည်း အမြဲတိုးပွါးနေတာပါ၊ ဒီမိုကရေစီနိုင်ငံ အတော်များများဟာ အခုဆိုရင် အတိတ်ကာလနဲ့ အနာဂတ်ကာလ အကြားတိုက်ပွဲ၊ အငြိမ်းစားလစာနဲ့ ထောက်ပံ့ကြေးတွေကို ခံစားပိုင်ခွင့်ရှိတဲ့ သက်ကြီးရွယ်အိုများနဲ့ အနာဂတ်အတွက် လိုအပ်နေတဲ့ ရင်းနှီးမြှုတ်နှံမှုများအကြား ပဋ္ဋိပက္ခတွေကို ရင်ဆိုင်နေကြရပါပြီ၊

ပြည်သူတွေရဲ့ နိုင်ငံရေးစနစ်အပေါ်၊ နိုင်ငံရေးသမားတွေအပေါ် သံသယစိတ်တွေ ပိုပြီးကြီးမားလာတာကလည်း ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းနိုင်အောင် လေ့ကျင့်ရတာကို ပိုပြီးခက်ခဲစေပါတယ်၊ ပြည်သူတွေရဲ့ နိုင်ငံရေးပါတီဝင်မှုနှုံးထားဟာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးမှာ လျော့ကျနေပါတယ်၊ ဗြိတိန်နိုင်ငံမှာဆိုရင် ၁၉၅၀ ခုနှစ်များဆီက လူဦးရေရဲ့ (၂၀) ရာခိုင်နှုံးလောက်က နိုင်ငံရေးပါတီဝင်များဖြစ်ခဲ့ကြပြီး ဒီနေ့မှာတော့ စုစုပေါင်းလူဦးရေရဲ့ (တစ်) ရာခိုင်နှုံးသာ နိုင်ငံရေးပါတီဝင်ကြတာ တွေ့ရပါတယ်၊ ရွေးကောက်ပွဲတွေမှာ မဲပေးကြတဲ့ မဲဆန္ဒရှင်များရဲ့ အရေအတွက်ဟာလည်း ကျဆင်းလာပါတယ်၊ ဒီမိုကရေစီနိုင်ငံပေါင်း (၄၉) နိုင်ငံကို လေ့လာကြည့်ရာမှာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ရွေးကောက်ပွဲများမှာ မဲဆန္ဒပေးသူများဟာ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်များအတွင်း မဲဆန္ဒပေးသူများထက် (၁၀) ရာခိုင်နှုံး လျော့နည်းတာတွေ့ရပါတယ်၊ ၂၀၁၂ ခုနှစ်မှာ ဥရောပနိုင်ငံ (၇) နိုင်ငံမှာ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ (၅၀) ရာခိုင်နှုံးကျော်တဲ့ မဲဆန္ဒရှင်များက သူတို့ရဲ့ အစိုးရအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုကြပါတယ်၊ ဗြိတိန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်မှာပဲ ကောက်ခံတဲ့ ပြည်သူ့ဆန္ဒခံယူမှု (Public Opinion Poll) တစ်ခုမှာ ဖြေဆိုသူများရဲ့ (၆၂) ရာခိုင်နှုံးက နိုင်ငံရေးသမားတွေဟာ မုသာဝါဒတွေကိုပဲ တစ်ချိန်လုံးပြောနေကြတယ်လို့ သဘောတူကြပါတယ်၊

 

ဒီအတောအတွင်းမှာပဲ ရယ်စရာတစ်ခုဖြစ်အောင် ဖန်တီးခြင်းနဲ့ တစ်စုံတစ်ရာကို အမှန်တကယ် ဆန့်ကျင်ဆန္ဒပြဖို့ လှုံ့ဆော်ခြင်းတို့ကြားက နယ်နမိတ်စည်းဟာလည်း အလျင်အမြန် ပျက်သုံးနေပါတယ်၊ ၂၀၁၀ ခုနှစ်က အိုင်းစလန်နိုင်ငံ (Iceland) ရဲ့ ရေကြာဗစ်မြို့တော်ကောင်စီ (Reykjavik’s City Council) ရွေးကောက်ပွဲမှာ အနိုင်ရရင် ဗြောင်လာဘ်စားမယ်လို့ အတိအကျကြွေးကြော်မဲဆွယ်ခဲ့တဲ့ “အကောင်းဆုံးပါတီ” (Best Party) က ဒုတိယအကျော့ ယှဉ်ပြိုင်ခွင့်ရဖို့ လုံလောက်တဲ့ ထောက်ခံမဲတွေ ရခဲ့ပါတယ်၊ ၂၀၁၃ ခုနှစ်မှာ အီတလီနိုင်ငံက မဲဆန္ဒရှင်များရဲ့ (၂၅) ရာခိုင်နှုံးက လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဘက်ပီဂရီလို (Beppe Grillo) ခေါင်းဆောင်တဲ့ ပါတီကို မဲပေးခဲ့ကြပါတယ်၊  ပြည်သူတွေကိုယ်တိုင်က အစိုးရတွေဆီက သိပ်ပြီးမမျှော်လင့်ထားဘူးဆိုရင် အဲဒီလို ပြည်သူလူထုရဲ့ နိုင်ငံရေးစနစ်အပေါ် သံသယရှိမှုတွေဟာ ကြံ့ခိုင် ကောင်းမွန်တဲ့ အားတစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါပေမည့် ပြည်သူတွေဟာ သူတို့မယုံကြည်ဘူးဆိုတဲ့ အစိုးရများဆီက အများကြီးရဖို့ ဆက်ပြီးမျှော်လင့်နေကြပြန်တယ်၊ အဲဒီလို သံသယနဲ့ လိုချင်မှုတွေ တစ်ပြိုင်ထဲရှိခြင်းရဲ့ ရလဒ်ကတော့ အဆိပ်အတောက်နဲ့ မတည်ငြိမ်မှုတွေ ရောထွေးနေတဲ့ မသေချာမှု၊ သူတို့မလေးစားတဲ့အစိုးရအပေါ် သူတို့ကိုယ်တိုင်က မှီခိုနေရမှုပါ၊ သူတို့ရဲ့ မှီခိုမှုကြောင့် အစိုးရတွေက အလွန်အကျွံသုံးစွဲတာတွေပြုလုပ်ပြီး ကြွေးမြီတွေပိုပြီးများပြားလာပါတယ်၊ တစ်ချိန်တည်းမှာပဲ လူထုရဲ့ မလေးစားမှုက အစိုးရရဲ့ တရားဝင်လူထုကိုယ်စားလှယ်ဖြစ်မှုကို မှေးမှိန်စေပါတယ်၊ ဒီလိုနဲ့ ဒီမိုကရေစီ ဖရိုဖရဲဖြစ်မှုနဲ့ ဒီမိုကရေစီပန်းနာရင်ကြပ်ရောဟာတို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဖြစ်ပေါ်နေကြပါတယ်၊

ဒီမိုကရေစီရဲ့ မူလအတွင်းသဏ္ဏန်မှာ တည်ရှိနေတဲ့ ပြဿနာတွေက နေရာအနှံ့မှာ ဒီမိုကရေစီဆုတ်ယုတ်မှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကို နားလည်စေပါတယ်၊ ၂၀ ရာစုနှစ်တွေထဲမှာ ဒီမိုကရေစီရှင်သန် အောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ချက်က အမေရိကန်ပြည်ထောင်စုရဲ့ ပြိုင်ဘက်ကင်းတဲ့ အားကောင်းလွှမ်းခြုံမှု (American Hegemony) ဖြစ်ပါတယ်၊ နိုင်ငံအများစုဟာ သဘာဝကျစွာပဲ ကမ္ဘာ့ဦးဆောင် အင်အားကြီးအမေရိကန်နိုင်ငံကို အတုယူကြတယ်၊ ပုံတူကူးချကြတယ်၊ စနစ်ချင်းတူအောင် ကြိုးစားကြတယ်၊

 

ဒါပေမည့် တရုတ်နိုင်ငံ အားကောင်းကြံ့ခိုင်လာပြီး တရုတ်ရဲ့ ကမ္ဘာတစ်ဝှမ်းလွှမ်းခြုံနိုင်မှုတွေ မြင့်မားလာချိန်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံများဟာ ဒီမိုကရေစီစနစ်က စံပြနိုင်ငံများအဖြစ်ကနေ လျောကျခဲ့ကြတယ်၊ ဒီမိုကရေစီ ဖြန့်ကျက်နိုင်စွမ်းတွေ လျော့နည်းလာကြတယ်၊ အမေရိကန်ပြည်ထောင်စုမှာ အိုဘားမားရဲ့အစိုးရဟာ “ဒီမိုကရေစီဖြန့်ကျက်ခြင်းကလည်း အာဏာရှင်အစိုးရတွေ၊ အစွန်းရောက်အစ္စလမ်ဝါဒီတွေကို မွေးဖွားပေးနိုင်တယ်” ဆိုတဲ့ အကြောက်တရားနဲ့ မလှုပ်မရှက်ဖြစ်နေသလို ထင်ရတယ်၊ ပြီးတော့ ကမ္ဘာ့ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အနာဂတ်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ မပြောနဲ့ နှစ်တစ်နှစ်စာ ဘတ်ဂျက်ကိုတောင်မှ အလွယ်တကူ၊ အချိန်မီအတည်မပြုနိုင်တဲ့ အခြေအနေမျိုးမှာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဒီမိုကရေစီကို သူတို့နိုင်ငံများအတွက်သင့်တော်တဲ့ စံပြနိုင်ငံရေးစနစ်အဖြစ် ဘယ်လိုလုပ်ပြီး လက်ခံနိုင်ကြမှာလဲ၊ ဥရောပမှာဆိုရင်လည်း ထိပ်တန်းဥရောပခေါင်းဆောင်တွေက လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို ဖြုတ်ချပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့ အစားထိုးလို့ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွါးရေး ကျဆင်းမှုကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အခြေအနေမျိုးမှာ ဘယ်လို အာဏာရှင်မျိုးက ဥရောပရဲ့ ဒီမိုကရေစီဟောပြောမှုတွေကို နားထောင်ကြမှာလဲ၊

တစ်ချိန်တည်းမှာပဲ ထွန်းသစ်စဒီမိုကရေစီနိုင်ငံများမှာလည်း ချမ်းသာတဲ့နိုင်ငံများမှာလိုပဲ ပြဿနာတွေ တွေ့ကြုံနေရပါတယ်၊ အဲဒီနိုင်ငံတွေမှာလည်း ရေရှည်ကာလအတွက် ရင်းနှီးမြှုတ်နှံမှုတွေမလုပ်ပဲ ကာလတိုအတွက် အလွန်အကျွံသုံးစွဲခဲ့ကြတယ်၊ ဘရာဇီးနိုင်ငံမှာဆိုရင် အစိုးရဝန်ထမ်းတွေကို အသက် (၅၃) နှစ်မှာ အငြိမ်းစားယူဖို့ ခွင့်ပြုခဲ့တယ်၊ ဒါပေမည့် တိုင်းပြည်ရဲ့ ခေတ်နောက်ကျနေတဲ့ လေဆိပ်များကို ပြင်ဆင်မွမ်းမံဖို့၊ ခေတ်မီအောင်လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်၊ အိန္ဒိယနိုင်ငံမှာ အမျိုးမျိုးသော အခွင့်အရေးတောင်းခံသူအုပ်စုများ (Interest Groups) အတွက် ငွေကြေးအမြောက်အများသုံးစွဲနေရပေမည့် တိုင်းပြည်ရဲ့ ခေတ်နောက်ကျနေတဲ့ အခြေခံအဆောက်အအုံတွေအပေါ်မှာ ရင်းနှီးမြှုတ်နှံမှုက နည်းလှပါတယ်၊ ဒီမိုကရေစီစနစ်ဟာ အခွင့်အရေးတောင်းခံသူအုပ်စုများ ရဲ့ သိမ်းပိုက်မှုနဲ့ ဒီမိုကရေစီမဆန်တဲ့ အလေ့အကျင့်များရဲ့ ဖျက်ဆီးမှုတွေကို ခံနေရပါတယ်၊ ပက်ထရစ်ဖရန့် (Patrick French) လို့ခေါ်တဲ့ ဗြိတိသျှသမိုင်းပညာရှင်က အိန္ဒိယ အောက်လွှတ်တော်မှာ အသက် (၃၀) အောက် အမတ်များအားလုံးဟာ နိုင်ငံရေးထိပ်သီးများရဲ့ မျိုးဆက်များ (Political Dynasty) ဖြစ်တယ်လို့ ဆိုပါတယ်၊ အရင်းရှင်လောကရဲ့ ထိပ်သီးခေါင်းဆောင်တွေထဲမှာတောင်မှ ဒီမိုကရေစီအပေါ်ထောက်ခံမှုက ကျဆင်းနေပါတယ်၊

 

အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးထိပ်သီးကြီးများက ပြောပါတယ်၊ “တရုတ်နိုင်ငံရဲ့ အာဏာရှင်စနစ်က အဝေးပြေးလမ်းမကြီးတွေ၊ တောက်ပြောင်ခန်းနားတဲ့ နိုင်ငံတကာလေဆိပ်ကြီးတွေ၊ မြန်နှုံးမြင့်ရထားတွေ တည်ဆောက်ပေးနေချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြဿနာပေါင်းစုံလှတဲ့ ဒီမိုကရေစီစနစ်က ပုတ်သိုးဆွေးမြေ့နေတဲ့ အခြေခံအဆောက်အအုံတွေကိုပဲ ဖန်တီးပေးတယ်၊” တဲ့၊

 

ဒီမိုကရေစီစနစ်ဟာ နောက်ပြန်ဆုတ်ရတဲ့အခြေအနေမျိုးနဲ့ အရင်တုန်းကလည်း ကြုံခဲ့ဘူးပါတယ်၊ ၁၉၂၀ ခုနှစ်များနဲ့ ၁၉၃၀ ခုနှစ်များမှာ ကွန်မြူနစ်ဝါဒနဲ့ ဖက်ဆစ်ဝါဒတွေကို အလားအလာကောင်းတယ်လို့ ထင်ခဲ့ကြဘူးပါတယ်၊  စပိန်နိုင်ငံမှာ ၁၉၃၁ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီအစိုးရကို အခိုက်အတန့်အားဖြင့် ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်၊ အဲဒီတုံးက မူဆိုလိုနီ (benito Mussolini) က ပါလီမန်ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာတာကို လျှပ်စစ်ခေတ်ကြီးမှာ ဆီမီးခွက်ထွန်းရတဲ့ ဘဝကို ပြန်သွားတာပဲလို့ ရှုပ်ချခဲ့ဘူးပါတယ်၊ ၁၉၇၀ ခုနှစ်များအလယ်လောက်မှာ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့် (Willy Brandt) က “အနောက်ဥရောပနိုင်ငံများမှာ ဒီမိုကရေစီရှင်သန်ဖို့ နောက်အနှစ် ၂၀ သို့မဟုတ် ၃၀ လောက်ပဲ ကျန်တော့တယ်၊ အဲဒီနောက်မှာ အနောက်ဥရောပဟာ မောင်းနှင်အားမဲ့၊ အခုအခံမဲ့ဖြစ်ပြီး ပါတ်ဝန်းကျင်က အာဏာရှင်စနစ်ပင်လယ်ကြီးထဲကို ကျဆင်းသွားလိမ့်မယ်” လို့ ဟောကိန်းထုတ်ခဲ့ပါတယ်၊ ဒီနေ့အချိန်မှာ အခြေအနေက အဲဒီလောက်တော့ မဆိုးသေးပါ၊ ဒါပေမည့် တရုတ်ရဲ့ စီးပွါးရေးတိုးတက်မှုနဲ့ နိုင်ငံရေးဩဇာဖြန့်ကျက်မှုတွေက ဒီမိုကရေစီစနစ်ကို ကွန်မြူနစ်ဝါဒက ခြိမ်းခြောက်နိုင်ခဲ့တာထက် ပိုပြီးကြီးကြီးမားမား ခြိမ်းခြောက်နေတာ အထင်အရှားပါ၊

တကယ်တော့ တရုတ်နိုင်ငံရဲ့ အံ့ဩစရာကောင်းလှတဲ့ အောင်မြင်မှုတွေကလည်း ပိုပြီးနက်ရှိုင်းတဲ့ ပြဿနာတွေကို ဖုန်းကွယ်ထားတာပါ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လွန်ကဲပြီး ကိုယ်ကျိုးစီးပွါးဦးစားပေးတဲ့ အုပ်စုတွေဖြစ်လာကြပါတယ်၊ တရုတ်ပြည်ရဲ့ လွှတ်တော်ဖြစ်တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (China’s National People’s Congress) အဖွဲ့ဝင်တွေထဲက အချမ်းသာဆုံး ပုဂ္ဂိုလ် (၅၀) ပေါင်းပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၉၄ ဒဿမ ၇) လောက် ကြွယ်ဝချမ်းသာကြပါတယ်၊ အဲဒီပမာဏဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အချမ်းသာဆုံး လွှတ်တော်အမတ် (၅၀) စုပေါင်းပိုင်ဆိုင်တာထက် အဆပေါင်း (၆၀) ပိုများပါတယ်၊ တရုတ်နိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရင်တုံးက (၁၀) ရာခိုင်နှုံးလောက် ရှိခဲ့ရာကနေ (၈) ရာခိုင်နှုံးအထိ ကျဆင်းလာခဲ့ပြီး ဆက်လက်ပြီး ကျဆင်းမဲ့အခြေအနေရှိပါတယ်၊ ဒါဟာဖြင့် စီးပွါးရေးပုံမှန်တိုးတက်မှုတွေနဲ့ ပြည်သူလူထုလက်ခံအောင် ကြိုးစားနေရတဲ့ တရုတ်ကွန်မြူနစ်အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ၊

 

တစ်ချိန်တည်းမှာပဲ ၁၉ ရာစုနှစ် ပြင်သစ်နိုင်ငံရေးအတွေးအခေါ်ရှင် အလက်ဆစ် ဒီတော်ကူဗဲလ် (Alexis de Tocqueville) က “ဒီမိုကရေစီစနစ်ဟာ အမြဲတမ်းပဲ အမှန်တကယ်ထက်ပိုပြီး အားနည်းတယ်လို့ မြင်ရလိမ့်မယ်” လို့ ညွှန်ပြခဲ့သလိုပါပဲ၊ အပေါ်ယံမှာ စိတ်ရှုပ်ထွေးစရာကောင်းလှတဲ့ ပြဿနာတွေနဲ့ မြင်တွေ့နေရပေမည့် ဒီမိုကရေစီစနစ်မှာ အလွယ်တကူမမြင်တွေ့ရတဲ့ ခွန်အားတွေအများကြီး ရှိနေပါသေးတယ်၊ တကယ်တော့လည်း ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ပြည်သူမကြိုက်တော့တဲ့ ခေါင်းဆောင်ကို ဖယ်ရှားပြီး ခေါင်းဆောင်အသစ်တင်မြှောက်လို့ မူဝါဒအသစ်တွေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဦးဆောင်ဖြေရှင်းစေနိုင်တာကိုက ဒီမိုကရေစီစနစ်က အာဏာရှင်စနစ်ထက် အများကြီးပိုကောင်းမွန်နေပါပြီ၊ အထူးသဖြင့် ပြဿနာများကို ဖြေရှင်းဖို့ ပိုမိုကောင်းမွန်တဲ့နည်းလမ်းများကို ရှာဖွေကြရာမှာ၊ အင်မတန်ကြီးမားလှတဲ့ စိန်ခေါ်မှုတွေကို တိုးမြှင့်ရင်ဆိုင်ရာမှာ ဒီမိုကရေစီက အာဏာရှင်စနစ်ထက် ပိုပြီးသာလွန်ပါတယ်၊ ဒါပေမည့်လည်း မှန်ကန်တဲ့ မူဝါဒနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းများဆီ မရောက်မီ ရှေ့တိုးရ၊ နောက်ဆုတ်ရတဲ့ ကာလတစ်ခုကိုတော့ မလွဲမသွေဖြတ်သန်းရမှာပါ၊ ဒါပေမည့် ဒီမိုကရေစီစနစ် ခိုင်မာပြီးသားနိုင်ငံများမှာရော၊ စတင်ကျင့်သုံးစနိုင်ငံများမှာရော၊ အောင်မြင်မှုတွေရဖို့ ဒီမိုကရေစီကို ခိုင်မာတဲ့ အခြေခံပေါ်မှာ တည်ဆောက်ရမှာဖြစ်ပါတယ်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts