Uncategorized

Maung Luu Pay – Essay

ညီညွတ်ကြမှသာ
မောင်လူပေ
ဇွန် ၁၆၊ ၂၀၁၃

Photo by : Sudeep Mehta
မောင်လူပေတို့ရဲ့  ရွှေနိုင်ငံတော်ကြီးမှာ အသွင်ပြောင်း အစိုးရမင်းတို့တက်လာပြီဆိုပေမဲ့ အသွင်မပြောင်းနိုင်သေးတဲ့ အယူအဆတွေ၊ လိမ် ညာ ခြစားမှုတွေအပြင် ဘယ်တော့မှ မရိုးနိုင်မဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတည်းမှုအခြေခံတွေကြောင့် နိုင်ငံရဲ့ ပုံရိပ်၊ အထူးသဖြင့် သာသ နာတော်ရဲ့ ပုံရိပ်တွေ ညစ်နွမ်းနေရတာ တွေ့ မြင် ကြားသိနေရတဲ့ အတွက်ဆရာတော်ကြီးတွေ စုပေါင်းပြီး သြဝါဒခံယူပွဲတစ်ခု ပြုလုပ်ခဲ့တာ တွေ့ရတဲ့အတွက် အလွန်ပင် ဝမ်းသာကြည်နူးမိပါတယ်။
တဖက်ဘာသာမှလည်း မော်လဝီအသင်းပေါင်းစုံ စုပေါင်းဆွေးနွေးပြီး သူတို့ရဲ့ ဘာသာဝင်များကို ငြိမ်းချမ်းစွာအတူနေထိုင်ကြဖို့၊ ဘာသာရေး အခန်းအနားတွေကိုတောင်အကျဉ်းရုံး ဆောင်ရွက်ကြဖို့  နှိုးဆော်နေတာ တွေ့ မြင်နေရလို့  ဝမ်းသာရပါတယ်။
သို့သော်လည်း အပြည့်ဝမ်းမသာနိုင်သေးတာကတော့ ဒီလို နှစ်ဖက်ဘာသာများမှခေါင်းဆောင်တို့ရဲ့သင်ကြားမှု၊ ဆိုဆုံးမမှုများကိုမနာခံပဲ ထင်ရာစိုင်းပြီး မိုက်တွင်းနက်နေသေးတဲ့လူတစုကြောင့်ပါ။ ဒီလူတွေဟာ ခပ်ညံ့ညံ့လူတွေမဟုတ်ပဲ မြန်မာပြည်မှာ အနည်းစုသာ လက်လှမ်း မှီိတဲ့ အင်တာနက်လိုနေရာမှာတောင် ဝက်ဆိုက်မျိုးစုံ၊ ဖေ့ဘွတ်အကောင့်ပေါင်းစုံနဲ့ တွင်ကျယ်နိုင်သူတွေဖြစ်နေတာကလဲ ပိုပြီးအံ့သြစရာပါ။
ပြည်တွင်းထဲမှာ တုတ်၊ ဓါးကိုယ်စီ လက်မှာကိုင်ရင်း အုပ်စုလိုက်သောင်းကျန်းနေတဲ့ပုံတွေနဲ့ ကူညီပါရစေဆိုတဲ့ကိုကိုများကိုယ်တိုင်  ဒီလိုအ ကြမ်းဖက်မှုတွေကို ရပ်ကြည့်နေကြတဲ့ပုံမျာလည်း အင်တာနက်မှာ နေ့မဆိုင်းပဲ တွေ့နေရတာပါ။  တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖေါ်ဆောင်ရွက်ရမဲ့သူများက တောင်ကြောက်ရွံ့ရတဲ့သူများလို့တောင် ထင်မြင်ရပါတယ်။
တိပိဋိကဆရာတော်၊ မစိုးရိမ်ဆရာတော် စတဲ့  သာသနာရဲ့ နေလို လလို ထင်ရှားသောဆရာတော်ကြီးများကိုထောင်သွင်း အကျဉ်းချခဲ့စဉ် ၁၉၉၀ ကာလများနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအချိန် ရဟန်းတော်များစွာသတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ခံခဲ့ရချိန်များမှာ ကိုယ်နဲ့ မ ဆိုင်သလိုနေခဲ့ကြတဲ့ဒီလူတွေက ခုပဲ သာသနာတော်ပျောက်ကွယ်တော့မယောင်၊ လူမျိုးတုံးတော့မယောင် အသံကောင်းဟစ် ပြနေကြတာ ကြားရတာကလည်း မရီရတဲ့ ခပ်ညံ့ညံ့ပျက်လုံးတွေ နားထောင်နေရသလိုပါပဲ။
နေ့စဉ်လိုလို ဆင်းရဲတွင်းနက်ပြီး ဒုက္ခပေါင်းစုံနဲ့  ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပြည်သူအများစုကြီးမှာလည်း သူတို့တွေရဲ့  ကောလာဟာလ ပေါင်းစုံကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရဆိုတဲ့ ဒုက္ခတမျိုးတိုးပြီး ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိ ဖြစ် နေရှာရပါတယ်။
တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နိုင်ငံတခုရဲ့လွှတ်တော်မှာ အရေးကြီးတဲ့ကော်မတီတခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုဖေါ်ဆောင်ရေးဆိုတဲ့ ကော်မတီဥက္ကဌက မည်သို့ပင် အကြံပြုစေကာမူ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ အကောင်အထည်ဖေါ်နိုင်မှု အားနည်းခြင်း၊ အထက် အမိန့်ဆိုတဲ့ အာဏာစီးဆင်းမှုလမ်းဟောင်းကြီးအတိုင်းလိုက်ပါရင်း မိမိတာဝန် ဘာလည်းဆိုတာ မသိနိုင်ပဲဖြစ်နေခြင်းတို့ကြောင့် တိုးတက်မှူ လမ်းစ မမြင်နိုင်ပဲရှိနေရတာပါ။
သန့်ရှင်းသော အစိုးရနဲ့  ကောင်းမွန်သော အစိုးရတရပ်ဖြစ်အောင် ကြိုးပမ်းနေပါတယ်ဆိုတဲ့ အစိုးရမင်းများအနေနဲ့လည်း နိုင်ငံတကာမှာ မျက်နှာပျက်စရာတွေ ဖြစ်ရသလိုမြန်မာပြည်ရဲ့တိုးတက်ရေးအတွက် အထူးလိုအပ်ချက်တခုဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပါ အဟန့် အတားဖြစ်စေမှာ အမှန်ပါပဲ။ ငြိမ်းချမ်းမှုအားနည်းတဲ့နိုင်ငံတခုကို ဘယ်လိုလုပ်ငန်းရှင်မျိုးကမှ ရင်းနီးမှုပြုရဲကြမည် မထင်ပါ။
ဒါ့အပြင်လည်း အငြိမ်းချမ်းဆုံးဘာသာတခုအဖြစ် ကမ္ဘာကြီးက အသိအမှတ်ပြုခြင်းခံရတဲ့ဘာသာတခုရဲ့ ပုံရိပ်တွေဟာ ဒီလူတစုရဲ့  လူမဆန် မှုများကြောင့် ဂုဏ်သိက္ခာတွေကြဆင်းပြီးပုံရိပ်တွေ အိုးမဲသုတ် ဖျက်ဆီးခံနေရပါတယ်။ အချို့ဆရာတော်များကိုယ်တိုင်လည်း ဒီလူတွေရဲ့  အသုံးချမှုကို ခံနေရပါတယ်။
မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကိုထိုးခွဲဖို့ကြံစည်နေသူများ၊ နောက်ကြောင်းပြန်လှည့်ရေးအတွက်အမျိုးသားရေးကို ခုတုံးလုပ်နေသူများ ၏ ထောင်ချောက်ဟောင်းကြီးအတွင်း မဝင်မိကြစေပဲငြိမ်းချမ်းရေး၊ အမျိုး ဘာသာ သာသနာရေးများကိုဖေါ်ဆောင်နေသော ဆရာတော် ကြီးများနှင့်လက်တွဲပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုဆက်လက်တည်ဆောက်ကာ ထိုဒေဝဒါတ်လက်သစ်လူတစုအား ညီညွတ် စွာ ဆန့်ကျင်ကြပါစို့ဟုတိုက်တွန်းရင်း ယခင်စစ်အစိုးရလက်ထက်က ထောင်သွင်းအကျဉ်းချခံခဲ့ရသည့် မကြာမီကမှ ဘဝနတ်ထံပျံလွန် တော်မူခဲ့သောမစိုးရိမ် ဆရာတော်ကြီး ဦးရာဇဓမ္မရဲ့ သြဝါဒကထာတခုကို ပြန်လည်ဝေမျှလိုက်ပါတယ်။
“မင်းတို့ အခုလောကမှာက တဦးနဲ့တဦး သဘောထား ကွဲလွဲနေကြတယ်ဆိုရင် ပိုပြီးကွဲလွဲကြအောင် ဝင်ပြီးမြှောက်ပေးနေကြတာမျိုး ဖြစ် နေတယ် မဟုတ်လား။ ရန်ဖြစ်သည်ထက်ဖြစ်အောင် လုပ်နေကြတာတွေ တွေ့နေရတယ်။ ဘုရားကတော့ သဘောထားကွဲနေရင် သဘော ထား ညီညွတ်သွားအောင် စေ့စပ်ပေးကြပါတဲ့။ ဒါဟာ သီလပဲ။ စူဋ္ဌသီလလို့ ခေါ်တယ်။
နောက်ပြီး တခုကတော့ နဂိုမူလကတည်းက ညီညွတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ပိုပြီးညီညွတ်အောင် အားဆင့်ပေးကြပါတဲ့။ အဲဒီလို အားဆင့်ပေးပါ။
မညီညွတ်သူတွေကိုလည်း စေ့စပ်ပေး၊ ညီညွတ်နေရင်လည်း ပိုအားပေး၊ ဒီလိုမျိုးအားထုတ်ကြမှသာ ဇာတိဖြစ်တဲ့ မြန်မာနိုင်ငံက ကောင်းမွန် တိုးတက်မှာဖြစ်တယ်။ ဒီအတိုင်း ရန်ဖြစ်နေလို့ကတော့ မကောင်းဘူး။ သေချာတယ်။

မြန်မာပြည်မှာ ငါတို့တွေအားလုံးက ညံ့ကြလို့ပါကွာ။ အသိဥာဏ်ပညာ အားနည်းကြတယ်။ ဒါကြောင့် အနည်းဆုံးတော့ စူဋ္ဌသီလလေး ၂ ခုတော့ မြဲအောင်လုပ်ကြ။ မညီညွတ်နေရင် ညီညွတ်အောင် ဝိုင်းလုပ်ပေး။ ညီညွတ်နေကြပြီဆိုရင်လည်း ပိုပြီးအားကောင်းအောင်ဝိုင်းအား ပေး” …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts