>Aung Way , Letter From Michigan – 71

>

မစ်ရှီဂန်ကပေးတဲ့စာ – ၇၁
အောင်ဝေး
ဇွန် ၄၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း …

ကျန်းခံ့များလည်းသာပါရဲ့နော်။ ကျနော်မကြာသေးခင်တုန်းက ကျနော်ရဲ့အထက်တန်းကျောင်းသားဘ၀က အတွေ့အကြုံတချို့ကိုပြောခဲ့တယ်။ အခု တက္ကသိုလ်မှာကြုံခဲ့ရတဲ့ ဆရာနဲ့ တပည့် ဆက်ဆံရေးထဲက မမေ့နိုင်စ ရာတချို့ကို ပြောကြည့်မယ်ဗျာ။

ကျနော်ဆယ်တန်းအောင်တော့ တက္ကသိုလ်မှာ မြန်မာစာအဓိကယူတယ်။ ပုသိမ်ကောလိပ်ရောက်တယ်။ အဲဒီ မှာ ပုသိမ်ကောလိပ်ကျောင်း အုပ်ကြီးက ဆရာတက္ကသိုလ်ဘုန်းနိုင်ပေါ့ ဗျာ။ ၁၉၇၃ ကနေ ၇၆ အထိ ကျနော် ပုသိမ်ကောလိပ်မှာ တက်ခဲ့တယ်။ အဲဒီခေတ်က ပုသိမ်ကောလိပ်ကို ‘‘မြ၀ါးရုံ” ၊ ‘‘မြ၀ါးရုံရိပ်” လို့ တင် စားခေါ်ကြတယ်။ မြ၀ါးရုံရိပ်မှာ စာရေးဆရာကျောင်းအုပ်ကြီးနဲ့ ကျနော် တို့ စာပေ၀ါသနာ ပါတဲ့ကျောင်းသား တသိုက်က ချစ်ချစ်ခင်ခင်ပါပဲ။ ကျနော်တို့က ဆရာကြီးကို ရိုသေလေးစားသလို၊ ဆရာကြီးကလည်း ကျနော် တို့အပေါ် နွေးနွေးထွေးထွေးတုန့်ပြန်ပါတယ်။

ကံမကောင်း အကြောင်းမလှချင်တော့၊ ကျနော်တတိယနှစ်၊ ၁၉၇၆ မတ်လထဲမှာ ကျောင်းသားအရေး ကိစ္စတခုဖြစ်လာပါတယ်။ ဒီအရေးမှာ ကျနော်တို့ စာပေ၀ါသနာပါတဲ့လူသိုက် က ခေါင်းဆောင်ပိုင်းကပါဝင်လာ ရပါတယ်။ အဲဒီမှာ ကျောင်းအုပ်ကြီး ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ကျနော်တို့ ထိပ်တိုက်တွေ့ ကြရတော့တာပါ။

တဖက်မှာက ဆရာတက္ကသိုလ်ဘုန်းနိုင်မှာ လည်း၊ ကျောင်းအုပ်ကြီးဆိုတဲ့ကျောင်းအုပ်ချုပ်ရေး အာဏာပိုင်က လည်းဖြစ်နေ တာဆိုတော့၊ ကျောင်းသားအရေးတောင်းဆိုတဲ့ကျနော် တို့နဲ့ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင် ထိပ်တိုက်ဖြစ်ကုန်တာ မဆန်းဘူးပေါ့ဗျာ။

တိုတိုပြောရရင်၊ မတ်လ (၂၃) ရက် မှိုင်းရာပြည့်အရေးအခင်းနဲ့ တက္ကသိုလ်၊ ကောလိပ်တွေပိတ်လိုက်ပြီဆို တဲ့အချိန်မှာ၊ ကျနော်တို့ ပုသိမ်ကောလိပ် သပိတ်မှောက်ကျောင်းသားတွေလည်း၊ ပုဒ်မ ၅ (ည) နဲ့ အ ကျဉ်းထောင်ထဲရောက်ကုန်တော့တာပါပဲ။

တရားခွင်မှာ ကျနော်တို့ကျောင်းအုပ်ကြီး ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ ပြန်ပြီးမျက်နှာချင်းဆိုင်ကြရပါတယ်။ ဆရာကြီးကတရားလိုပြသက်သေ အဖြစ်နဲ့။ ကျနော်တို့က တရားခံအဖြစ်နဲ့။ ဒါက ၁၉၇၆ ကအဖြစ်အပျက်။

ကိုဒေါင်းရေ … မြန်မာ့နိုင်ငံရေးက ဆန်းကြယ်ပါတယ်။ ၁၉၈၈-ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တော့၊ ကျနော်တို့ ၁၉၇၄-၇၅-၇၆ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ က၊ ကိုမင်းကိုနိုင်တို့ ၊ ကိုမိုးသီးဇွန်တို့ ကျောင်းသား အင်အားစုကို ၀ိုင်းရံ ကူညီနေတဲ့အချိန်။

သမဂ္ဂတွေအသီးသီး ဖွဲ့ပြီး၊ လူတိုင်း လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့အချိန်။ အဲဒီအချိန်မှာ တက္ကသိုလ်ဆရာများ သမဂ္ဂ ဆိုပြီး တိုက်ပွဲခေါ်သံ ထွက်ပေါ်လာပါတယ်။ သူငယ်ချင်း တက္ကသိုလ် ကျောင်းဆရာတွေလည်း အင်တိုက် အားတိုက် ပါလာတာပေါ့။ ကြည့်လိုက်တော့ အဲဒီမှာ နာယကတဦးက၊ ကျနော်တို့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ဖြစ်နေတာပါပဲ။

ဒီသတင်းကြားပြီး သိပ်မကြာပါဘူး။ ရန်ကုန်တမြို့လုံးမှာ တက္ကသိုလ်ဆရာများသမဂ္ဂ၊ နာယကကြီး ဆရာတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ တိုက်ပွဲဝင် မဟာလေးချိုးကဗျာကြီး တပုဒ်၊ လူထုကြား ပျံ့ နှံ့ သွားပါတော့တယ်။

ကိုဒေါင်းရေ၊ လေးသံ မြှားသံတွေစဲတော့ ကျနော်တို့လည်း ကိုယ့်စာပေလောကကိုပြန်လာကြတာပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ဆရာကြီး ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုလည်း စာပေလောကသားတဦး အဖြစ်နဲ့ ကျနော် တို့ ပြန် ဆုံတွေ့ရတာပေါ့ဗျာ။ အရေးတော်ပုံကြီး အပြီးမှာ ဆရာတက္က သိုလ်ဘုန်းနိုင်၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်ကနေ ရပ်စဲခံခဲ့ရတာပါ။

ကိုဒေါင်းရေ … ပုသိမ်အကျဉ်းထောင် တရားခွင်မှာ တရားလို၊ တရားခံအဖြစ်နဲ့ မျက်နှာချင်း ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့၊ အခုလို ဆရာနဲ့ တပည့်စာ ပေအ၀န်းအ၀ိုင်းမှာ လက်ဖက်ရည်ဆိုင် အတူထိုင်ကြတဲ့ အနေအထားက၊ အများကြီး ပြောင်းလဲ ခြားနားသွားပြီ မဟုတ်လားဗျာ။

ကျနော်တို့လိုပဲ အခြားဆရာ၊ အခြားတပည့်တွေရဲ့ လွမ်းစရာအကွက်တွေလည်း အများကြီးရှိပါသေးတယ်။ ကျနော် လက်လှမ်းမီသလောက် ကျနော်တို့ ၇၄-၇၅-၇၆ မျိုးဆက်ထဲက တယောက် ဖြစ်တဲ့ ကိုအောင်စောဦးတို့ရဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဆိုပါတော့။

အဲဒီကာလ ကျောင်းသားတိုက်ပွဲတွေ တခြိမ်းခြိမ်းကြားမှာ၊ သူတို့ ဆေးကျောင်းမှာလည်း ဆရာနဲ့ တပည့် ထိပ်တိုက် တွေ့တာမျိုး ဖြစ်လာတာပေါ့။ အဲဒီတုန်းက သူတို့ ကျောင်း အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ထဲမှာ မော်ကွန်းထိန်း ဆရာဦးတင်ထွတ်လည်း တဦး အနေနဲ့ ပါတာပေါ့ ။

ဒီတုန်းက ထိပ်တိုက် တွေ့ခဲ့ကြတဲ့ဆရာ တပည့်၊ ဆေးကျောင်းသားနဲ့မော်ကွန်းထိန်း၊ ရှစ်လေးလုံး အရေးတော်ပုံကြီးပြီး လို့၊ ကျနော်တို့နှစ် ထပ် သင်္ဘောကြီးစီးလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ၊ ဧရာဝတီတိုင်း စည်းရုံးရေး ခရီးစဉ် ထွက်ကြတော့၊ သင်္ဘောပေါ်မှာ ဆရာဦးတင်ထွတ်နဲ့ ကိုအောင်စောဦးတို့  ဆရာတပည့်ကို NLD အဖွဲ့ ၀င်တွေအဖြစ်နဲ့ အတူ တွဲတွေ့လိုက်ကြရတာပါပဲ။

ကိုဒေါင်းရေ၊ ဆရာဦးတင်ထွတ် ဆိုတာက နိုင်ငံရေး အစိုးရ လက်ထက်တုန်းက၊ ဗကသ၊ တကသကျောင်းသားေ ခါင်းဆောင်တဦးပေါ့။ တော်လှန်ရေးကောင်စီအာဏာ သိမ်းတဲ့ မဆလခေတ်မှာ၊ တက္ကသိုလ်တွေမှာ အုပ်ချုပ်ရေးမှူး၊ မော်ကွန်းထိန်း စတဲ့ ရာထူးတွေ ၀င်လုပ်ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေထဲမှာ ဆရာဦးတင်ထွတ် ပါခဲ့တာပါ။ နောက်ဆုံးတော့ ဆရာဦးတင်ထွတ်၊ ၉၀ ရွေးကောက်ပွဲမှာ NLD အမတ်တဦး အနေနဲ့ အိမ်မဲကနေ အနိုင်ရခဲ့တာပဲ မဟုတ်လား။ ကိုဒေါင်းရေ၊ ကျနော်တို့နဲ့ တက္ကသိုလ်မှာ ဆရာတပည့်မဟုတ်ခဲ့ပေမဲ့၊ ဒီလိုမျိုး ပါပဲ။ တော်လှန်ရေးကောင်စီ တက်လာတုန်းက ထောက်ခံခဲ့တဲ့ ဗကသ၊ တကသ ကျောင်းသားခေါင်းဆောင် ကိုခင်မောင်အုန်း ဆိုရင်လည်း၊ စက်မှုတက္ကသိုလ်မှာ အုပ်ချုပ်ရေးမှူး ၀င်လုပ်ခဲ့တာပါ။

မြန်မာ့နိုင်ငံရေးက ဆန်းကြယ်တယ် ကိုဒေါင်း …။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့  ထိတွေ့လိုက်တဲ့အခါ၊ လူတိုင်းဟာ အမှန်တရား ဘက်တော်သားတွေ၊ ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်လာခဲ့ကြတာပါ။ ကျောင်းသား ခေါင်းဆောင်ဟောင်းကြီး ဆရာဦးခင်မောင်အုန်းလည်း၊ စာရေးဆရာမိုးဟိန်းကို အဖြစ်နဲ့ ကွယ်လွန်တဲ့ အချိန်အထိ ကျနော်တို့နဲ့ လက်တွဲခဲ့တာပဲ မဟုတ်လား ကိုဒေါင်းရေ …။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
အောင်ဝေး

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts