Junior WIn စာအုပ်စင်

Junior Win – 3rd Digital Book in Burmese


ကျမ၏ တတိယမြောက်ဒစ်ဂျစ်တယ် စာအုပ်

ဂျူနီယာဝင်း၊ မေ ၁၈၊ ၂၀၁၃

စာဖတ်သူများသို့ …

ကျွန်မ၏ တတိယမြောက် ဒစ်ဂျစ်တယ်စာအုပ်ဖြစ်ပါသည်။ သည်တခါတော့ ဗမာလိုဆောင်းပါးများသာ ပါဝင်ပါသည်။ အတွေးအမြင်နှင့် မဂ္ဂဇင်းဆောင်းပါး ၉၆ပုဒ် စုစည်းမှု ဖြစ်ပါသည်။ ကျွန်မ၏ဆောင်းပါး အက်ဆေးများ မဖတ်လိုက်ရ မရှိရလေအောင် ကြိုးစားပြီး လုပ်ဆောင်မှုဖြစ်သည်။ စာမူများကို အပ်ခြင်းနှင့် ပရု့ဖ်ဖတ်ခြင်းများကို ကျွန်မကိုယ်တိုင် အကုန်အကျခံ လုပ်ထားတာဖြစ်ပြီး နောက်ပိုင်းကိစ္စများကို (မိုးမခမီဒီယာ) က တာဝန်ယူထားပါသည်။ အင်တာနက်ခေတ်ကြီးကို တကယ်ပဲ ကူးပြောင်းခဲ့ပြီဆိုရင်ဖြင့် ကျွန်မစာဖတ်သူများအားလုံး တစ်ယောက်မကျန် သည် ဟောဒီ ဒစ်ဂျစ်တယ်စာအုပ်လေး၊ အားလုံးလက်ဝယ်ရောက်ခဲ့ပြီဟု ယုံကြည်ရမည်ဖြစ်ပါသည်။

ခေါင်းစဉ်ကို ၉၆+ဟု ပေးထားသည့် အဓိပ္ပါယ်မှာ အတွေးအမြင်ဆောင်းပါး အရည်အတွက် ၇၆ ပုဒ် နှင့် မဂ္ဂဇင်းဆောင်းပါးများ အပုဒ် ၂၀ ပေါင်းကို ၉၆ ဟု ဆိုလိုပါသည်။ + ကတော့ ကျွန်မ၏ ပထမဦးဆုံး အင်္ဂလိပ်လိုဒစ်ဂျစ်တယ်စာအုပ်ဖြစ်သော Walking Through The Wonderland တွင်ဖော်ပြခဲ့သော ဆောင်းပါးတချို့ကို ဘာသာပြန်ထားသည်များကို ဆိုလိုပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ထို ၉၆ ဆိုတာ ကျွန်မအတွက် အဓိပ္ပါယ်များနှင့် ဖြစ်နေပါသည်။ ကျွန်မ စာတွေစရေးတာ ၉၆ ခုနှစ် ပါ။ ဘဘကြီးဦးခင်မောင်လတ် ကွယ်လွန်ခဲ့တာ ၉၆ ခုနှစ်ပါ။ အခု ပြည်တွင်းကပါခဲ့သော စာမူတွေစုလိုက်တော့ ၉၆ ပုဒ် ဖြစ်နေပါသည်။

ပေးထားသောLinkအတိုင်း သွားပါက ကျွန်မ၏ စာအုပ်ကို တွေ့ကြရမည် ဖြစ်ပါသည်။ စာအုပ်ကို Free ( အခမဲ့ဒေါင်းလုပ်) ပေးမည့်ရက် သတ်မှတ်ထားသောကြောင့် ကျွန်မ၏စာဖတ်သူများလည်း ထိုရက်များအတွင်းတွင် အလွယ်တကူ ရယူနိုင်ကြပါစေဟု မျော်လင့်မိပါသည်။

 “ပျော်ဖို့အတွက်သက်သက် စာဖတ်သူ

ပျော်ဖို့အတွက်သက်သက် စာရေးသူ

အခြားဘာရည်ရွယ်ချက်မှလည်း မထားသူ

ဒီကိုသာလာခဲ့ပါ၊ လာခဲ့ပါ၊ လာခဲ့ပါ။

ဟောဒီမှာ   မင်းလိုအရူးတစ်ယောက်  ရှိပါရဲ့။“

ဂျူနီယာဝင်း

(မိုးမခမှတ်ချက် – ဒီစနေ တနင်္ဂနွေမှာ အမဇုံဝက်ဆိုက်က Kindle စာမျက်နှာကို လာခဲ့ပါ။ သူ့စာအုပ်အသစ်ကို ၂ ရက်လုံးလုံး ဖရီးဒေါင်းလုပ်ပေးထားမှာ ဖြစ်ပါတယ်။ မိုးမခက ဘာလို့ ဒီလိုမျိုး အီးဘုတ်တွေ လျောက်လုပ်ပြီး အမဇုံမှာ တင်ရောင်းနေတာလဲလို့ မေးကြပါတယ်။ ပုံနှိပ်စာအုပ်နဲ့ ထုတ်ရောင်းဖို့ အခက်အခဲရှိတာက တကြောင်း၊ စာရေးသူတွေရဲ့ စာပေတွေကို သူ့နည်းသူ့ဟန်နဲ့ (ခွင့်ပြုချက် ရှိမရှိတော့ မသိ) ဖရီးအီးဘုတ်တွေကလည်း ထွက်နေတာကလည်းတကြောင်း၊ ခိုးကူးခွေ ခိုးဖြန့်ခွေအဆင့်ကနေ အလကားကူးတဲ့ ဖြန့်တဲ့ စာအုပ်စာပေတွေဖြစ်လာရင် စာနယ်ဇင်းလောကရဲ့ မဏ္ဍိုင်ဖြစ်တဲ့ စာရေးသူ အနုပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ သုတေသနပညာရှင်တွေရဲ့ စာအုပ် စာပေတွေ ထုတ်လုပ်မှု၊ ဖြန့်ချိမှု၊ စုဆောင်းမှု၊ ဥာဏ်ပူဇော်ခရရှိမှုများ ရေရှည်မှာ အားနည်း နိမ့်ကျမှာ စိုးရိမ်တာက တကြောင်းပါ။ နိုင်ငံတကာမှာ စနစ်တကျရှိထားတဲ့ Amazon Kindel e-book ထုတ်လုပ်မှုမှာ တင်ဆက်ပြီးတော့ စုစုဆောင်းဆောင်း သိမ်းဆည်း တင်ဆက် ရှာဖွေ အားပေးနိုင်ဖို့ ခြေလှမ်းပါပဲ။ စာဖတ်သူ စာရေးသူများ အားလုံးကို မိုးမခက ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်။ မိုးမခက ထုတ်ခဲ့တဲ့ စာတွေကိုလည်း အီးဘုတ်မှတ်ပုံတင်ပြီး ဆက်လက် ဖြန့်ချိပါဦးမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts